တက္ကသိုလ်ဝင်တန်း စာမေးပွဲ မေးခွန်းနှင့် အဖြေလွှာ သယ်ယူစာရိတ် ကျပ်သိန်း ငါးရာကျော်တောင်းခံ

0
889

တနင်္သာရီတိုင်းအတွင်း တက္ကသိုလ် ဝင်တန်း စာမေးပွဲ မေးခွန်းနှင့် အဖြေလွှာ သယ်ယူ ပို့ဆောင်စရိတ်အတွက် အခြေခံ ပညာဦးစီးဌာနတွင် ငွေကျပ် သိန်း ငါးရာ ကျော် တင်ပြတောင်းခံထားကြောင်း တိုင်းပညာရေးမှူးက ပြောကြားသည်။

ရန်ကုန်လေဆိပ်မှ ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်း၊ ကော့သောင်း လေဆိပ်များ သို့ လေယာဉ်စင်းလုံးငှားဖြင့် သယ်ယူ ပို့ဆောင်စရိတ် အပါအဝင် တိုင်းအတွင်း စာစစ်ဌာနများသို့ သယ်ယူပို့ဆောင် ပေးသည့် စရိတ်များပါ ပါဝင်ကြောင်း တိုင်းပညာရေးမှူးက ပြောသည်။
“ဒီက စာမေးပွဲအတွက် ကုန်ကျ မယ့်ငွေကို ခန့်မှန်း တင်ပြထားတာ။ လေယာဉ်နဲ့ ပို့တာဆိုတော့ အချိန်အများ ကြီးလဲ မကုန်တော့ဘူး လုံလုံခြုံခြုံလည်း ဖြစ်တာပေါ့”ဟု ၎င်းက ပြောသည်။

မေးခွန်း လုံခြုံမှုရှိစေရန် ယခု ကဲ့သို့ စီမံဆောင်ရွက်ခြင်းကို ကြိုဆိုကြောင်း ထားဝယ်မြို့ ရှမ္မလည်ဆွဲ ရပ်ကွက်မှ ကျောင်းသားမိဘ ဦးနိုင်က ပြောသည်။
“ဒီလိုပဲ လုပ်သင့်တာ မေးခွန်းတွေ မပေါက်ကြားအောင်ပေါ့ အထူးအထူးကို ထောက်ခံတယ်ဗျ”ဟု ဦးနိုင်က ဆိုသည်။
တိုင်းအတွင်း တက္ကသိုလ်ဝင်တန်း ဖြေဆိုရန် စာရင်းသွင်းထားသူ အမျိုး သား ၇၉၈၂ ဦး၊ အမျိုးသမီး ၁၄၀၅၇ ဦး စုစုပေါင်း ၂၂၀၃၉ ဦးရှိပြီး ယခင်နှစ် ထက် သုံးထောင်ကျော်ခန့် တိုးလာ ကြောင်း သိရသည်။

တိုင်းအတွင်း တက္ကသိုလ်ဝင်စာ မေးပွဲ စာစစ်ဌာန ၅ ခု ထပ်တိုး တင်ပြ ထားပြီး လက်ရှိတွင် စာစစ်ဌာန ၄၃ ခု ရှိကြောင်း တိုင်းပညာရေးမှူးက ပြော သည်။
၂၀၁၇-၁၈ ပညာသင်နှစ် တက္ကသိုလ် ဝင် စာမေးပွဲကို မတ်လ ၇ ရက်မှ မတ်လ ၁၆ ရက် အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။