အလောင်းပြင်ဆဲ မသာဆရာများ

0
997

အိမ်တစ်အိမ်တွင် လူတစ်ယောက် ယောက်သေဆုံးလျှင် မဖြစ်မနေ ပြေး ခေါ်ရသူကား “အလောင်းပြင်သူ” ဖြစ်ပါ သည်။
အရပ်ခေါ်က “မသာဆရာ”။
“ကိုယ်လဲမလုပ်ရဲဘူးလေ၊ အယူ အဆတွေလွဲသွားရင် ကိုယ့်ကို ပြောကြ မှာလည်း စိုးတယ်။ ရပ်ကွက်က ကျေနပ် အောင်လုပ်ရသေးတယ်” ဟု ကော့သောင်း မြို့ အောင်သုခရပ်ကွက်မှ ဒေါ်သန်းသန်း နွယ်က အိမ်တွင်ယောက်ျားဆုံးစဉ် အခါက အတွေ့အကြုံကို ပြောလေသည်။

အများအားဖြင့် မသာဆရာ လာမှ လူသေအလောင်းကို မကြ ရွှေ့ကြရ သည်။ ထိုဆရာတို့က အိမ်ကြမ်းခင်း အလိုက် အလောင်းကို အလျားလိုက်ထား ခြင်း၊ မှန်များကို ဖုံးအုပ်ခြင်း၊ အလောင်း အလှဆင်ခြင်း၊ အခေါင်းရိုက်ခြင်း စသ ဖြစ်သော မသာကိစ္စအဝ၀ကို တာဝန်ယူ ဆောင်ရွက်သွားတတ်သည်။
တာဝန်ကျေသော မသာဆရာများ သည် သူလက်ထဲ အလောင်အပ်သည့် အချိန်မှအစ အသုဘရက်လည် သပိတ် ဆွမ်းသွတ်ပြီးသည်အထိ တာဝန်ယူ တတ်ကြသည်။ ထိုသို့သော မသာ ဆရာများ (သို့) အလောင်းပြင်သူများက တစ်ရပ်။တစ်ရွာတွင် တစ်ယောက်တော့ ရှိစမြဲဖြစ်သည်။
လောင်းလုံးမြို့နယ် ညင်းမော် ကျေးရွာက အသက်ကြီး၍ အနားယူ လိုက်ပြီဆိုသော အငြိမ်းစား မသာဆရာ အသက် ၆၅ နှစ်အရွယ် ဦးသောင်းဖေ၏ အလောင်းပြင်သက်တမ်းက ၁၅ နှစ်ခန့် ရှိခဲ့သည်။

သူက မသာဆရာပညာအား တတ်ပါ စေတော့ဟု သင်ခဲ့ခြင်းမျိုးမဟုတ်ဘဲ မြင်ဆရာတို့၏ အလောင်းပြင်ပုံကို ကြည့်ရင်း တတ်သွားသည်ဆိုသည်။ ထို မြင်ဆရာတို့ အလောင်း မပြင် နိုင်တော့သည့်အရွယ်သို့ ရောက်သော အခါ ရွာသားများက သူ့အားအကူအညီ တောင်းရာမှ မရည်ရွယ်ဘဲ မသာဆရာ ဖြစ်ခဲ့ရကြောင်း ဦးသောင်းဖေက ပြော သည်။
“ပိုက်ဆံလိုချင်လို့ လုပ်ပေးတာ မဟုတ်ဘူး။ ဒါပေမဲ့ ကျန်ရစ်တဲ့ မိသားစု တွေကနေပြီး ပိုက်ဆံတွေ လှူလိုက် တယ်။ အဲလိုရလာတဲ့ ပိုက်ဆံတွေကို ကိုယ်လည်း နည်းနည်းပါးပါးသုံးတယ်။ သေသွားတဲ့သူရော ကျန်ရစ်သူတွေ အတွက်ပါ ရည်စူးပြီး အလှူလုပ်ပေး တယ်။ ကုသိုလ်လည်းရ ဝမ်းလည်းဝ ဆိုသလိုပေါ့” ဟု ဦးသောင်းဖေက ပြောသည်။

