ကျွန်ဖြစ်ချင်တယ်

0
631

“ကျွန်ဖြစ်ချင်တယ်” ပြောလို့ “ဟာ . . . ဒီဘိုးတော် တစ်မျိုးပါ လား”လို့ စိတ်ထဲ ဖြစ်မယ် ထင်တယ်။
မယုံမရှိနဲ့ဗျ။ တကယ် ဖြစ်ချင် နေတာ။
ကျွန်လို့ ဆိုလိုက်တာနဲ့ ကျွန်တော် တို့ မျက်စိထဲ တန်းမြင်တာ လူတစ် ယောက်ကို ရောင်းတာ ဝယ်တာ၊ ပိုင် ဆိုင်တာမျိုးအထိရှိတဲ့ အရင် ကျွန်စနစ် ကျင့်သုံးချိန်က ကျွန်တွေ။

အခုခေတ်အနေအထားနဲ့ဆို အိမ် ဖော်တို့ ဘာတို့ကို မျက်စိထဲ တန်းမြင် တယ်။
ပြီးတော့ ကျွန်းတွေပေါ်၊ ငါးဖမ်း လှေပေါ် ကျွန်ပြုခံရတယ်ဆိုတဲ့ ရေလုပ် သားတွေ၊ ပြီးတော့ လိင်ကျွန်ပြုခံ ရတယ်ဆိုတဲ့ အမျိုးသမီးငယ်တွေ စသဖြင့် မျက်စိထဲ မြင်တယ်။
“ငါတို့က ထိုင်းမှာ ကျွန်ခံနေတယ်”လို့ ပြောလေ့ရှိတဲ့ ရွှေ့ပြောင်းလုပ်သား တွေရဲ့ မျက်နှာတွေ။
ပြည်တွင်းမှာကိုပဲ “ငါတို့က သူ များဆီမှာ ကျွန်ခံနေရတယ်”လို့ ဆိုလေ့ ရှိတဲ့ လုပ်ငန်းခွင်မှာ မပျော်တဲ့ အလုပ် သမားတွေ။
နောက်တစ်မျိုးကျတော့ အိမ် ထောင်သည်တွေ ပြောလေ့ရှိတာ။ သူတို့ ကိုယ်သူတို့ သားကျွန် မယားကျွန်၊ လင်ကျွန်၊ သားကျွန် စသဖြင့် တင်စား ပြောလေ့ရှိတယ်။
ထားတော့။

ကျွန်လို့ ပြောလိုက်တာနဲ့ လူတစ် ယောက်က လူတစ်ယောက် သို့မဟုတ် အစုအဖွဲ့တစ်ခုကို ဝန်ဆောင်မှု ပေးရ တာ၊ အလုပ်အကျွေးပြုရတာ ရှိမယ်။ တန်းတူညီတူ မဟုတ်ဘဲ တစ်ဆင့်နိမ့် ဆက်ဆံ ခံရတာ ရှိမယ်။
ဆိုရင် ဘာကြောင့် ကျွန်ဖြစ်ချင်တာ ပါလဲ။
အဲဒါကို ရွေးကောက်ပွဲကာလ တုန်းက မပြောဘဲ အခုမှ ဘာစိတ်ကူး ပေါက်ပြီး ပြောနေသလဲလို့ မေးစရာ ရှိပါတယ်။
ပြည်သူ့အစေခံ၊ ပြည်သူ့ကျွန်လို့ ပြောဆို သတ်မှတ်ကြသူတွေ ရွာကို ရောက်လာတာ ဖြစ်ဖြစ်၊ ရပ်ကိစ္စ ရွာကိစ္စ လာလုပ်တာ ဖြစ်ဖြစ် သူတို့နဲ့ ပြည်သူတွေကြား ဆက်ဆံရေး အခြေအနေကို ကြည့်ပြီး ကျွန်ဖြစ်ချင်စိတ် ပေါက်လာတာပါ။
မေးခွန်းတွေ တစ်သီကြီးနဲ့ ကျွန် ဖြစ်ချင်စိတ် ဖြစ်နေမိတာဆိုပါတော့။

(၁) ရွေးကောက်ပွဲလို့ ခေါ်တဲ့ ပြည် သူ့ကျွန် ရွေးပွဲကျင်းပဖို့ မဲတွေ ဆွယ်တဲ့ ကာလမှာ သူတို့ကို ဘာကြောင့် ပန်း ကုံးတွေ စွပ်ပြီး လက်ခုပ်တွေတီးပြီး ဝမ်းပန်းတသာ ရိုရိုကျိုးကျိုး ကြိုကြ တာလဲ။

(၂) ပြည်သူ့ကျွန် ဖြစ်ချင်သူတွေက စင်ပေါ်မှာ အထာနဲ့ ပြောတာဆိုတာ ဟောတာလုပ်ပြီး သူတို့ကို အလုပ် ခန့်မယ့် ပြည်သူတွေက ဘာကြောင့် စင်အောက်ကနေ ကောင်းချီး ပေးနေ တာလဲ။

(၃) ပြည်သူ့ကျွန်ရွေးပွဲက ဘာ ကြောင့် “ပျောက်စေ”ဆရာ ရွေးပွဲလို ဖြစ်နေတာလဲ။

(၄) ပြည်သူ့ကျွန်ဆိုသူတွေ ပြည် သူကို အလုပ်အကျွေးပြုဖို့ မေ့တဲ့အခါ မျိုးမှာ ပြည်သူတွေက ဘာကြောင့် ပြောဆို ထောက်ပြဖို့ တွန့်ဆုတ် ကြောက်ရွံ့ နေတာလဲ။

