ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးပွဲ တိုင်ကြားမှု ထားဝယ်ခရိုင်တွင် ၁၀ ခု

0
415

ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ် ခြင်းနှင့် ပတ်သက်၍ ခရိုင်အတွင်း တိုင်ကြားမှု ၁၀ ခုရှိကြောင်း ထားဝယ် ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရာတွင် ဇန်နဝါရီလ လယ်ပိုင်းအထိ တိုင်ကြားမှု ၁၀ ခု ရှိပြီး သက်ဆိုင်ရာ မြို့နယ်အလိုက် စစ်ဆေး နေကြောင်း ခရိုင်ထွေအုပ်ရုံး ဦးစီးအရာရှိ ဦးဝေဖြိုးလင်းက ပြောသည်။

တိုင်ကြားမှုများတွင် သက်ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့၏ လုပ်ဆောင်ချက် များအပေါ် တိုင်ကြားမှု အများဆုံးဖြစ်ပြီး အုပ်ချုပ်ရေးမှူး အရည်အချင်း သတ် မှတ်ချက် (ပုဒ်မ-၅)နှင့် ညီညွတ်မှု မရှိကြောင်း တိုင်ကြားမှုအချို့ရှိသည်ဟု ဦးစီးအရာရှိ ဦးဝေဖြိုးလင်းက ဆိုသည်။
“ကြီးကြပ်ရေးအဖွဲ့ လုပ်ဆောင်ချက် တွေကို တိုင်တာ အများဆုံးပဲ၊ တချို့တိုင် ကြားမှုတွေကို စစ်ဆေးဆဲပါ”ဟု ဦးဝေဖြိုး လင်းက ပြောသည်။
တိုင်ကြားမှုမရှိသည့် ရပ်ကျေးအုပ် ချုပ်ရေးမှူး စာရင်းများကို ဇန်နဝါရီလ တတိယပတ်အတွင်း တိုင်းအစိုးရထံ တင်ပြထားကြောင်း ၎င်းက ဆိုသည်။

တိုင်ကြားမှု မရှိသည့် ရပ်ကွက်/ ကျေးရွာများက ရွေးချယ်ထားသော အုပ်ချုပ်ရေးမှူးများကို ဇန်နဝါရီလ အတွင်း တာဝန်လွှဲပြောင်း သွားမည် ဖြစ်ပြီး တိုင်ကြားထားသည့် ရွာများကိုမူ စိစစ်ပြီးမှသာ လွှဲပြောင်းသွားမည်ဖြစ် ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးသိန်းအောင်က ပြောသည်။
ထားဝယ်ခရိုင်တွင် ရပ်ကွက်/ကျေး ရွာ အုပ်စု ၁၇၄ ခုရှိပြီး ထီးခီးနယ်စပ် အနီးရှိ အမြားကျေးရွာတွင် ရွေးရန် ကျန် နေသေးကြောင်း ခရိုင်ထွေ/အုပ်ရုံး စာရင်း အရ သိရသည်။

ခရိုင်အတွင်း တတိယအကြိမ် ပြင် ဆင်ထားသည့် ရပ်ကျေးအုပ်ချုပ်ရေး ဥပဒေဖြင့် ပြန်လည်ရွေးချယ်ရာတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးအဟောင်း ၁၀၉ ဦး ပြန်လည်ရွေးချယ်ခံရပြီး လူသစ် ၆၄ ဦး ရွေးချယ်ခံရကြောင်း ခရိုင်ထွေ/ အုပ် ရုံးထံမှ သိရသည်။