အိမ်

0
502

မကြာမီ နှစ်ကုန်တော့မည်။ ဒီဇင် ဘာ၏ ချိုမြိန်မှုက ကျွန်တော်နှင့် ပြဒါး တစ်လမ်း သံတစ်လမ်း။ ဒီဇင်ဘာ၏ အ အေးဓာတ်က ခန္ဓာကိုယ်အတွက် အလုပ် ဖြစ်သော်လည်း စိတ်အတွက် အာဟာရမ ဖြစ်။ ခရစ်စမတ်တေးသံများက နားဝတွင် ပြယ်လွင့်။ နှလုံးအိမ်ထဲတွင် တိတ်ဆိတ်။ ပြည့်စုံသူများအတွက် ဒီဇင်ဘာသည် ချစ်ခင်စွဲမက်ဖွယ်ရာ နှုတ်ခမ်းတစ်စုံ။ ကျွန်တော်အတွက် ဒီဇင်ဘာသည် နွေအိပ်မက်။ မကြားချင်ဆုံးသော အသံ။ သို့သော် ရှောင်လွှဲ၍ကား မရ။
ဒီဇင်ဘာ ၃၁ရက်နေ့ဆိုလျှင် အိမ် စာချုပ်ပြည့်တော့မည်။

ရစရာရှိသူအတွက် အချိန် တစ်နှစ် သည် ရှည်ကြာလွန်းလှပေမည်။ သို့သော် ပေးစရာရှိသည့် ကျွန်တော့်အတွက်မှာ ကား တစ်နှစ်ဆိုသောအချိန်က ကုန်မြန် လွန်းလှသည်။ အချိန်၏ရွေ့လျားနှုန်း သည် တစ်စက္ကန့်ချင်းသာ ဖြစ်သော်လည်း ကျွန်တော့်အတွက် အချိန်၏ခြေလှမ်းတို့ က မြန်လွန်းနေသည်။ ထိုထက်နှေး၍ ရလျှင် နှေးထားချင်သည်။
အခုတစ်လော အဆိုတော် “အငဲ”၏ “အိမ်”သီချင်းက ခံတွင်း တွေ့လှသည်။ ဒီဇင်ဘာလအတွင်း၌ ပင်လျှင် နားထောင် ဖြစ်သည့် အကြိမ်အရေအတွက်က တစ်နေ့ဆယ်ကြိမ်ထက် မက။ မောင်မောင် ဇော်လတ်အနေဖြင့် ကျွန်တော်အတွက် ရည်ရွယ်ပြီး ရေးသားထားသလား အောက်မေ့ရသည်။ စကားလုံးတိုင်းက ရင်ကို ထိစေသည်။

မြန်မာအိုင်ဒေါseasonမှ winne တစ်ဦးဖြစ်သူ သားငယ်၏ ခရေဇီ သီချင်းလည်း ဖြစ်သည်။ သားငယ်က တော့ ဘ၀တစ်ဆင့်ချိုးသွားပြီဖြစ်၍ “အိမ်”သီချင်းကို ခရေဇီဖြစ်ချင်မှဖြစ်တော့ မည်။ သို့သော် ကျွန်တော့်အတွက်မူကား ဘယ်အချိန်ထိ ခရေဇီဖြစ်နေရဦးမည် မသိ။
တစ်ကိုယ်ရည် တစ်ကာယသမားအ တွက် ကျောပါလျှင် ဖျာဖြစ်သည်။ တွေ့သည့်နေရာ ထိုးအိပ်၍ ရသည်။ သို့သော် မိသားစုနှင့်ဖြစ်လာလျှင် ထိုအတိုင်း ဆက်သွားနေ၍ မရတော့။ မိသားစုအတွက် နားခိုစရာ အိမ်လို လာသည်။ ခိုနားစရာ အသိုက်အမြုံ လိုလာသည်။

