တနင်္သာရီတိုင်း အစိုးရက တရားစွဲထားသည့်အမှု တာဝန်ခံ အယ်ဒီတာကို အာမခံပေး

0
923

တနင်္သာရီအပတ်စဉ်တွင် ဖော်ပြခဲ့ သည့် သရော်စာကိစ္စ အရေးယူပေးရန် တနင်္သာရီတိုင်းအစိုးရက တိုင်ကြား လျှောက်ထားမှုတွင် တာဝန်ခံအယ်ဒီတာ ဖြစ်သူကို အာမခံကြေး ငွေကျပ် သိန်းနှစ် ဆယ်ဖြင့် ဇန်နဝါရီလ ၂ ရက်က ခံဝန် ပေးလိုက်ကြောင်း ထားဝယ်မြို့နယ် တရားရုံးထံမှ သိရသည်။
သရော်စာ ဖော်ပြခြင်းနှင့် ပတ်သက် ၍ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ တွင် တနင်္သာရီအပတ်စဉ်၏ တာဝန်ခံ အယ်ဒီတာက အချုပ်လွတ်ထုချေခွင့် လျှောက်ထားလာသဖြင့် ခံဝန်ယူသူ နှစ်ဦး၏ စုစုပေါင်း အာမခံကြေး သိန်း ၂၀ အာမခံဖြင့် ခံဝန်ပေးလိုက်ကြောင်း မြို့နယ်တရားသူကြီး ဦးကျော်မြင့်က ဆိုသည်။

နိုဝင်ဘာလ ၂၀ ရက်ထုတ် တနင်္သာရီ အပတ်စဉ် အတွဲ ၅ အမှတ် ၁၇ တွင် ဖော်ပြခဲ့သည့် ကလောင်ရှင် မူးဆေးအိုး ၏ မဲဆွယ်အပြုံး ခေါင်းစဉ်ဖြင့် ရေးသား သည့် သရော်စာသည် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက် သည်ဟုဆိုကာ အရေးယူပေးရန် နိုဝင်ဘာလ ၂၃ ရက်တွင် တိုင်းအစိုးရအဖွဲ့ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးက ထားဝယ်မြို့နယ် တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့သည်။
တနင်္သာရီအပတ်စဉ်တွင် ဖော်ပြ ပါရှိသော မဲဆွယ်အပြုံးသရော်စာ ဖော် ပြမှုနှင့် ပတ်သက်၍ သတင်းမီဒီယာ ဥပဒေ ပုဒ်မ ၂၅(ခ)ဖြင့် အရေးယူသွားရန် ဒီဇင်ဘာလ ၂၁ ရက်က မြို့နယ်တရားရုံး က ဆုံးဖြတ်ခဲ့သည်။

ထိုပုဒ်မအရ အများပြည်သူ၏ အကျိုးစီးပွားနှင့် စပ်ဆိုင်သည့် သတင်း ရေးသားခြင်း မဟုတ်လျှင် ပုဂ္ဂိုလ်တစ်ဦး အဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာကို တမင်ထိခိုက်စေသော အရေးအသားနှင့် လူ့အခွင့်အရေးကို ထိခိုက်စေသော အ ရေးအသားမျိုး ဖော်ပြခြင်းမှ ရှောင်ကြဉ် ရမည်ဖြစ်ပြီး ထိုပြစ်မှုကျူးလွန်ပါက ဒဏ်ငွေ ကျပ်သုံးသိန်းမှ ကျပ် ဆယ်သိန်း အထိ ချမှတ်ခံရမည် ဖြစ်သည်။

အမှုနှင့် ပတ်သက်၍ စစ်ဆေးရန် လာမည့် ဇန်နဝါရီလ ၁၆ ရက်ကို ပြန်လည်ချိန်းဆိုထားကြောင်း ၄င်းက ပြောသည်။
“လာမယ့် ရုံးချိန်းမှာ တရားလိုကို စစစ်သွားမယ်”ဟု မြို့နယ်တရားသူကြီး ဦးကျော်မြင့်က ဆိုသည်။
တရားရုံးက ဆင့်ခေါ်ထားသည့် အတွက် ရုံးရှေ့သို့လာကာ အာမခံ လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ရှေ့နေများ နှင့် တိုင်ပင်ကာ အကောင်းဆုံးဖြစ်အောင် ခုခံချေပသွားမည်ဖြစ်ကြောင်း တနင်္သာရီ အပတ်စဉ်၏ တာဝန်ခံ အယ်ဒီတာဖြစ်သူ ဦးမျိုးအောင်က ပြောသည်။

“ကျွန်တော့်ရှေ့နေတွေနဲ့ ဥပဒေ လမ်းကြောင်းအရ အကောင်းဆုံးဖြစ် အောင် ခုခံချေပသွားမယ်၊ အဲဒါအတွက် လည်း အကောင်းဆုံး ပြင်ဆင်နေပါ တယ်” ဟု ဦးမျိုးအောင်က ဆိုသည်။

တနင်္သာရီ အပတ်စဉ် သတင်းစာ သည် တနင်္သာရီတိုင်း အခြေစိုက်ဖြန့် ဝေသည့် တစ်ခုတည်းသော အပတ်စဉ် ထုတ် သတင်းစာဖြစ်ပြီး တနင်္သာရီတိုင်း တွင် အစိုးရသစ်လက်ထက်အတွင်း မီဒီယာကို ပထမဆုံး တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ယမန်နှစ်က တနင်္သာရီအပတ်စဉ်ပါ အောင်လွင် (ကံပေါက်သား) ရေးသား ထားသည့် ငါးရံ့တစ်ကောင်၏ ရင်ဖွင့် သံဆောင်းပါးကိုလည်း ဒယ်လ်ကို သတ္တု တွင်းကုမ္ပဏီက တရားစွဲဆိုခဲ့ဖူးသည်။
တပ်မတော်ကို ဝေဖန်သော သရော် စာတစ်ပုဒ် ထည့်သွင်း ဖော်ပြ မှုကြောင့် တပ်မတော်က The Voice Daily သတင်းစာကို ယခုနှစ်အတွင်း တရားစွဲ ဆိုခဲ့ဖူးပြီး နောက်ပိုင်းတွင် ပြန်လည် ကျေအေးခဲ့သည်။