ဦးသောင်းဖေ အလောင်းပြင်စဉ်က အလောင်း ရေးချိုးပေးသည့် ဓလေ့ရှိဆဲ။ သန့်ရှင်းသတ်ရပ်စေရန် ရေချိုးပေးသည် ဟု ဦးသောင်းဖေ ခံယူသည်။
မသာဆရာက ရေချိုးပေးလျှင် ဆွေမျိုးများက ဝိုင်းကူကြရသည်။
“ကျွန်မ ၁၀ နှစ်သားတုန်းက အဖွား မသာလောင်းကို ဂျီးတွန်းရသေးတယ်” ဟု လောင်းလုံးမြို့နယ် ကျောက်ဆင်ရွာမှ အသက် ၅၃ နှစ်အရွယ် ဒေါ်မိစန်းက ပြောသည်။
ဦးသောင်းဖေ အလောင်းစပြင်စဉ် က သေသူ၏ဆွေမျိုးများ အဝတ်ဖြူ ဝတ်ရသည့်ဓလေ့ ရှိဆဲ။ သေသူအား ဆွေမျိုးမြင်သာရန် ပြသည့်သဘောဟု ဆိုသည်။
ထိုခေတ်က ရွာများတွင် မီးသဂြိုလ် ခြင်း မရှိသေး။ ငွေတတ်နိုင်သူများက ဂှုသွင်း၊ မတတ်နိုင်တဲ့သူက မြေမြှုပ် ကြသည်။ ဦးသောင်းဖေတို့ မသာဆရာ များက သင်္ချိုင်းသို့သွားကာ မြေနေရာ သွားဝယ်ပေးရသည်။ မမြင်ရသည့် သင်္ချိုင်းစောင့်ထံ လိုချင်သည့် မြေ အတိုင်းအတာ ပြောဝယ်ကြရသည်။ တန်ဖိုးက စတိအနေဖြင့် ကွမ်းတစ်ယာ၊ နှစ်ယာ။

သေသူ လူ့ပြည်တစ်ဖက်ကမ်းကူး နိုင်ရန် ကူးတို့ခ အကြွေစေ့ ငါးမှုး တစ် မတ် ထည့်ပေးရန်လည်း မသာဆရာက မမေ့ရ။
မသာရှင်များကိုလည်း ဆောင်ရန် ရှောင်ရန်များ မသာဆရာများက မှာကြားတတ်သည်။ အသုဘရှင်များက လည်း ထိုဆရာ ညွှန်ကြားချက်အတိုင်း တသွေမတိမ်း လိုက်နာကြရသည်။
အသုဘကိစ္စတွင် စည်းမျဉ်းများရှိ သကဲ့သို့ ယင်းစီးမျဉ်းများကို ဖောက် ဖျက်ခဲ့လျှင် ဆိုးကျိုးမည်သို့ ဖြစ်တတ် သည်ကိုလည်း လက်ခံယုံကြည်ထားကြ သည်။
ဥပမာ အခေါင်းပြုလုပ်ရာတွင် အသုဘ အိမ်ခြံဝင်းမှအပ အခြားခြံဝင်းထဲ မလုပ်ရ။ ဆွေစဉ်မျိုးဆက် သေတတ် သည်ဟူသော အယူအဆမျိုး အရိုးစွဲခဲ့ ကြသည်။ မြန်မာလဆန်းစပိုင်းသေလျှင် ရွာထဲ ဆက်တိုက်သေတတ်သည်၊ သို့ ကြောင့် အသုဘအိမ်တွင် ပေါက်ကရ စကားများ မပြောရ။ မသာချရန် အိမ်အောက်သို့ အလောင်း(အခေါင်း)မလျှင် ပြတင်းပေါက်နှင့် မထိ၊ မတိုက် စေရ၊ ယင်းအိမ်တွင် လူဆက်တိုက် သေတတ်သည်.. စသဖြင့်။

