မီးပုံနဘေးမှာ ဝိုင်းကာပတ်ကာ

0
575

ဒီဇင်ဘာလဆန်းနှင့် လလယ်တွင် အတော်ပင် ချမ်းခဲ့သည်။ တစ်နှစ်ပတ် လုံးတွင် တစ်ပတ်မျှ ချမ်းခြင်း ဖြစ်ပေ သည်။ ထိုသည်ပင် နှစ်စဉ်မဟုတ်။ လေးငါးနှစ်ကြာမှ တစ်ခါနှစ်ခါမျှသာ။

ယင်းသို့ ရံဖန်ရံခါ ချမ်းတိုင်း အသက်အရွယ်ရသူတို့က တစ်ချိန်က ” ဆောင်း”ကို သတိတရ တမ်းတကြ လေသည်။
ငယ်ရွယ်စဉ် ငါးခြောက်ဈေးသည် ဘဝက မနက် ၄ နာရီခန့် ကမ်းနားလမ်း ပလက်ဖောင်းပေါ် မီးဖိုကာ အနွေးထည်၊ ခေါင်းစွပ်နှင့် မီးပုံနဘေး ကွေးအိပ် ရသည်က ပျော်စရာကောင်းခဲ့ကြောင်း မြိတ်မြို့၊ တပ်ပြင်ရပ်နေ အသက် ၈၄ နှစ်ရှိ အဖွား ဒေါ်မြသွေးက ပြောသည်။
“ဟိုးတုန်းကတော့ ဆောင်းရာသီ မနက်အစောကြီး အိမ်ရှေ့မှာမီးပုံလေး ပုံပြီး ပအုန်းရည်ငါးပိဖျော်၊ ငါးခြောက် ဖုတ်နဲ့ ထမင်းပူပူလေးစားရတဲ့ အရသာ က မမေ့ဘူး”ဟု အဖွားမြသွေးက ဆိုသည်။

လွန်ခဲ့သည့်နှစ် ၂၀ ခန့်ထိ ဆောင်းတွင်း မီးလှုံသည့် အလေ့အထ ရှိခဲ့သေးကြောင်း ၄င်းက ဆိုသည်။
အဖွားမြသွေးပြောသည် တစ်ချိန် က “ဆာင်း” တွင် အချို့ မိသားစုများက အိမ်ပေါ်တွင် စောင်၊ အနွေးထည် ကိုယ်စီဖြင့် ညနေတိုင်း မီးပုံကို ဝိုင်းကာ မီးလှုံတတ်ကြသည်။ ထမင်းကိုလည်း မီးပုံနဘေးတွင်ပင် တိုးဝှေ့ စားတတ်ကြ သည်။ ပိန္နဲစေ့၊ ပီလောပီနံဥ စသည်များ မီးဖုတ်ကာ စားရင်း စကားဖောင်ဖွဲ့ တတ်ကြသည်။

“ဦးနေဝင်းခေတ်ကောင်းချိန်ပေါ့၊ မြို့လယ်က ဘောလုံးကွင်းမှာ မီးပုံကြီး ဖိုပြီး ဝိုင်းဖွဲ့စားကြ သောက်ကြ ကခုန် ကြတာ မှတ်မိသေးတယ်”ဟု မြိတ်၊ မြို့သစ်ရပ်နေ အသက် ၇၀ ကျော်အရွယ် ဦးအင်ရှိန်က ပြောသည်။
နံနက်ဆိုက ပတ်ဝန်းကျင်အိမ်တွေ များနှင့်ပါ စုပေါင်းကာ အိမ်ရှေ့လမ်း နံဘေးတွင် အမှိုက်ခြောက်၊ ခွဲရခက်သော ထင်းခေါင်းများဖြင့် မီးပုံကာ မီးလှုံကြ သည်။ မီးပုံတွင်ပင် ငါးခြောက်ဖုတ်ကာ ထမင်းရေစိမ်နှင့် စားတတ်ကြသည်။

“ငယ်ငယ်တုန်းကဆိုရင် ကောက်ညှင်း ပေါင်း လက်ဖက်ရည် မီးပုံဘေးမှာ ထိုင် သောက်ကြတယ်၊ မိသားစုအလိုက်ပေါ့”ဟု ထားဝယ်မြို့ တလိုင်းမစု ရပ်ကွက်နေ အသက် ၃၅ အရွယ် ဒေါ်မီးမြတ်က ပြောသည်။
ဒေါ်မီးမြတ် ငယ်စဉ် တနင်္သာရီမြို့နယ် တွင် နေစဉ်က ဆောင်းနံနက်များ ချမ်း လွန်းသဖြင့် နံနက်နှစ်နာရီခန့်မှစ မီးထဖို ရသည် ဆို၏။
ထားဝယ်မြို့နယ် ဝကုန်းရွာမှ အသက် ၂၅ အရွယ် ကိုမျိုးဇော် ငယ်စဉ် ကလည်း ရွာနှင့်လယ် နီးသဖြင့် ဆောင်း ရာတိုင်း လယ်ထဲမှ ကောက်ရိုးများ သယ်ကာ ကောက်ရိုးမီးလှုံကြသည် ဆို၏။ စပါးသိမ်းချိန်ဆိုက လယ်ကွက် ထဲပုံထားသည့်မီးပုံတွင် မီးလှုံရန် သူငယ်ချင်းများ လယ်ထဲသို့ တကူးတက ဆင်းလာတတ်ကြသည်ဟူ၏။