အိမ်ထောင်သက် ၅နှစ်ကျော်လာချိန် တွင် တိုးတက်လာသည်က လူဦးရေ။ အိမ်ထောင်ပြု နောက်ကျ၍ “စီးပွားရေး” ထက် “ပွားစီးရေး”ကို ဦးစားပေးနေရ သည်။ သားသမီးတည်းဟူသော ဆည်း လည်းလေးများ မရှိပြန်လျှင်လည်း မည့်မျှပြည့်စုံသည့် အိမ်ဖြစ်နေပစေ ခြောက်ကပ်နေပေမည်။ ယခုအချိန်တွင် တော့ “ပွားစီးရေး”ရာသီကုန်ပြီဖြစ်၍ စီးပွားရေးဖက် ဦးလှည့်ရပေဦးမည်။ မိသားစုတစ်စုတွက် ကိုယ်ပိုင် အိမ်ဂေဟာ လေးတစ်ခု ပိုင်ဆိုင်ဖို့က အရေးကြီးလှ၏။ သို့သော်လည်း ယခုအချိန်ထိ ထိုအိပ်မက် က ဝေဝါးနေဆဲ။ သားသမီးများ အရွယ် ရောက်ချိန်တွင် အဆင်သင့်ဖြစ်မှ ဖြစ်ပါ့ မလားဆိုသည်ကို စိုးရိမ်နေရသည်။
လူတစ်ဦးအတွက် ကိုယ်ပိုင်မြေ ကွက်တစ်ကွက် ပိုင်ဆိုင်ထားခြင်းက ဘ၀ ရပ်တည်မှုအတွက် ခြေဖဝါးနှင့်တူကြောင်း မိတ်ဆွေတစ်ဦးက ပြောခဲ့ဖူးသည်။ ထိုအချိန် ကတည်းက ယခုအချိန်ထိ ဦးနှောက်ထဲ တွင် စွဲမြဲနေဆဲ။

ကိုယ်ပိုင်အိမ်ရှိမှ၊ ကိုယ်ပိုင်လုပ်ငန်း ရှိမှ အိမ်ထောင်ပြုမည်ဆိုသည့် အစီအစဉ် မှာ ကောင်းမွန်သော်လည်း အဆင့်ကျော် နေသည်ဟု စီနီယာအိမ်ထောင်ရှင်ကြီး များက မိန့်သည်။ နောက်ဆုံးတွင်တော့ သူတို့ပေးသည့်အကြံကို လက်ခံပြီး အိမ်ထောင်အရင်ပြု ဖြစ်သည်။ အသက် ၃၅နှစ် ဆိုသည်က မိဘတွေကလည်း ဆက်လက် ကျွေးမွေး ထားလိုစိတ် မရှိတော့သည့် အရွယ်။ ထိုအရွယ်တွင်မှ အိမ်ထောင်မပြု ဖြစ်ပြန်လျှင်လည်း လူပျိုကြီးဘ၀နှင့်ပဲ တစ်သက်လုံး အရိုးထုတ်ရတော့မည် ကိန်း။ မိတ်ဆွေ လူပျိုကြီးစာရေးဆရာတစ်ယောက်ပြော သလို ကွင်းကြီးကွင်းသေး ရွေးနေဖို့ အချိန်မရ။ နီးရာကွင်းကို ထိုးဆင်းရမည့် အနေအထား ဖြစ်လာတော့မည်။ အခု တောင်မှ ကိုယ်နှင့်တစ်ရွယ်တည်းသမား များထဲတွင် ကိုယ်က နောက်ဆုံးမှ ပန်းဝင် သူ၊ နောက်ဆုံးကားနှင့် လိုက်ခဲ့သူဖြစ်နေ သည်။ သို့သော် ကိုယ့်ထက်နောက်ကျပြီး အောက်ဆိုက်ကား စောင့်နေသူများလည်း မှတ်တိုင်တွင် ရပ်နေဆဲ။

ကိုယ့်အိုးကိုယ့်အိမ်နှင့် အတည်တ ကျဖြစ်နေကြသော ငယ်သူငယ်ချင်းများ ကို တွေ့ရတိုင်း အိမ်ထောင်ပြုနောက်ကျ ခဲ့မိခြင်းအတွက် နောင်တရမိသလိုလို။ ကိုယ်လည်းသူတို့လို စောစောအိမ်ထောင် ပြုခဲ့မည်ဆိုပါက အခုချိန်လောက်ဆို လျှင် ကိုယ့်အိုးကိုယ့်အိမ်နှင့်ဖြစ် ကောင်းဖြစ်နေနိုင်သည် မဟုတ်ပါလား။ သို့သော် အတိအကျပြော၍ကား မရ။
အမေရိကန်မှာထက် နှစ်ဆသုံးဆနီး ပါးမြင့်နေသည့် မြန်မာနိုင်ငံ၏ အိမ်ခြံ မြေဈေးက ကျွန်တော်တို့ကဲ့သို့သော လူတန်းစားများအတွက် ကိုယ်ပိုင်အိမ်ရာ နှင့် နေလိုသည့် စိတ်ကူးကို အရောင်မှိန် သွားစေသည်။ မြို့သစ်က မြေကွက်တစ် ကွက်၏ အနိမ့်ဆုံးဈေးကပင်လျှင် သိန်း နှစ်ရာ သိန်းသုံးရာခန့် ဖြစ်နေသည်။

