နှစ်ပေါင်းရာချီသက်တမ်းရှိ ပျဉ်းပိတောက်ပင် ထိန်းသိမ်းရေး ကူညီအားပေးမည့်အဖွဲ့များအားKNU ကြိုဆို

0
440

တနင်္သာရီမြစ် အနောက်ဘက်ကမ်း တွင် ပေါက်ရောက်နေသည့် နှစ်ပေါင်း ရာချီ သက်တမ်းရှိ ပျဉ်းပိတောက်ပင်ကို ထိန်းသိမ်းစောင့်ရှောက်ရန် အစိုးရနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များ၏ အားပေးကူညီမှုများကို ကြိုဆို ကြောင်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက် တွင်KNU မြိတ်-ထားဝယ်ခရိုင်က ကြေညာချက် ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်တွင် နှစ်ပေါင်း ၈၅၀ ကျော် သက်တမ်းရှိ လုံးပတ် ၃၉ ပေ ခန့်(အရွယ်ရောက်ပြီးသူ ၇ ဦးခန့် ဖက် နိုင်သည့်အရွယ်အစား) ရှိသော အဆိုပါ သစ်ပင်ကို ပြီးခဲ့သည့် ၁၉၉၀ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး အကြောင်းအမျိုးမျိုး ကြောင့် ဖျက်ဆီးခြင်း ၊ ဆုံးရှုံးခြင်း မရှိ စေရန် KNU ကာကွယ်ထိန်းသိမ်းမှု များ ပြုလုပ်ထားခဲ့ကြောင်း ဖော်ပြထား သည်။

ယင်းသစ်ပင်ကို KNU က ထိန်း သိမ်းစောင့်ရှောက်ခဲ့သည်ကို အစိုးရနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် အသိအမှတ်ပြုရန် တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“နဂိုကတည်းက ထိန်းသိမ်းထား တာကို ဘယ်သူမဆို ထိန်းသိမ်းဖို့ဆိုတဲ့ သဘောပါ။ ဘယ်သူ့ကြောင့်မှ မပျက် စီးစေချင်ဘူးလေ”ဟုKNUမြိတ်-ထားဝယ်ခရိုင် တွဲဖက်အတွင်းရေးမှူးနှင့် ဆက်ဆံရေးရုံး တာဝန်ခံ ပဒိုဖလို့စိုးဝင်း က ဆိုသည်။

အဆိုပါ ပျဉ်းပိတောက်ပင်မှာ ထားဝယ်-ထီးခီးလမ်းတွင်ရှိသည့် ဆင် ဖြူတိုင်နှင့် အမိုရွာကြားတွင် တည်ရှိပြီး ကားလမ်းမမှ တစ်ရက်ခရီးခန့် ခြေလျင် သွားရကြောင်း ပဒိုဖလို့စိုးဝင်းက ပြောသည်။
အဆိုပါဒေသတွင် ပျဉ်းပိတောက် ပင်များ ပေါက်ရောက်လေ့ရှိပြီး ယင်း သစ်ပင်မှာKNU၏ လယ်နူထီး အမျိုးသားဥယျာဉ်ဧရိယာအတွင်းတွင် တည်ရှိကြောင်း သိရသည်။