မောင်းမကန်ကမ်းခြေတွင် အမှိုက်ပုံးများ အရေးပေါ်လိုအပ်

0
463

အမှိုက်ပြဿနာကို ကိုယ်ထူကိုယ် ထ ဖြေရှင်းနေရသည့် မောင်းမကန် ကမ်းခြေ၏ ကမ်းနဖူးတစ်လျှောက် ထားရှိရန် အမှိုက်ပုံးများ အရေးပေါ် လိုအပ်နေကြောင်း မောင်းမကန်ကမ်းခြေ သန့်ရှင်း သာယာလှပရေး နှင့် စည်ကမ်း ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဦးလေး ဝင်းက ပြောသည်။
ကော်မတီမှ ၂၀၁၅ ခုနှစ်က ကိုယ်ထူကိုယ်ထ ဝယ်ယူချထားခဲ့သော သံပီပါနှင့် ပလပ်စတစ် အမှိုက်ပုံးများမှာ ဖျက်ဆီးခံရခြင်းနှင့် ရာသီဥတုဒဏ် ကြောင့် ပျက်စီးနေပြီဖြစ်ပြီး စည်းကမ်း တကျ အမှိုက်ပစ်လိုသည့် ဧည့်သည်များ က အမှိုက်များကို အမှိုက်ပုံးနဘေးတွင် ထားသွားနေရသည့် အနေအထား ဖြစ် နေကြောင်း ဦးလေးဝင်းက ဆိုသည်။

“အကောင်းတိုင်းကျန်တဲ့ အမှိုက် ပုံးက မရှိသလောက်ပဲ။ အစိုးရက အမှိုက်ပုံး ချထားပေး၊ ပျောက်တာပျက် တာ ကော်မတီက ပြန်ဝယ်ထည့်ဆိုတာမျိုး မျှော်လင့်မိတယ်” ဟု ၎င်းက ပြောသည်။
လိုအပ်သည့် အမှိုက်ပုံးအတွက် ထားဝယ်မြို့ရှိ ပလပ်စတစ်ဆိုင်များတွင် လိုက်လံစုံစမ်းခဲ့သော်လည်း သင့်တော် သည့် အမှိုက်ပုံးများ မတွေ့သည့်အပြင် ဝယ်ဖြည့်ရန်အတွက်လည်း ကော်မတီမှ ငွေကြေး အခက်အခဲရှိနေခြင်းကြောင့် မဝယ်ဖြစ်သေးကြောင်း ဦးလေးဝင်းက ပြောသည်။

မောင်းမကန်ကမ်းခြေ စားသောက် ဆိုင်များနှင့် ဈေးဆိုင်ခန်းပိုင်ရှင်များ လူမှုရေးအသင်းက ကမ်းခြေကော်မတီ နှင့်ပူးပေါင်းကာ ပင်လယ်မှလာသည့် သဘာဝအမှိုက်နှင့် စွန့်ပစ်အမှိုက်များကို အပတ်စဉ် တနင်္လာနေ့ နံနက်တိုင်း ကောက်ယူကာ အမှိုက်ပုံတွင် စွန့်ပစ် လျက်ရှိသည်။
တိုင်းဒေသကြီး လူမှုရေးနှင့် စည် ပင်သာယာရေးဝန်ကြီး ဦးဟိုပင်ကမူ မောင်းမကန်ကမ်းခြေအတွက် သင့်တော် သည့်အမှိုက်ပုံးများရရှိရန် စည်ပင်သာ ယာရေးအဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်သွား မည်ဟု ဆိုသည်။

“ကြိုးစားပေးမယ်၊ မောင်းမကန် ကမ်းခြေနဲ့ ဒေသခံတွေရဲ့လုပ်ရပ်က တို့ဒေသရဲ့ဂုဏ်ပဲ၊ ပီတိဖြစ်တယ်” ဟု ဦးဟိုပင်က ပြောသည်။
တိုင်းအစိုးရအဖွဲ့မှ မောင်းမကန် ကမ်းခြေ သန့်ရှင်းသာယာ လှပရေးနှင့် စည်ကမ်းထိန်းသိန်းရေး ကော်မတီအား ၂၀၁၇ နှစ်နှောင်းပိုင်းက အမှိုက်ကား တစ်စီး ပေးအပ်ဖူးသည်။