လက်ခုပ်တီးဖို့မေ့ခဲ့သည်

0
417

ကံကောင်းခြင်း လက်ဆောင်နဲ့အတူ မြန်မာတစ်နိုင်ငံလုံး ကျေးလက် /ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို ပြန်လည် ကျင်းပလို့ တစ်နိုင်ငံလုံး မြိုင်နေတဲ့အချိန်၊ အုပ်ချုပ်ရေးမှူးတွေကို စာမေးပွဲစစ်မည့် ကျေးလက်/ရပ်ကွက် ပြည်သူတွေ ပုစ္ဆာ ကောင်းတွေ ရှာနေတဲ့အချိန် အုပ်ချုပ်ရေး မှူးအဟောင်း / အသစ်တွေ စာကျက်နေ ကြတာ အုတ်အော်သောင်းတင်း။
ကြံ့ခိုင်မှု ကောင်းကောင်း၊ နည်း ဗျူဟာကောင်းကောင်းတွေနဲ့ တိုက်ကွက် အသစ်တွေ အနီးအဝေး သွေးပူလေ့ ကျင့် နေကြနဲ့ အားကောင်းမောင်းသန် အဆင့် သင့် ဖြစ်နေချိန်တွေ။

၂၀၁၈ နှစ်သစ်မှာ အသစ် အသစ် တွေများစွာနဲ့ တာထွက် ကောင်းကောင်း အမှားအယွင်း ကင်းကင်း ကံကောင်း စေချင်တယ်ဗျာ။ ကံဆိုတာ အလုပ်ဆိုရင် အဲဒီ ၂၀၁၈ မှာ အလုပ်အသစ်တွေနဲ့ မဆုတ်မနစ်ရှေ့သို့ တက်လှမ်းစေချင်မိ တာ အမှန်ပါ။
အနိမ့်ဆုံးအဆင့် ကိုယ်နေတဲ့ ရွာက လေး ကံကောင်းစေချင်တယ်။
အခွင့်အရေးဆိုတာ နှစ်ခါ ပြန်မလာ ဘူးလို့ ဆိုရိုးရှိပေမယ့် ပြည်သူအစိုးရ သက်တမ်း ၅နှစ် ကာလရဲ့ ၂ နှစ်ပြည့် ချိန်မှာ ကံကောင်းခြင်း လက်ဆောင် အဖြစ် ဒုတိယအကြိမ် အုပ်ချုပ်ရေးမှူး ရွေးချယ်ဖို့ ကံစီမံလာတာဟာ နည်းတဲ့ အခွင့်အရေးမှ မဟုတ်တာ။

လူရွေး မမှားဖို့၊ ယခင်လူထက် စေတနာ၊ အနစ်နာ ထားတတ်ပြီး နည်း ကောင်းလမ်းမွန် ညွှန်ပြနိုင်မည့်သူ၊ ရပ် ရွာကောင်းကျိုး ဦးလည်မသုန် ထမ်းရွက် နိုင်မည့်သူ ကိုယ့်ရဲ့လုပ်အားခ ရပ်ရွာရဲ့ လဘ်လာဘ မျှတစွာ အခွင့်ဖန်တီးနိုင်မည့် သူမျိုးနဲ့ တည့်တည့်တိုးပါစေလို့ဆု တောင်းမိပါရဲ့ဗျာ။
ရွေးချယ်ရေး ကော်မတီဟာ ဒီတစ် ခါတည်းကို အစီအစဉ်ကောင်းတဲ့ အခင်းအကျင်းတွေနဲ့ ပွဲထွက်လာခဲ့တယ်။
ခရေစေ့တွင်းကျ လှည်းနေလှေ အောင်း မြင်းဇောင်းမကျန် အိမ်ထောင်စု စာရင်းကို တစ်ပတ်လောက် အချိန်ယူ ပြီး ကောက်ခဲ့ကြတယ်။ ယုံကြည်စိတ်ချ စွာ အပ်နှံခဲ့တဲ့ အလုပ်ရှင် ကျေးလက်လူ ထုကို စိတ်ချမ်းသာစေချင်တဲ့ သဘောပါ။ လှလိုက်တဲ့ စီမံခန့်ခွဲမှု အိမ်ထောင်စု တစ်ရာစီကို မနက်တစ်ကြိမ် ညနေတစ် ကြိမ် အိမ်တိုင်ရာရောက် ဖိတ်စာပို့ပြီး ရွာလယ်မှာ ထင်သာမြင်သာ ဆယ်အိမ် မှူး ရာအိမ်မှူးများကို စိတ်အေးလက် အေး ရွေးချယ်ပေးခဲ့တယ်။
ခက်တာက ရွာသူရွာသားတွေဗျ။

