သစ်လေးမျိုး လေလံပစ်ရောင်းချခွင့် ယာယီရပ်ဆိုင်း

0
401

တိုင်းအတွင်း ကျွန်း၊ ပိတောက်၊ တမလန်း၊ သင်းဝင် စသည့် သစ်လေး မျိုးကို လေလံပစ်ရောင်းချခွင့်ကို ယာယီ ရပ်နားရန် သစ်တောဦးစီးဌာန ရုံးချုပ်က ညွှန်ကြားလိုက်သည်။
ယင်းညွှန်ကြားချက်အရ သစ်တော ဦးစီဌာနသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့မှ စပြီး ယင်းသစ်လေးမျိုးကို လေလံတင် ရောင်းချခွင့် မရှိတော့ကြောင်း တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇေယျ က ပြောသည်။

“ဘယ်အချိန်ထိ ရပ်နားသလဲဆို တော့ နောက်အမိန့် ညွှန်ကြားချက် တစ်စုံတစ်ရာ မလာမချင်းအထိပဲ”ဟု ၎င်းက ဆိုသည်။
တိုင်းအတွင်း ယင်းသစ်လေးမျိုး အနက်မှ ပိတောက် အမျိုးအစား တစ်ခု သာရှိပြီး သစ်ပွ အမျိုးအစား သစ်သာများ ကြောင်း ဦးကျော်ဇေယျက ပြောသည်။
လေလံတင် ရောင်းချရာတွင် ရောင်းချ ရေးကော်မတီ ဖွဲ့စည်းရန်နှင့် လိုက်နာရ မည့်စည်းကမ်းချက်များကို ပြန်လည် စိစစ်ပြင်ဆင်ရန် ယာယီရပ်နား ထားခြင်း ဖြစ်ကြောင်း ညွှန်ကြားစာအရ သိရသည်။

သစ်တောဦးစီးဌာနမှ ဖမ်းမိသည့် သစ်များအားလုံးကို မြန်မာ့သစ်လုပ်ငန်း ကို လွှဲပြောင်း ပေးအပ်ရပြီး မြန်မာ့သစ် လုပ်ငန်းမှ လက်မခံသည့် ရောင်းတန်း မဝင်သစ်များကိုမူ သစ်တောဦးစီးဌာနက တိုင်းအတွင်း လေလံပစ် ရောင်းချ ကြောင်း ဦးကျော်ဇေယျက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် တိုင်း အတွင်း သစ်တောဦးစီးဌာနမှ သစ် စုစုပေါင်း ၁၂၇ တန် ကို လေလံပစ် ရောင်းချခဲ့ကြောင်း သိရသည်။