ထားဝယ်ခရိုင်တွင် မှတ်ပုံတင်ထားသည့် အသင်းအဖွဲ့ နှစ်ဆယ်ကျော်ရှိ

0
423

ခရိုင်အတွင်း မှတ်ပုံတင်ထားသည့် အသင်းအဖွဲ့အရေအတွက်မှာ ၂၀၁၄ ခု နှစ်မှ လက်ရှိအချိန်ထိ နှစ်ဆယ်ကျော် ရှိကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
သာရေး၊ နာရေးကဲ့သို့ လူမှုရေး ထောက်ပံ့မှုလုပ်ငန်းများ လုပ်ကိုင်သည့် အသင်းအဖွဲ့များကိုသာ မှတ်ပုံတင်ခွင့် ပြုပြီး လက်ရှိအချိန်ထိ မှတ်ပုံတင်ထား သည့် အသင်းအဖွဲ့ စုစုပေါင်း ၂၃ ဖွဲ့ ရှိကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဇင်က ဆိုသည်။
ဥပဒေပညာ၊ ဆေးပညာကဲ့သို့ ပညာရပ်ပိုင်းဆိုင်ရာနှင့် ပတ်သက်သည့် အဖွဲ့များကိုမူ ပြဋ္ဌာန်းထားသည့် ဥပဒေ အရ မှတ်ပုံတင်ခွင့်မပေးကြောင်း ၎င်းက ပြောသည်။

“အသင်းအဖွဲ့ဆိုတာ လူမှုရေး သက်သက်ကို လုပ်တဲ့ဟာပဲ မှတ်ပုံတင် ခွင့်ပြုတယ်”ဟု ဦးမောင်မောင်ဇင်က ဆိုသည်။
၂၀၁၇ ခုနှစ်အတွင်း အသင်း အဖွဲ့ ၅ ခုက လာရောက် မှတ်ပုံတင်ထား ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
အသင်းအဖွဲ့များအနေဖြင့် ခရိုင် တွင် အသင်းအဖွဲ့ မှတ်ပုံတင်ထားပါက ခရိုင်အတွင်း ဥပဒေနှင့်အညီ လှုပ်ရှား ဆောင်ရွက်ခြင်းကို ဥပဒေအရ အကာ အကွယ်ပေးခြင်း၊ ကိုယ်ပိုင် အမှတ်တံ ဆိပ်နှင့် အမှတ်အသား မူပိုင်ခွင့်နှင့် အခြားထောက်ပံ့မှုများ ရရှိမည်ဖြစ်ကြောင်း ဦးမောင်မောင်ဇင်က ရှင်းပြသည်။
ထားဝယ်မြို့နယ်တွင်မူ မှတ်ပုံတင် ထားသည့် အသင်းအဖွဲ့ ၅ ဖွဲ့ရှိပြီး အများစုမှာ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင် ရွက်ရန် မှတ်ပုံတင်ထားကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

“မြို့နယ်ထဲမှာပဲ လှုပ်ရှားချင်ရင် မြို့နယ်မှာပဲ (အသင်းအဖွဲ့မှတ်ပုံတင်) တင်လို့ရတယ်”ဟု မြို့နယ် အုပ်ချုပ်ရေး မှူး ဦးလင်းသန့်က ပြောသည်။
အသင်းအဖွဲ့ မှတ်ပုံတင်ရန် လျှောက်ထားလာပါက (အချက်အလက် ပြည့်စုံပါက) တစ်ပတ်အတွင်း မှတ်ပုံ တင် ယာယီထုတ်ပေးပြီး တစ်လအတွင်း စိစစ်ကာ အသင်းအဖွဲ့မှတ်ပုံတင်ထုတ် ပေးနေကြောင်း အထက်ပါရုံးများထံမှ သိရသည်။