ဆယ်အိမ်မှူးရွေးဖို့ လူကိုမရှိတာ တက်လာလိုက်ကြတာ ငယ်ငယ်ရွယ်ရွယ် တစ်ယောက်မှ မတွေ့။ ဆယ်အိမ်မှာ ၆ အိမ်လောက် အများဆုံး လာတယ်။ တချို့ဆို နှစ်အိမ်ထဲ သူ့ငါမဲပေး ငါ့သူမဲ ပေး ငါ့သူမဲပေးနဲ့ နောက်ဆုံးဗိုလ်၊ ကျား၊ သေနတ်ဆွဲရမယ့် ကိန်းထဲရောက်လို့ မဲနှိုက်ခဲ့ကြရတာလည်း မနည်းဘူး။
မလုပ်နိုင်ရင်တောင်မှာ စိတ်ဝင်စား ဖို့တော့ လိုမယ် ထင်တယ်ဗျ။ နိုင်ငံ တော်အတွက်လို့ ကြီးကြီး ကျယ်ကျယ် မတွေးတောင်မှ ကိုယ့်ရွာအတွက်ပဲဆိုပြီး စိတ်ပါဝင်စားသင့်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းပြောသလို တလွဲဆံပင်ကောင်းကြတဲ့ သူတွေက များတယ်။ လက်ဖက်ရည်ဆိုင်၊ ဗျစ် ရည်ဆိုင်တွေမှာကျတော့ စိတ်ဝင်တစား အချိန်ဖြုန်း တတ်ကြတယ်။ “အစည်း အဝေး”ဟေ့ဆိုရင် မအားတဲ့သူနဲ့ ကြောက် တဲ့သူ စိတ်မဝင်စားတဲ့သူတွေက များ တယ်။ မလွှဲရှောင်သာလို့ တက်ရတဲ့ အစည်းအဝေးဆိုရင်လဲ ဟိုးနောက် ဆုံးခုံတို့ ထွက်ပေါက်နဲ့ နီးတဲ့နေရာ တွေမှာ တိုးခွေ့ပြီး ထိုင်တတ် ကြတယ်။ ပြီးရင် အဲနားစွန်နားဖျား ကြားပြီး ရွာထဲ မှာ ထင်ရာ စွတ်ပြောကြလေရဲ့။

“ပေးကားပေး၏ မရ”ဆိုတဲ့ စကား က အလကားပေါ် လာတာမှ မဟုတ်တာ။ ကျုပ်တို့လို ကျေးစွန် လက်ဖျားဒေသ တွေအတွက်တော့ ဝမ်းနည်းမှတ်တမ်း တွေပါပဲ။ တန်ဖိုးကြီးတဲ့ အခွင့်အရေး တွေဟာ အကြိမ်ရေနည်းနည်းနဲ့ လာခဲ့ ပေမယ့် ကမ်းလက်တွေ ကင်းမဲ့တဲ့အခါ မျိုးတွေ ဖြန့်လက်တွေ လက်သိပ်ထိုးတဲ့ အခါတွေမှာတော့ ဇာတာတွေ ပျက်ခဲ့ကြ ရတယ်။
ခုလည်းကြည့် ရတောင့်ရခဲလှတဲ့ အခွင့်အရေးဗျ။
တစ်ခါက အုပ်ကြီးတစ်ယောက် မ ဖော်ပြသင့်တဲ့ အမှားတစ်ခုကို ကျူးလွန်ခဲ့ ဖူးတယ်။ လူဆိုတာ အမှားနဲ့ မကင်းဘူး။ ဒါပေမယ့် မမှားသင့်တဲ့ အမှားတွေကို ထပ်တလဲလဲ ကျူးလွန်ခဲ့ရင်တော့ မကောင်း ဘူး။ ဒီတော့ ဒီတစ်ကြိမ်မှာ မကြိုက်ရင် ထားခဲ့လို့ရတယ်။ ခွင့်လွှတ်ပြီးလည်း ဆက်လက်တွဲ ခွင့်လည်း ရှိတယ်။ စိတ်ဝင် စားဖို့ပဲ လို တယ်။

