ဆယ်ပါးအကျိုး မတောင်းဘဲ ပြည့်သူများ

0
969

လျင်မြန်၊ သန့်ရှင်း၊ ကျော်စောခြင်း နှင့်
လွတ်ကင်းမွတ်သိပ်၊ မဆိတ်ခြံရံ ဒီယံသက်ရှည်
ရုပ်ရည်ဆင်းလှ၊ သုခခွန်အား၊ ပညာများ
၁၀ ပါး ရေလှူအကျိုး။

မြို့ပြ ကျေးလက်မခြား လမ်းဘေး ဝဲယာတွင် တွေ့ရတတ်သော ရေအိုးစင် လေးများသည် မြန်မာနိုင်ငံ၏ အမှတ် လက္ခဏာတစ်ခု ဖြစ်သည်။ နိုင်ငံသား တို့၏ သဒ္ဓါတရား ပြယုဂ်တစ်ခုပင် ဖြစ် သည်။
ရေအိုးစင်လေးများ တည်ထောင် လှူဒါန်းထားသူများက အထက်ပါ ရေလှူအကျိုး ဆယ်ပါးအား “မတောင်း ဘဲရသည်”ဟု မှတ်ယူ ကုသိုလ်ပြုနေ တတ်ကြသည်။

“ရေလှူရင် အေးမြတယ်။ ကုသိုလ် ရတယ်။ သေရင် နောက်ဘ၀ထိပါတယ် ဆိုပြီး စိတ်ထားပြီး လှူတာပါ။ လမ်း မှာ ရေအိုးစင်တွေ တွေ့ရင် သာဓုခေါ် တာပေါ့”ဟု လောင်းလုံးမြို့နယ် ကမြောကြီးကျေးရွာ ဒေါ်အင်ကြည်က ပြောသည်။
လွန်ခဲ့သည့် နှစ် ၃၀ ခန့်မှစ၍ ရေစလှူခဲ့သည့် အသက် ၈၆ နှစ်အရွယ် ဒေါ်အင်ကြည်က ရေအိုးစင်လေးကို ညနေ ရေချိုးချိန်တိုင်း ရေဖြည့်၊ သန့် ရှင်းရေးလုပ်သည် ဆို၏။

“ခဏခဏ ကွဲတယ်။ အခိုးလည်း ခံရတယ်။ တစ်အိုးပြီးရင် တစ်အိုးပြန်ပြန် ထားပေးတယ်။ အဖွားက အဲလိုလုပ်ရ တာကို ဝါသနာပါတယ်။ နေမကောင်း ဖြစ်နေတဲ့အချိန်၊ ကိုယ်အိမ်မှာ မရှိတဲ့ အချိန်ကလွဲပြီး ဝတ္တရားအတိုင်း လုပ် တယ်”ဟု ဒေါ်အင်ကြည်က ပြောသည်။
ပုလောမြို့နယ် တပိုကျေးရွာရှိ “ရေကြည်သကဲ့သို့ အေးမြစေသား”ဟု ဆုတောင်းစာလေးရေးထားသည့် ရေချမ်း စင်အလှူရှင်က ဒေါ်ဝင်းချို။
“ရေအိုးစင်မှာ ရေလာသောက်တဲ့ လူတွေကို မြင်ရင် စိတ်ထဲ တကယ် ချမ်းမြေ့တယ်”ဟု တပိုရွာသူ ဒေါ်ဝင်း ချိုက ပြောသည်။
တချို့ကလည်း မိမိခရီးသွားချိန် ရေဆာစဉ် အခက်တွေ့ရသကဲ့သို့ အခြားခရီးသွားများ အခက် မတွေ့ရ စေရန် ရေအိုးစင်ထောင် ကုသိုလ်ပြု ကြသည်။
“ဘာမှကို မမျှော်ကိုးဘူး။ ကိုယ် ချင်းစာတဲ့စိတ်လေးနဲ့ပဲ လုပ်ဖြစ်တာ။ တကူးတကကြီး ရေတောင်းသောက် နေစရာမလိုအောင် ရေအိုးစင်လုပ်ပေး ထားတာ”ဟု လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာနေ ဒေါ်စန်းစန်းဌေးက ပြောသည်။

နိုင်ငံခြားသားများက မြန်မာ့ရေ အိုးစင်လေးများကို ဓာတ်ပုံ တစ်ဖြတ် ဖြတ် ရိုက်တတ်သကဲ့သို့ ဒေသတွင်း ခရီးသွားများက လမ်းဘေး ရေအိုးစင် များကို မှီခိုအားထားတတ်ပါသည်။
ယခုအချိန်ကဲ့သို့ စီးနင်းစရာ မပေါ လှိုင်လှသည့်အခါက ခြေကျင်ခရီးသည် များအတွက် အရိပ်ကောင်းသည့် သစ်ပင်အောက်ရှိ ရေအိုးစင်လေးများထဲမှ အေးမြရှင်းသန့်သော ရေသည် တန်ဖိုး မဖြတ်နိုင်သည့် အိုအေစစ်လေးများ ဖြစ်ကြောင်း မြိတ်မြို့သစ်ရပ်နေ အသက် ၅၀ ခန့်ရှိ ဒေါ်နိုင်နိုင်က ပြော သည်။
“ရေချမ်းစင်က ရေအေးအေးလေး မောမောနဲ့ သောက်လိုက်ရတဲ့ အရသာ က ဘယ်အရာနဲ့မှ မလဲနိုင်ဘူး”ဟု ဒေါ်နိုင်နိုင်က ပြောသည်။
သို့သော် လှည်းခေတ်မှသည် ဆိုင်ကယ်၊ ကားခေတ်ရောက်လာသော် လည်း ရေအိုးစင်မျှော်သူ ရှိဆဲပင် ဖြစ် သည်။

