မြွေတော်ကျွန်း စစ်ဆေးရေး စခန်းရှေ့မဖြတ်သည့် ကော့သောင်း-ထိုင်း ကူးပဲ့ချိတ်ရေယာဉ်များကို ခံဝန် စထိုးခိုင်း

0
474

မြွေတော်ကျွန်းစစ်ဆေးရေးစခန်း ရှေ့မှ မဖြတ်သည့် ပဲ့ချိတ်ရေယာဉ်များ ကို ဒီဇင်ဘာလ ၃၁ ရက်က စတင်ခံဝန် ထိုးခိုင်းခဲ့ကြောင်း ကော့သောင်းမြို့နယ် ရေယာဉ်ငယ်ထိန်းသိမ်းရေး အသင်း ဥက္ကဋ္ဌ ဦးတင်ဦးက ပြောသည်။
ကော့သောင်းမြို့မှ ထိုင်းနိုင်ငံသို့ ခရီးသည်ပို့ဆောင်နေသည့် ပဲ့ချိတ်ရေ ယာဉ်အားလုံး မြွေတော်ကျွန်းစစ်ဆေးရေးစခန်းရှေ့မှသာ ဖြတ်သန်းသွားရန် ဒီဇင်ဘာလ၂၈ ရက်က သတိပေးထုတ် ပြန်ထားသည်။

ကော့သောင်းမှ ထိုင်းသို့ ပဲ့ချိတ် ဖြင့်သွားသည့် ခရီးတစ်လျှောက် မြန်မာ ဘက်ခြမ်းတွင် မြွေတော်ကျွန်း စစ်ဆေး ရေး စခန်းတစ်ခုအပြင် ထိုင်းဘက်ခြမ်း တွင် စစ်ဆေးရေးဂိတ် ၂ ခုရှိသည်။
“သတိပေးလျက်နဲ့ စည်းကမ်း ဖောက်တဲ့ ပဲ့ချိတ် ၆စီးကို ကနဦးအနေနဲ့ ခံဝန်လက်မှတ် ထိုးခိုင်းခဲ့တယ်။ ပထမ အကြိမ် ခံဝန်တစ်ကြိမ် ထိုးခိုင်းမယ်။ ဒဏ်ရိုက်မယ်။ ခံဝန် ၃ကြိမ်ကျော်ရင် တော့ လ.၀.ကအဖွဲ့တွေနဲ့ တိုင်ပင်ပြီး တစ်မျိုး စီစဉ်ရတာပေါ့”ဟု ဦးတင်ဦးက ဆို သည်။
ကော့သောင်းမြို့လုံခြုံရေးအတွက် မြွေတော်ကျွန်း စစ်ဆေးရေးစခန်းအရှေ့မှ ဖြတ်သန်းသွားလာရန် သတ်မှတ်ထား ခြင်းဖြစ်ပြီး ပဲ့ချိတ်လှေများသည် ယင်း စစ်ဆေးရေးစခန်းတွင် ဝင်ရောက် သတင်း ပို့ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မြွေတော်ကျွန်းရှေ့က ဖြတ်လည်း ပြဿနာတော့ မရှိပါဘူး၊ အနောက် ဘက်က ဖြတ်တယ်ဆိုတာက တစ်ခါ တလေ ခရီးသည်ဘက်မှာ တစ်ခုခုမပြည့် စုံရင် ရှောင်ကွင်းပြီး လာတဲ့သဘောပါ”ဟု ခံဝန်ထိုး ခဲ့ရသည့် ပဲ့ချိတ်သမား တစ်ဦးက ဆိုသည်။
ကော့သောင်းတွင် ထိုင်းနိုင်ငံသို့ ခရီးသည် ပို့ဆောင်ပေးနေသည့် ပဲ့ချိတ် လှေ အစီး ၁၂၀ ခန့်ရှိကြောင်း မြို့နယ် ရေယာဉ်ငယ်ထိန်းသိမ်းရေးအသင်းထံမှ သိရသည်။