(၅) ပြည်သူ့ကျွန်နဲ့ ပြည်သူ ဘယ် သူက ဝန်ဆောင်မှု ပေးသူလဲ။ ဘယ်သူ က ဝန်ဆောင်မှုကို ရယူသူလဲ။

(၆) ပြည်သူ့ကျွန်ဆိုတဲ့သူတွေဆီကို ပြည်သူတွေက အသနားခံစာ ဘာ ကြောင့် ပို့နေရတာလဲ။

(၇) ပြည်သူ့ကျွန်ဆိုတဲ့သူတွေ ရပ် ထဲ ရွာထဲလာပြီး တွေ့ဆုံပွဲတွေလုပ်ရင် သူတို့က ဟန်တချီ မာန်တချီနဲ့ နေပြီး ပြည်သူတွေက ရို့ရို့လေး ထိုင်ပြီး ဘာ ကြောင့် မျှော်တော်ယောင် လုပ်နေတာလဲ။
(၈) ပြည်သူတွေက ကိုယ် အလုပ် ခန့်ထား တဲ့သူတွေဖြစ်တဲ့ ပြည်သူ့ ကျွန်တွေကို ဘာကြောင့် “မင်းတို့ ကယ် မှ ဖြစ်မယ်”ဆိုတဲ့ အချိုးမျိုးနဲ့ ဆက်ဆံ နေတာလဲ။

(၉) ပြည်သူ့ဝန်ထမ်းလို့ဆိုတဲ့ ဌာန ဆိုင်ရာတွေက ဘာကြောင့် ပြည်သူတွေ ထက် ပြည်သူ့ကျွန်တွေကို ပို အလေး ပေး ကြောက်ရွံ့နေတာလဲ။

(၁၀) ပြည်သူ့ကျွန်တွေ ပွိုင့် ကားနဲ့ လာတဲ့အချိန်မှာ ပြည်သူတွေက ဘာကြောင့် လမ်းဘေး မဖြစ်မနေ ကပ် ပေးရတာလဲ။
(၁၁) ပြည်သူ့ကျွန်တွေနဲ့ တွေ့ခွင့် ရဖို့ အရေး ပြည်သူတွေမှာ ဘာကြောင့် အောက်ကျနောက်ကျ ဖြစ်နေရတာလဲ။
(၁၂) အရေးအရာကိစ္စတွေနဲ့ ပတ်သက်ပြီး ပြည်သူ့ကျွန်တွေက ပြည် သူကို အသိပေးတဲ့အခါ ချပြတယ်လို့ သုံးပြီး ပြည်သူက ပြန်အသိပေးတဲ့အခါ တင်ပြတယ်လို့ ဘာကြောင့် သုံးနှုန်း နေရတာလဲ။
(၁၃) ပြည်သူ့ကျွန်တွေက သူ့ စာချုပ်သက်တမ်းပြည့်ရင် စိုစိုပြေပြေ ဖြစ်သွားပြီး အလုပ်ရှင်ဖြစ်တဲ့ ပြည်သူ တွေက ဘာကြောင့် ဒုံရင်း ဒုံရင်း ဖြစ် နေတာလဲ။
စသဖြင့် မေးခွန်းများစွာ ရှိပါ တယ်။

ဒီကျွန်အမျိုးအစားကတော့ ကျွန် တော်သိထားတဲ့ ကျွန်အမျိုးအစားတွေနဲ့ တော်တော့်ကို မတူတာပါ။ အလုပ်မခန့် ခင်က ပြောခဲ့တဲ့ ကတိကဝတ်တွေကိုလည်း သူတို့ ခပ်တည်တည်နဲ့ ဖောက်ဖျက်ရင် ဖောက်ဖျက်တာပါပဲ။
တခါတလေ စဉ်းစားမိပါတယ်။
ဒီအလုပ်ကို လုပ်တဲ့သူတွေကို ပြည်သူ့ကျွန်လို့ သုံးခွင့် ပေးသင့် မပေး သင့်ပါ။
သုံးမယ်ဆိုလည်း တကယ် အနှစ် သာရရှိရှိနဲ့ နာမည်နဲ့ လိုက်ဖက်တဲ့ ပြုမူနေထိုင်မှုမျိုး ဖြစ်ဖို့ပါ။
အဲလိုမဟုတ်ဘဲ အလုပ်ရှင်ဖြစ်တဲ့ လူထုကို ဖြားယောင်းရုံ သက်သက် သုံးခွင့်ပေးထားပြီး လူထုကလည်း အကြိမ်ကြိမ် အလိမ်ခံနေတာမျိုးက မဖြစ်သင့်တော့ပါဘူး။

တကယ်လို့ ပြည်သူ့ကျွန်လို့ သုံးစွဲ ခွင့် မပေးတော့ဘူးဆိုရင် “ပျောက်စေ ဆရာ” ရွေးပွဲလို့ သုံးရင်လည်း သုံးပေါ့။
ဒါဆို နည်းနည်းခံသာတယ်။
နို့မို့ ကျွန်လို့ ပြောပြီး ကျွန်လို မနေတဲ့ အလေ့အထကို အဆိပ်ပင် ရေလောင်း လုပ်တာမျိုးဖြစ်နေဦးမယ်။