၂၀၁၇ ခုနှစ် မွန်တွင် ယာဉ်မတော် တဆမှုကြောင့် သေဆုံးသူ သုံးရာကျော်

0
530

မွန်ပြည်နယ်တွင် ၂၀၁၇ ခုနှစ် အတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၃၃၆ ဦးရှိသည်ဟု အမှတ် (၁၂) ယာဉ်ထိန်းရဲ ဒုတပ် ဖွဲ့မှူးရုံး(မွန်) စာရင်းအရ သိရသည်။
ပြည်နယ်တစ်ခုလုံးတွင် ဆိုင်ကယ် တိုက်မှု ၅၂၁ မှု၊ ကားမတော်တဆတိုက်မှု ၃၉၃ မှု စုစုပေါင်း ယာဉ်မတော်တဆမှု ၉၁၅ မှု ရှိပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၁၅၉၂ ဦးရှိကာ သေဆုံး သူ ၃၃၆ ဦး ရှိသည်။

“ယာဉ်စည်းကမ်း လမ်းစည်းကမ်း ကို တစ်ဦးချင်းဆီ လိုက်နာကျင့်သုံးမှ ယာဉ်တိုက်မှု လျော့နည်းလာမယ်၊ လမ်း တွေ ကောင်းလာတော့ ယာဉ်တွေကို စည်းကမ်းမဲ့ မောင်းလာကြတယ်”ဟု အမှတ် (၁၂) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့မှူးရုံး (မွန်)မှ ဒုရဲမှူး (ဦးစီး) ဌေးရွှေက ပြောသည်။
၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုသည် ၂၀၁၆ ခုနှစ် နှင့် ယှဉ်လျှင် ပိုများလာသည်။
၂၀၁၆ ခုနှစ်တွင် ယာဉ်မတော်တဆ မှု ၇၉၄ မှုရှိခဲ့ပြီး သေဆုံးသူ ၃၁၇ ဦးနှင့် ထိခိုက် ဒဏ်ရာရရှိသူ ၁၂၈၉ ဦး ရှိခဲ့ သည်။

ဆိုင်ကယ်ဦးထုပ်မဆောင်းခြင်း၊ အရက် သေစာသောက်စားပြီး မောင်းနှင် ခြင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း များ လိုက်နာမှုမရှိခြင်း၊ သတ်မှတ် မိုင်နှုန်း ထက် ပိုမောင်းနှင်ခြင်းတို့ကြောင့် ယာဉ် မတော်တဆမှု ပိုများလာပြီး သေဆုံးသူ ထိခိုက်ဒဏ်ရာရသူလည်း ပိုများလာသည် ဟု ဒုရဲမှူး ဌေးရွှေက ဆက်ပြောသည်။
ယာဉ်မတော်တဆမှုများသည် သထုံခရိုင် အတွင်းရှိ ကျိုက်ထိုမြို့နယ်၊ သထုံ မြို့နယ်နှင့် ပေါင်မြို့နယ်တို့တွင် အများဆုံး ဖြစ်ပွားခဲ့ သည်ဟု အမှတ် (၁၂) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ မှူးရုံး(မွန်)မှ သိရသည်။

၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု ဖြစ်စဉ်များကြောင့် တရားစွဲဆိုခံရသူ ၁၀၃၅ ဦးရှိပြီး ဆုံးရှုံးမှု တန်ဖိုးမှာ ကျပ်သိန်းပေါင်း ၁၆၀ဝ ကျော် ရှိသည်ဟု (၁၂) ယာဉ်ထိန်းရဲ ဒုတပ် ဖွဲ့မှူးရုံး(မွန်)မှ ယာဉ်တိုက်မှု နှစ်ချုပ် စာရင်းအရ သိရသည်။
ယာဉ်မတော်တဆမှု လျော့နည်း လာစေရန် မြို့နယ်အလိုက် ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက် သော ဟောပြောပွဲများ ပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်း အပြင် နှစ်အလိုက် ယာဉ်မတော်တဆမှု ဖြစ်ပွား ခဲ့သည့် ဇယားများကိုလည်း မြို့နယ် အလိုက် လူသွားလူလာများသည့် နေရာ တွင် စိုက်ထူ ထားခြင်းလုပ်ငန်းများလည်း ပြုလုပ်နေသည်ဟု မော်လမြိုင်ခရိုင်ယာဉ် ထိန်းရုံးမှ သတင်း ထုတ်ပြန်ထားသည်။