တနင်္သာရီမြို့ဟောင်းအား ရှေးဟောင်းဇုန်နှင့် ကာကွယ်ထိန်းသိမ်းဇုန်အဖြစ် သတ်မှတ်

0
599

မြိတ်ခရိုင် တနင်္သာရီမြို့ဟောင်း အား ရှေးဟောင်းနေရာတည်ရှိရာ ဇုန် နှင့် ကာကွယ်ထိန်းသိမ်းထားသော ဇုန်အဖြစ် သတ်မှတ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဇန်နဝါရီ လ ၁၁ရက်တွင် ထုတ်ပြန်လိုက်သည်။
ရှေးဟောင်းတည်နေရာဇုန်တွင် တနင်္သာရီမြို့ဟောင်းနှင့်ကျုံး၊ ရှင်မအောင်သာ ကျောက်တိုင်(မြို့တည် ကျောက်တိုင်)နှင့် နန်းတော်ရာကုန်း အထိ ပါဝင်ပြီး ကာကွယ်ထိန်းသိမ်း ထားသောဇုန်တွင် တနင်္သာရီ မြို့ ဟောင်း အတွင်းနှင့်အပြင် နှစ်ခုစလုံး ပါဝင်သည်။

တနင်္သာရီမြို့ဟောင်း မြို့ရိုးနှင့် ကျုံးကို အရှေ့ဘက်တွင် အရှေ့မြို့ ရိုး အပြင်ဘက် ငဝန်ချောင်း မြစ်ကမ်း နဖူးအထိနှင့် အတွင်းဘက်သို့ ပေ ၉၀ အကွာအထိ၊ အနောက်ဘက်တွင် အနောက်မြို့ရိုးမှ အပြင်ဘက် တနင်္သာ ရီမြစ်ကမ်းနဖူးနှင့် အတွင်းဘက်သို့ ပေ ၉၀ အကွာအထိ သတ်မှတ်လိုက်သည်။
တောင်ဘက်တွင် တောင်ဘက်မြို့ ရိုးနှင့် ကျုံးအပြင်ဘက်သို့ ပေ၉၀ အကွာ နှင့် သတ်မှတ် GPS ညွှန်း အမှန်မှ အတွင်းဘက်သို့ ပေ၉၀ အကွာအထိ၊ မြောက်ဘက်တွင် မြို့ရိုး အပြင်ဘက် တနင်္သာရီမြစ်ကမ်းနဖူးနှင့် အတွင်း ဘက်သို့ ပေ ၉၀ အကွာအထိ သတ်မှတ် သည်။
ရှင်မအောင်သာ ကျောက်တိုင် (မြို့တည် ကျောက်တိုင်)ကို ပေ ၉၀ ပတ်လည် သတ်မှတ်လိုက်ပြီး နန်းတော် ရာကုန်းကိုလည်း ပေ ၉၀ ပတ်လည် အကွာ သတ်မှတ်လိုက်သည်။

ကာကွယ်ထိန်းသိမ်းဇုန်ဖြစ်သည့် တနင်္သာရီမြို့ဟောင်း အတွင်းနှင့်အပြင် နှစ်ခုစလုံးကို တနင်္သာရီ မြို့ဟောင်း အပြင်ဘက် မြို့ရိုးအစပ်မှ အပြင်ဘက် သို့ တစ်မိုင်ပတ်လည် အကွာအထိ သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
“ဥပဒေရဲ့ သက်ရောက်မှုက တနင်္သာရီအထိလာပြီး ထိန်းသိမ်း ပေးတာဆိုတော့ ဒါကိုတော့ အများကြီး ဝမ်းမြောက်တယ် ကြိုဆိုတယ်။ ကျန်ရှိ နေတဲ့ နိုင်ငံထဲက မြို့ဟောင်းတွေကို လည်း ထပ်ပြီးတော့ ဒီလိုမျိုးလုပ်သင့် တယ်”ဟု တနင်္သာရီမြို့နယ် စာပေနှင့် ယဉ်ကျေးမှု အမွှေအနှစ် ထိန်းသိမ်း မြှင့်တင်ရေး ကော်မတီဥက္ကဋ္ဌ ဦးသန်းစိုးဝင်း က ပြောသည်။

ဇုန်အဖြစ် သတ်မှတ်ခဲ့သည့်အတွက် ယဉ်ကျေးမှုကို အခြေခံတဲ့ ခရီးသွား လုပ်ငန်းကဏ္ဍတွင် တိုးတက်လာမည့် အနေအထားရှိကြောင်း တနင်္သာရီ မြို့နယ် စာပေနှင့် ရှေးဟောင်းအမွှေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီမှ ဦးသန်းစိုးဝင်းက ပြောပြသည်။
တနင်္သာရီမြို့ဟောင်းကျုံးတွင် အဆောက်အဦ တစ်ချို့ဆောက်လုပ်ရန် စီစဉ်မှုများနှင့် မြို့ဟောင်း အုတ်မြို့ ရိုးတို့အား ဖြိုချပြီး လမ်းခင်းသဖြင့် ရှေးဟောင်းအုတ်များ ပျက်ဆီးဆုံးရှုံး မှုများနှင့် ကြုံခဲ့ရဖူးကြောင်း စာပေနှင့် ရှေးဟောင်းအမွှေအနှစ် ထိန်းသိမ်း မြှင့်တင်ရေး ကော်မတီထံမှ သိရသည်။

ရှေးဟောင်းဇုန်အဖြစ် သတ်မှတ် လိုက်သည့်အတွက် သတ်မှတ် တိုင်များ စိုက်ခြင်း၊ တူးဖော်ခြင်း၊ စသည်တို့ အတွက် ရန်ပုံငွေ တင်ပြတောင်းခံနိုင်မည့် အခွင့်အရေးများ ရှိလာနိုင်မည်ဟု မျှော်လင့်ကြောင်း တနင်္သာရီမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ် ဦးရဲမြင့်ဆွေက ပြောသည်။
“နိုင်ငံတော်ပြန်တမ်းမှာလည်း ထည့်မယ်။ ရှေးဟောင်းယဉ်ကျေးမှု ဥပဒေအတိုင်း ရှေ့ဆက်လုပ်သွားမယ်”ဟု ဦးရဲမြင့်ဆွေက ပြောသည်။
ရှေးဟောင်း လူ့အသုံးဆောင် ပစ္စည်း များ၊ ဘုရားဆင်းတုတော်များ မကြာမကြာ တွေ့ရှိလေ့ရှိသည့် တနင်္သာရီမြို့နယ်တွင် ယဉ်ကျေးမှု ပြတိုက်တစ်ခုကိုလည်း တည်ဆောက် နေလျက်ရှိကြောင်း ကော်မတီမှ သိရသည်။

၎င်းအပြင် တနင်္သာရီမြို့၏ ရှေးဟောင်း ရိုးရာတစ်ခုဖြစ်သည့် နဂါး လှေတော်ပွဲမှာ လူသိများပြီး နှစ်စဉ် ချောင်းကြီးကျောင်းတိုက် (ဘုန်း တော်ကြီး ကျောင်း) ဘုံကထိန် ရက်ဖြစ်သည့် သီတင်းလပြည့်ကျော် ၄ ရက်နေ့ တိုင်းတွင် ကျင်းပလာခဲ့သည်မှာ နှစ် ပေါင်း ၈၆၄နှစ် ရှိပြီ ဖြစ်သည်။