ဦးသောင်းဖေတို့ လက်ထက် တွင်ကား ယင်းအယူအဆများ တဖြည်း ဖြည်း ပါးလာသည်။
“အခုခေတ်မှာကတော့ ရှေ့အစဉ် အလာတွေ တော်တော်များများ ပျောက် သွားတယ်။ သူ့ခေတ်နဲ့သူ ပေါ့လေ။ ဦးတို့ လုပ်ခဲ့စဉ်ကလဲ ရှေ့ထုံးနဲ့ လွဲနေ တာတွေ ရှိခဲ့တာပဲလေ။ သူ့ခေတ်မှာ သူလုပ်တာ အမှန်ပေါ့” ဟု ဦးသောင်းဖေ က ဆိုသည်။
ယခင်ကဆိုလျှင် အစိမ်းသေ (နာမကျန်းဖြစ် သေရိုးသေစဉ်မဟုတ်ဘဲ လတ်တလော အကြောင်းတစ်ခုခုကြောင့် ရုတ်တရက်သေဆုံးသူ) များဆိုက အိမ်ပေါ်မတင်ရ၊ ရွာထဲမသွင်းရ၊ အလောင်း ကို ရွာတွင်းမှ ဖြတ်မသယ်ရ၊ သင်္ချိုင်းသို့ တိုက်ရိုက်သယ်ယူကာ အသုဘအခမ်း အနားကို သင်္ချိုင်းတွင် ပြင်ဆင်ကျင်းပ ရသည်။ မသာဆရာနှင့် ကာလသား များက ညစောင့်အိပ်ရသည်။

သို့ကြောင့် ဆေးရုံတွင်ရင်ခွဲပြီး ရွာပြန်သယ်သည့် အလောင်း တင်လာ သောကား၊ မြင်းလှည်းဆိုလျှင် ဖြတ်လာ သည့်ရွာများ မသိစေရန် ကားပေါ်၊ မြင်းလှည်းပေါ်ပါသူများ အသံမထွက်ရ၊ မိသားစုဝင်များ ကျယ်ကျယ် မငိုရ။ ရွာရောက်မှ မသာဆရာကို တိုးတိုး ပြေးခေါ်ရသည်။
“အစိမ်းသေတွေလဲ ရွာထဲ အဝင် မခံဘဲရွာပြင် သင်္ချိုင်းမှာသွားထား တာတွေ အရင်ကပဲရှိတယ်။ ဆေးရုံမှာ သေပြီးလာတဲ့သူလဲ ရွာထဲအဝင်မခံတာ တွေ့ဖူးတယ်။ အခုနောက်ပိုင်းကတော့ နားလည်မှုတွေနဲ့ အိမ်တွေမှာထား နေကြတာရနေတာပဲလေ”ဟု လောင်းလုံး မြို့နယ် စွန်တောင်ပေါ်ကျေးရွာမှ အသက် ၅၈ နှစ်အရွယ် ဦးတိုးတိုးက ပြောသည်။

မသာဆရာတို့ အယူအဆနှင့် လုပ်ဆောင်ပုံက တစ်ယောက်နှင့် တစ်ယောက်မတူ။ တစ်ရွာနှင့်တစ်ရွာ ကွဲလွဲမှု အနည်းငယ်စီ ရှိတတ်သည်။ နောက်ပိုင်းတွင် ပိုပိုကွဲပြားလာ ဖြေလျှော့လာကြသည်။
လက်ရှိတွင် အလောင်းအား ရေမချိုးပေးတော့ဘဲ မိသားစုများက စနိုးတာဝါပိုင်းဖြင့် တစ်ကိုယ်လုံး ဝိုင်းသုတ်ပေးကြကြောင်း ကော့သောင်း မြို့ ရွှေဟသာရပ်ကွက်မှ အသုဘပြင် သူဦးအောင်ဝင်းက ပြောသည်။
အမျိုးသမီးအလောင်းဆိုက ဆံပင်ဖြီးသင်ခြင်း၊ သနပ်ခါးလိမ်း နုတ်ခမ်းနီဆိုး မျက်ခုံးမွေး ဆွဲပေးခြင်း၊ အမျိုးသားဆိုက ပေါင်ဒါမွှေး လိမ်းပေး ခြင်းတို့ပြုလုပ်သည်ဟု ဦးအောင်ဝင်းက ဆိုသည်။