ခေတ်တစ်ခေတ်ကနေ နောက်တစ် ခေတ်ကို ကူးပြောင်းဖို့ဆိုတာ ကိုယ်တိုင် လိုက်ပါ ပြောင်းလဲနိုင်မှပါ။ နိုင်ငံသား တစ်ယောက်ရဲ့ တာဝန်ဆိုတာ နိုင်ငံသား တိုင်းမှာ တာဝန်ရှိတာပဲလေ။ ကျရာတာ ဝန်တစ်ခုကို ဆုပ်ကိုင်တာဝန်ယူဖို့ လိုပေ မပေါ့။ အလုပ်လုပ်ဖို့ အခွင့်အရေးရှာရမှာ ပါ။ အခွင့်အရေးရဖို့ အလုပ်လုပ်နေရင် တော့ မျှော်လင့်တာထက် ပိုဝေးတဲ့ နေရာမှာ ပန်းတိုင်ရှိနေလိမ့်မယ် ထင်တယ်။
ကျုပ်တို့ ဆယ်အိမ်စုလေး ဆယ် အိမ်မှူးရွေးကြတော့ ကျုပ်အပါအဝင်မှ ၅အိမ်ပဲ ရှိတယ်။ ဒါပေမယ့် ကံကောင်း တယ်။ အားလုံးဟာ တာဝန်ကျေထက် ပိုတဲ့ စိတ်ဝင်စားမှုနဲ့အတူ လာကြတာ။ အဲဒီမှာ ကျောင်းဆရာလုပ်ဖူးပြီး လက်ရှိ ရော်ဘာ ခြံမန်နေဂျာ တစ်ယောက်နဲ့ နောက်တစ်ယောက်ကလည်း အစိုးရ ဝန်ထမ်းလုပ်ခဲ့ပြီး (ငွေစာရင်းဌာန)သူလည်း ကိုယ်ပိုင် ရော်ဘာခြံနဲ့ နှစ်ယောက်စလုံးက အသက် ၅၀ ဝန်းကျင် ယခင်အဖွဲ့တွေမှာ လည်း အားကိုး ခံခဲ့ကြဖူးတယ်။ ခေါင်း ဆောင်မှုပေးနိုင်သလို ငွေရေးကြေးရေး နောက်ခံတောင့်တင်းတယ်။ လှူတန်း မှုတွေလည်း လက်မနှေးကြဘူး။ စီမံခန့်ခွဲ နိုင်စွမ်း ရှိတယ်။ ဘေးက နှစ်ယောက်ကို မေးတော့ သူတို့လည်း အဲဒီထဲက တစ်ယောက် ကို ရွေးကြတယ်။ ကျုပ်အပါအဝင် သုံးမဲ။ ကဲပွဲကပြီးပြီ။
ဆယ်အိမ်မှူး ဆယ်ယောက်ထဲမှာ ဖြစ်သင့်တဲ့သူ တစ်ယောက်တော့ ပါသွား ပြီ။ ဆက်စောင့်တယ် လူကလည်း အဲဒီ ဆယ်ယောက်ပါပေါင်းမှ အားလုံး ၄၀ လောက်ပဲ ရှိတယ်။

“ရာအိမ်မှူးရွေးပြီး” “မဲကြေညာပြီ” “ဗုဒ္ဓေါ” တစ်ခြားသူ တစ်ယောက်ဖြစ်သွား တယ်။
စဉ်းစားကြည့် လူမညီပါဘူး။ ဒါပေမယ့် ဤကိုပဲ ကျွဲဖတ်သွားကြတယ်။ ဤဟာ ဤကျွဲဟာ ကျွဲသဲသဲကွဲကွဲ ဖြစ်ပါ လျက် ကျွဲပဲဖတ်ကျတော့။ ကျုပ်အံ့ဩမိ ပါရဲ့ဗျာ။ ကာယအားကောင်းတဲ့ ပုဂ္ဂိုလ် ကို ဝိုင်းရွေး သွားကြတယ်။ ရာအိမ်မှူး ရွေးချယ်ပွဲပြီးဆုံးကြောင်း အစည်းအဝေး ခန်းထဲက ထွက်သွားလိုက်ကြတာ ကလေး တွေလိုပဲ ဝုန်းဒိုင်းကျဲလို့ ထမင်းအိုး တည်ဖို့ အမြန်လိုလို့တဲ့ဗျ။ ကြေညာတော့ ကျုပ်လက်ခုပ်မတီး ဖြစ်ခဲ့ဘူး။
ရွေးချယ်ခွင့်ရတဲ့အချိန်မှာ ဖြစ်သလို ရွေးချယ်ခဲ့ကြတယ်။ ဒီအချိန်မှာ အမှား မလုပ်သင့်ဘူး။ ဘာဖြစ်လို့များ ဤနဲ့က မသဲကွဲကြတာလဲ “တစ်ခါက ဦးကျော် သူရဲ့ တွေ့ဆုံခန်းတစ်ခုမှာ သေဆုံးမှု တွေမြင့်တက်ရခြင်းက အဓိကကတော့ အသိဥာဏ် ပညာနည်းပါးလွန်းတဲ့သူများ လို့ပါ”တဲ့ “အသိနဲ့သတိ” က အရေး ကြီးပါတယ်တဲ့။

