ဖမ်းမိသည့် ထိုင်းဝက်များကို အစိုးရက လေလံတင်ရောင်းမည်

0
460

မွန်ပြည်နယ်အတွင်း ဖမ်းဆီးရမိ ထားသည့် ထိုင်းဝက်များကို တစ်ကောင် ကျပ်တစ်သိန်းခွဲဖြင့် ကြမ်းခင်းဈေးသတ် မှတ်ကာ လေလံတင်ရောင်းချသွားမည်ဟု မွန်ပြည်နယ် မွေးမြူးရေးနှင့် ကုသရေး ဦးစီးဌာနထံမှ သိရသည်။

ဇန်နဝါရီလ ၅ ရက်က ထပ်မံ ဖမ်းဆီးရမိထားသည့် အထောက်အထား မဲ့ ထိုင်းဝက်အကောင်ရေ ၃၅၀ ခန့်ကို လေလံတင်ရောင်းချရန် တစ်ကောင်လျှင် ကျပ်တစ်သိန်းခွဲဖြင့် ကြမ်းခင်းဈေး သတ်မှတ်ထားကြောင်း မွန်ပြည်နယ် မွေးမြူးရေးနှင့် ကုသရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါက်တာအောင်သန်း ဝင်းက ပြောသည်။

“ကျွန်တော်တို့က ကြမ်းခင်းဈေး သတ်မှတ်ထား ပေးတယ်။ တရားရုံးက လေလံတင် ရောင်းချမယ်၊ လေလံတင် ရောင်းချရတဲ့ငွေတွေကိုတော့ နိုင်ငံပိုင် အဖြစ် သတ်မှတ်သွားမယ်”ဟု ၄င်းက ပြောသည်။

မွန်ပြည်နယ်အတွင်းသို့ ထိုင်းနိုင်ငံ မှ အထောက်အထားမဲ့တင်သွင်းလာနေသည့်ဝက်များကို စဉ်ဆက်မပြတ် ဖမ်း ဆီးလျက်ရှိပြီး ဖမ်းဆီးရမိထားသည့် ဝက်များနှင့် မော်တော်ယာဉ်များကို ပြည် သူပိုင်အဖြစ် သိမ်းဆည်းထားကာ လေ လံတင် ရောင်းချလျက်ရှိသည်ဟု မွန် ပြည်နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီး ဌာနထံမှ သိရသည်။

ဒီဇင်ဘာလအတွင်းက ဖမ်းမိခဲ့ သည့်ဝက်များ တင်ဆောင်လာသူ ၄ ဦးကို မော်လမြိုင်ခရိုင်တရားရုံးက လည်း ကောင်း၊ ဇန်နဝါရီ ၅ ရက်က ဖမ်းမိခဲ့ သည့် ဝက်များတင်ဆောင်လာသူ ၅ ဦး ကို ပေါင်မြို့နယ် တရားရုံးကလည်း ကောင်း တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ ပုဒ်မ ၂၃ (ခ)ဖြင့် ထောင်ဒဏ် ၁ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။