ယခင်က သစ်ကုတင် (အချို့က ဘုန်းကြီးကျောင်းတွင်ငှား) ဖြင့် အလောင်းပြင်ကာ မပုတ်သိုးရန်အတွက် ရေခဲတုံးများ ကိုယ်ပေါ်စိမ်ခြင်း၊ ဖော် မလင်ဆေးအား အလောင်းချက်တစ်ဝိုက် ထိုးခြင်းတို့ ပြုလုပ်ရသည်။ လက်ရှိတွင် အအေးခန်းခေါင်းတလားများ ပေါ်ပေါက် နေလေပြီ။
“အအေးခန်းပါတဲ့ အခေါင်းထဲ ထည့် မဆံ့တဲ့ အဝလွန်သူမျိုးတွေ၊ နေအိမ်ထဲ အအေးခန်းအခေါင်းဝင်မဆံ့တဲ့ အိမ်တွေ ဆို အသုဘထားမယ့်၊ သိပ်မယ့်ရက် အပေါ်မူတည်ပြီး ဆေးထိုးပေးနေရတုန်း ပဲ”ဟု ဦးအောင်ဝင်းက ပြောသည်။

အလောင်းပြင်သူများက မသာ ဆရာဆိုသည်ထက် ပရဟိတစိတ်ဖြင့် ကုသိုလ်ယူ လုပ်ဆောင်ပေးနေခြင်း သာဖြစ်ကြောင်း ၎င်းက ဖွင့်ဟသည်။
ယခုကား အအေးခန်းအခေါင်း တလားတွေက ရွာတိုင်းရပ်တိုင်းနီးပါး ရှိနေပြီ။ နာရေးအသင်းအဖွဲ့ များလည်း ရွာတိုင်းနီးပါး ရှိနေပြီ။ ယင်းအသင်းဝင် တို့က မသာဆရာတို့လုပ်ခဲ့သော အလုပ် များကို အစအဆုံး ဝင်လုပ်လာကြသည်။ အယူအစွဲတို့ကို ဖျောက်လာကြသည်။
ယခုနောက်ပိုင်းတွင် အသုဘငှက်ပျော ပွဲပင် မပြင်တော့ကြောင်း ၂၀၁၃ ခုနှစ် မှစ အသုဘနာရေးကိစ္စအဝ၀ကို ကူညီ ပေးနေသော ပလမြို့ကင်းရပ်ကွက် နာမူကူညီရေးအသင်းအဖွဲ့မှ ကိုခင်ဇော်လတ်က ပြောသည်။

“အခုနောက်ပိုင်း ခေတ်လူငယ် တွေက အစွဲမထားဘူး။ မလုပ်ရင်ဘာဖြစ် တယ်ဆိုတာက အယူဝါဒအစွဲ လမ်းတွေ၊ မလုပ်လည်း ဘာမှမဖြစ်တာ”ဟု ကိုခင်ဇော်လတ်က ပြောသည်။
ယင်းသို့ နာရေးပရဟိတအသင်း အဖွဲ့များ ရှိနှင့်နေသည့်တိုင်အောင် အချို့က အသုဘဆိုလျှင် မသာဆရာပါမှ စိတ်ချကြဆဲ၊ လူသေလျှင် မသာဆရာ ပြေးခေါ်နေရဆဲ ဖြစ်သည်။

“ခေတ်တွေ ဘယ်လိုပြောင်းပြောင်း ရှေးထုံးကတော့ ပစ်ပယ်လို့မရဘူး ရှေးထုံးပယ်လို့ အမှောက်အမှားဖြစ်ရင် တစ်အိမ်လုံး ဒုက္ခရောက်သွားနိုင်တာလေ၊ သေတဲ့အချိန်ကစပြီး ရက်လည်တဲ့အထိ မသာဆရာပြောတဲ့အတိုင်း လိုက်လုပ်ရ တာ”ဟု ကော့သောင်းမြို့ ပိတောက် ရွှေဝါ ရပ်ကွက်နေ ဒေါ်မီးမီးက ပြောသည်။ မသာဆရာများလည်း မသာ လောင်း များကိုရော အသုဘပိုင်ရှင် တို့ကိုပါ ဆရာလုပ်နေကြဆဲ။