“မီးပုံပြီးရင် ထန်းရည်ချိုတွေ ဝယ် လာပြီးတော့ မီးပုံမှာ ကောက်ညှင်း ပေါင်းနဲ့ စားကြတယ်”ဟု ကိုမျိုးဇော်က ပြောသည်။
ယခုအချိန်တွင်ကား မီးလှုံသည့် အလေ့အထ မတွေ့ရသလောက် ရှားလာလေပြီ။ ဒီဇင်ဘာလဆန်းက အတော်ချမ်းခဲ့သော်လည်း မီးလှုံသူ များစွာမတွေ့ပေ။
“အရင်ကဆို မနက်အိပ်ယာထ လိုက်တာနဲ့ ဟိုဖက် ဒီဖက် ကြည့်လို့ မမြင်ရဘူး နှင်းတွေကျနေတာ။ အခု အဲတာတွေ လိုက်ရှာလို့တောင် မရတော့ ဘူး။ ချမ်းလဲ မချမ်းတော့ဘူးဆိုတော့ နောက်ပိုင်း မီးမလှုံဖြစ်တော့ဘူး” ဟု ကိုမျိုးဇော်က ပြောသည်။

ပုလောမြို့မှ အသက် ၄၀ ကျော် အရွယ် မနွယ်ကကလည်း ယခင် ဆောင်း ရာသီဆိုက ကာလအတိုင်းအတာတခုထိ မျှမျှတတအေးခြင်းမျိုး ခံစားရပြီး ယခု နောက်ပိုင်းနှစ်များတွင် အအေးဒဏ်ကို ခံစားရသော်လည်း ယခင်ကဲ့သို့ မီးလှုံရ သည်အထိ မချမ်းတော့ဟု ပြောသည်။
“ချမ်းတာထက် အအေးပိုတဲ့ ဒဏ် ကို ခံစားလာရတယ်၊ ပရမ်းပတာ အအေး ပိုပြီး အချိန်တွေ တိုတောင်းလာတယ်၊ အဆင်ပြေသလို အနွေးထည်ကို ဝတ် ထားလိုက်တယ်”ဟု မနွယ်က ပြောသည်။

ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ် ကွက်မှ တက္ကသိုလ်ကျောင်းသူ မဝတ် ရည်ဖြိုးကမူ နှစ်ကူးညများတွင်သာ မီးပုံပွဲ လုပ်ဖူးပြီး ချမ်း၍ မီးလှုံခြင်းမျိုး မရှိဖူးဟု ဆိုသည်။

“ဒီလောက်ပူတဲ့နေရာက ဘယ်သူ မီးလှုံ”နိုင်မလဲ၊ ချမ်းရင်လည်း အနွေး ထည်လေး ဝတ်လိုက်ရင်ကိုပဲ အဆင်ပြေ နေပြီလေ၊ မနက်အစောကြီး အဲလို တကူးတကလည်း လုပ်မအားဘူးလေ၊ ဒီမှာက မိုးလင်းပြီဆို ကိုယ့်အလုပ်နဲ့ ကိုယ် ပြာယာခတ်နေကြတာ”ဟု မဝတ်ရည်ဖြိုးက ပြောသည်။
မြိတ်၊ မြို့သစ်ရပ်နေ အသက် နှစ်အရွယ် မကူကူးရိန်ကား ဆောင်းမီး ပုံပွဲများကို အသာထား “နှင်း”ကိုပင် ကိုးရီးယားဇါတ်ကားများ၌သာ မြင်ဖူးရ ကြောင်း ဆိုသည်။

မြိတ်သူကြီး အဖွားမြသွေးကတော့ ဆောင်းရာသီ မရှိတော့ဟု ဆိုသည်။
“မီးမလှုံရတာနှစ် ၂၀ နီးပါး လောက်ရှိပြီ။ အားလုံးကဖောက်ပြန် ကုန်ပြီလေ”ဟု အဖွားမြသွေးက ဆိုလေ သည်။
အဖွားမြသွေးအပါအဝင် တနင်္သာရီ အပတ်စဉ်မှ မေးမိသူ အားလုံးနီးပါးက ဆောင်းရာသီ ဆိုသည်မှာ မရှိတော့ဟု ဆိုလာကြသည်။
“အခု အရင်ကလို ဘာလို့ မချမ်း တော့တာလဲ၊ အရမ်းသိချင်နေတယ်။ ကျွန်တော်က ဆောင်းရာသီကို သဘော ကျတယ်”ဟု ထားဝယ် ဝကုန်းရွာသား ကိုမျိုးဇော်က ဖွင့်ဟသည်။

ကိုမျိုးဇော် သဘောကျသည့် ဆောင်းနေ့ရက်များ တစ်ကျော့မပြန် နိုင်တော့ပါ။
တစ်ချိန်က လက်ဖဝါးကို မီးကင် ပါးမှာကပ်၊ ဖင်လိုက်လှည့်လှုံ၊ သတင်း ပုလင်း အစုံပြောခဲ့ရသည့် ဆောင်းနံနက် များ တစ်ကျော့ပြန်ရန် မလွယ်ကူ တော့ပါ။
လူနှင့် သဘာဝတရားတို့ကြောင့် ဖြစ်ပေါ်လာသော ရာသီဥတု ပြောင်း လဲမှုများက တနင်္သာရီတိုင်းသားတို့၏ မီးလှုံသည့်အလေ့အထကို ရိတ်သိမ်း သွားခဲ့လေပြီ။