ထားဝယ်ကမ်းနားလမ်း နေရာအချို့ကို နှစ်လမ်းသွားအဖြစ် သုံးလအတွင်း အပြီးချဲ့မည်

0
568

ထားဝယ်မြို့ ဆိပ်ကမ်းသာလမ်းရှိ မြောင်းပုလဲတံတားထိပ်မှ ကမ်းနားဈေး အနီးအထိကို နှစ်လမ်းသွားလမ်းအဖြစ် အချိန်သုံးလအတွင်း အပြီးချဲ့မည် ဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင် သာယာရေးကော်မတီအတွင်းရေးမှူးက ပြောသည်။

အရှည်ပေ ၁၄၀၀ ရှိ မြောင်းပုလဲ တံတားထိပ်မှ ကမ်းနားဈေးအနီးအထိ လမ်းပိုင်းကို လက်ရှိ ခင်းထားသည့် ကွန်ကရစ်လမ်းနှင့် အပြိုင် ၁၈ ပေ အကျယ်ရှိ ကွန်ကရစ်လမ်းကို ထပ်ခင်း ကာ နှစ်လမ်းသွားအဖြစ် တည်ဆောက် သွားမည်ဖြစ်ကြောင်း မြို့နယ် စည်ပင် ကော်မတီ အတွင်းရေးမှူးက ဆိုသည်။
ကွန်ကရစ်လမ်း နှစ်လမ်းကြားတွင် လမ်းလယ်ကျွန်း၊ မီးတိုင်နှင့် ရေမြောင်း ပါဝင်မည်ဖြစ်ပြီး ထားဝယ်မြစ်ကမ်း တွင်လည်း မြေထိန်းနံရံ၊ ပလက်ဖောင်း များကိုပါ ယခုနှစ် ၂၀၁၇-၂၀၁၈ ဘတ် ဂျက်အတွင်း (၃လအတွင်း) အပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း ကော်မတီ အတွင်းရေးမှူးက ပြော သည်။
“ဒီဘဏ္ဍာနှစ်ထဲမှာပဲ ကမ်းနားဈေး နားအထိ ဆောင်ရွက်သွားပြီး ကျန်တဲ့ အပိုင်းကို နောက်နှစ်ဘဏ္ဍာရေးနှစ်မှာ ဆက်လုပ်သွားမယ်”ဟု ကော်မတီ အတွင်းရေးမှူးက ဆိုသည်။

တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် မြေညှိခြင်းလုပ်ငန်း ကို ဇန်နဝါရီလ ၅ ရက်က မြေတူးစက်များ ဖြင့် လုပ်ငန်းများ စတင်လုပ်ကိုင်နေပြီး ပေ ၁၄၀၀ အတွင်း မြေညှိခြင်းလုပ်ငန်းကို ၁၅ ရက်အတွင်း အပြီး လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ လုပ်ငန်းများ လုပ်ကိုင်ရန် အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် တွင် ဘတ်ဂျက်ငွေကျပ် ၃၅၉.၉ သန်းကို အသုံးပြုသွားမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရ သည်။