“ရေဆာနေတဲ့အချိန်ဆိုရင်တော့ လမ်းဘေးရေအိုးစင်လေးတွေ့ရင်တော့ အရမ်းပျော်တယ်။ ခရီးသွားရင် ရေဗူး ဆောင်တဲ့အလေ့ မရှိတော့ အခုထိလည်း လမ်းဘေးရေအိုးစင်တွေကို အားကိုး နေတုန်းပဲ။ အခုက ရေအိုးစင်တွေ ရှား လာပြီဆိုတော့ ရေသန့်တဲ့ ရေအိုးစင် တွေ့ရင် အဝသောက်ပစ်လိုက်တယ်”ဟု ရေဖြူမြို့နယ် ရလိုင်ကျေးရွာမှ ဒေါ်တင့်တင့်ဝေက ပြောသည်။
လက်ရှိအချိန်တွင် မပြုပြင်တော့ သော မသန့်ရှင်းတော့သော လမ်းဘေး ရေအိုးစင်များ တွေ့လာရပြီး ရေအိုးအစား ရေသန့်ဘူး ရေအိုးစင်များလည်း တွေ့ လာရကြောင်း ဒေါ်တင့်တင့်ဝေက ပြော သည်။

သူမကမူ ရေအိုးထဲမှရေကို ပိုကြိုက်သည်ဆို၏။
နေ့စဉ် ၂၀ လီတာရေဘူး ၁၅ လုံးခန့် ကုန်နေသော မြိတ်မြို့၊ နောက်လယ်ရပ်၊ အမှတ် ၁ တံတားထိပ်ရှိ ရေချမ်းစင်မှ ရေအလှူရှင် အသက်၄၅ နှစ်အရွယ် ဦးဝင်းဘိုကတော့ အရင်က မြေရေအိုး လေးများထားခဲ့သော်လည်း အမူး သမားများ မကြာခဏ ရိုက်ခွဲသဖြင့် ပလတ်စတစ်ရေသန့်ဘူးကို ထားလှူ နေရကြောင်း ပြောသည်။

ယင်းရေသန့်ဘူးများပင် မကြာ ခဏ အခိုးခံရတတ်ပြီး သောက်ရေခွက် များလည်း ၃ ရက်တွင် ၁၂ လုံးခန့် ပျောက်ဆုံးတတ်ကြောင်း ဦးဝင်းဘိုက ဖွင့်ဟ သည်။
“လှေဆိပ်ဆိုတော့ လူကပေါင်းစုံ။ အလိုရှိသူတွေ ယူသွားကြလို့။ လူတွေ ကို အေးမြစေချင်တယ်၊ နိဗ္ဗာန်ရောက် ဖို့အတွက် အထောက်အပံ့ဖြစ်မယ်ဆို တာကို ယုံကြည်ပြီး လှူခြင်းဖြစ်တယ်”ဟု ဦးဝင်းဘိုက ပြောသည်။

ယင်းသို့ ခေတ်ကာလအရ ရေ သန့်ဘူး ရေအိုးစင်ဘက် ပြောင်းလာ သကဲ့သို့ သစ်ကြီးဝါးရိပ်မှ လမ်းဘေး မြေရေအိုးစင်လေးများက အကြောင်း အမျိုးမျိုးဖြင့် ဆုတ်လျော့လာလေပြီ။ တချို့သော ရေအိုးစင်များက ဖုန်များ စွဲကပ် ခြောက်သွေ့ ပျက်သုဉ်းကုန်ပါပြီ။
လောင်းလုံးမြို့နယ် ကမြောကြီး ကျေးရွာမှ အဖွား ဒေါ်အင်ကြည်၏ ရေအိုးစင်လေးလည်း လမ်းချဲ့သဖြင့် ဖျက်လိုက်ရလေပြီ။ သို့သော် ဒေါ်အင် ကြည် ဝတ္တရား မပျက်ပါ။ ရေအိုးလေး ကို ခြံထဲတွင် ထားပေးပါသည်။

“လမ်းဘေးမှာ မဟုတ်ဘူးဆိုတော့ ရေလာသောက်တဲ့သူတော့ အရင်လို သိပ်မရှိတော့ဘူးပေါ့။ ဖွားတို့က ဆင်း ရဲတော့ လှူစရာတန်းစရာ မရှိဘူးလေ”ဟု ဒေါ်အင်ကြည်က ဆိုပါသည်။