သဘာဝတရားကို ထိတွေ့ခံစားခြင်း အစီအစဉ် ထားဝယ်တွင် ပြုလုပ်မည်

0
449

ထားဝယ်မြို့အနီးတစ်ဝိုက် ဒေသ များတွင် သဘာဝတရားကို ထိတွေ့ ခံစားခြင်း အစီအစဉ်တစ်ခု လာမည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ မတ်လ ၃ ရက်နေ့အထိ ၅ ရက်ကြာ ပြုလုပ် မည်ဖြစ်ကြောင်း WWF Myanmar ရုံးထံမှ သိရသည်။
အစီအစဉ်တွင် ရေဝေရေလဲ ဒေသ များ၊ ဒီရေတောများ၊ အစုအဖွဲ့ပိုင် သစ် တောစိုက်ခင်းများကို သွားရောက်ပြီး သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် အပြန်အလှန် ဆက်စပ်မှု အကြောင်း အရာများကို လေ့လာမည် ဖြစ်ကြောင်း အထက်ပါရုံး ဆက်ဆံရေး အရာရှိ ဦးစောလင်းထက်က ပြောသည်။

သွားရောက်လေ့လာမည့်နေရာ အတိအကျကိုမူ ဇန်နဝါရီလအတွင်းမှ သိရမည်ဖြစ်ပြီး အစီအစဉ်တွင် အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်း လူငယ် ၅ ဦး မှ ၁၀ ဦးအထိ ပါဝင်နိုင်ကြောင်း ဦးစေားလင်းထက်က ပြောသည်။
“ကွင်းဆင်းလေ့လာရေး ခရီးစဉ် ပြီးဆုံးရင်တော့ ရန်ကုန်မြို့မှာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိ ပညာပေး ပြပွဲတစ်ခု ပြုလုပ်ဖို့ စီစဉ်ထားပါတယ်”ဟု ၎င်းက ဆိုသည်။

သဘာဝပတ်ဝန်းကျင်နှင့် ဂေဟ စနစ်များသည် ပြည်သူများ အသက်ရှင် ရေးအတွက် အရေးကြီးသဖြင့် တစ်ခုနှင့် တစ်ခု ဟန်ချက်ညီအောင် ဆောင်ရွက် သွားရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
ယင်းအစီအစဉ်တွင် ပါဝင်မည့် လူငယ်များသည် ထားဝယ်ဒေသတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူများ၊ ဒေသခံများနှင့် တွေ့ဆုံကာ အပြန်အလှန် ဗဟုသုတ မျှဝေသွားမည် ဖြစ်ကြောင်း သိရသည်။