အော် ဇီကာဗိုင်းရပ်စ်ထက် ကြောက် စရာကောင်းတဲ့ အင်းဆက်တွေများ ကူး စက်ခံနေကြရပြီလား စိတ်ပူမိပါတယ်။ လူကို ကြည့်ရမယ့် အချိန်ပါ။ ဘယ်ပါ တီမှ စွဲမနေသင့်ဘူး။
ဒီတစ်ခါ ၃ နှစ်စာ ဆေးမင်ရည် စုတ်ထိုးရမှာလေ။
ကြည့်ပါဦး။ အုပ်ချုပ်ရေးမှူး ရွေးချယ်တဲ့နေ့မြင်ကွင်း ထင်ထား သလောက်တောင် ပရိသတ် မရှိပါဘူး။ အရှုံးအနိုင် အရေးမကြီးတော့တဲ့ ဘောလုံး ပွဲတစ်ပွဲကို ကြည့်ရသလိုပဲ တစ်ခြားနယ် တွေမှာ ပြိုင် ဆိုင်မှု ပြင်းထန်သလောက် ကိုယ့်ရွာမှာ စိတ်ဝင်စားမှု နည်းလိုက်ကြ တာဗျ။ ပြိုင်ဘက်တွေကလည်း အားရ စရာ မရှိဘူး ၄ ယောက်ကတော့ ရာအိမ်မှူး ပဲ လုပ်နိုင်ပါတယ်တဲ့။ နှစ်ယောက်ထဲ ပြိုင်မှာ ပြိုင်ဘက် အသစ်ကလည်း ဘာမဲမှမဆွယ် ဘာလမ်းစဉ်မှလည်း ချမပြ။ ပရိသတ်ကလည်း ဘာတဲ့ ကျေးလက်အဆင့်ကို စိတ်မဝင်စားဘူးတဲ့ ရင်နာစရာစကားသံတွေ လူနေတာက ရွာမှာ၊ စိတ်နေတာက ဪ ဘဝင် တွေက ဒရုန်းလေယာဉ်လေးတွေ ကိုယ်စီနဲ့ နေနိုင်လိုက်ကြတာ။

နောက်ဆုံးတော့ အသစ်ဘယ် လောက်ကောင်း အဟာင်းတစ်လည်လည် နဲ့ပဲရွာက နှစ်ပါးသွားရချည်သေးရဲ့။
ဪ သူတို့တွေ သိပ်ပြီးအစွဲအ လန်းကြီး ကြတာပဲနော်။
စိန်ခေါ်သူကလည်း”တုံဏှိဘာဝေ”နဲ့ အိမ်ပြန်ဖို့ပဲ အရေးကြီးတဲ့ အစည်း အဝေးတွေ အခွင့်အရေး တစ်ကြိမ်ပြန်ပေး သော်လည်း လွယ်လင့်တကူ ပြုမူခဲ့ကြ တာတွေ။ ဒါရွာဓလေ့လား မှားပြီဟေ့ ဆိုတော့မှ “ဒီကောင်က ဘာလုပ်တတ် လို့တုန်း”တို့ “အဖြစ်မရှိသူမှ ရွေးကြ သလား”တို့၊ “တစ်ရွာလုံး ကန်းနေကြ သလား”တို့ ပြောကြဦးမှာ။

ပြောတဲ့သူ ကိုယ်တိုင်လည်း စိတ် ဝင်တစားမရှိဘူး “အားမှ မအားတာ”ဆိုတဲ့ စကားဆင်ခြေတွေနဲ့ မကျေနပ် သံတွေ ကြားရဦးမှာပါလားလို့ တွေး ရင်းနဲ့ အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ အောင်မြင်စွာ ပြီးဆုံးကြောင်း ကြေညာ တော့လည်း ကျွန်တော် လက်ခုပ်တီးဖို့ မေ့ခဲ့ပြန်တယ်ဗျ။