ထိုငွေကြေးပမာဏမျှ စုဆောင်းမိချိန်ဆို လျှင် အိမ်ဈေးက နှစ်ဆလောက် ခုန်တက်သွားနိုင်သည်။ ဒါနကုသိုလ် နည်းခဲ့သည့် အတိတ်ဘ၀ကိုပဲ အပြစ်ဖို့ ရလေမလား။ ငွေကြေးများများ မရှာ တတ်သည့် ကိုယ့်ကိုယ်ကိုပဲ အပြစ်ပုံ ချရမလား။ သို့တည်းမဟုတ် မြေဈေး၊ အိမ်ဈေးကို လိုသလိုချယ်လှယ်နေ ကြသော သူများကိုပဲ အပြစ်မြင်ရ မလား။ သို့တည်းမဟုတ် အိမ်ဈေး၊ မြေဈေးကို မထိန်းချုပ်နိုင်ကြသည့် အစိုးရများကိုပဲ အပြစ်ဖို့ရမလား ဆိုသည်မှာ ဝေခွဲမရနိုင် အောင်ပင်။ အားလုံးတွင် အပြစ်ရှိနေသည် ကတော့ သေချာသည်။ ယခုအတိုင်းဆို လျှင်တော့ အိမ်ပိုင်ချင်နေသည့် စိတ်ကူးမှာလေထဲတွင်သာ ရှိနေပေဦး မည်။ နောက်ဆုံး အားကိုးစရာ ကောက်ရိုး လေးတစ်မျှင်တော့ ကျန်နေသည်။ ကျွန်တော်တို့ကဲ့သို့သောသူများအတွက် အောင်ဘာလေထီလက်မှတ်များ ရောင်း အားတက် နေပေဦးမည်။

အတိတ်ကို လည်ပြန်ကြည့်မိသော အခါ မိမိနေထိုင်ခဲ့ဖူးရာ အိမ်များက မနည်းလှ။ ဤသည်ကပင်လျှင် မတည် ငြိမ်သည့် ဘ၀တစ်ခု၏ ပြယုဂ်လေလား။ လူသားအဖြစ် ရှင်သန်နေထိုင်ခွင့်ရသည့် နှစ်လေးဆယ်အချိန်အတွင်း တဲသာသာ အိမ်၊ ဝါးထရံကာ အိမ်တို့နှင့်လည်း နေခဲ့ရဖူးသည်။ အဖိုးအိမ်တွင် နေခဲ့ဖူး သကဲ့သို့ အမျိုးအိမ်တွင်လည်း နေခဲ့ဖူး သည်။ နောက်ဆုံးနေခဲ့ရသည်က အမေ့ အိမ်။ အိမ်ထောင်ကျပြန်သောအခါ တွင်လည်း ယောက္ခမအိမ်က ခဏတာ နားခိုစရာ။ ယခုလက်ရှိ အနေအထား မှာကား အငှားအိမ်သားဘ၀နှင့် အသား ကျချင် ယောင်ဆောင်နေရသည်။ အိမ်ငှားခ မတတ်နိုင်တော့လျှင်ဆိုသည့် အတွေးက အိပ်ပျက်ညများကို အရေ အတွက်တိုးစေသည်။

ကျွန်တော်နေခွင့်ကြုံခဲ့သမျှ အိမ် များထဲတွင် အဖိုး၏အိမ်ကို အလွမ်းဆုံး။ ကျွန်တော့ငယ်ဘ၀ စတင်ခဲ့ရာအိမ်။ အိမ်၏ အနှစ်သာရ ပြည့်ဝခဲ့သော အိမ်။ မိသားစုစုံလင်ခဲ့ဖူးသော အိမ်။ ထားဝယ် ရိုးရာအိမ်။ ခြေတံရှည် သစ်သားအိမ်။ ဓနိမိုးထားသဖြင့် အချိန်တိုင်းနီးပါး ပူပြင်းမှုကို မခံစားရ။ အိမ်ရှေ့ကပြင်မှာ မူကား အဖိုးတို့ ဓမ္မမိတ်ဆွေတစ်စုနေ့စဉ် တရားဆွေး နွေးရာနေရာ။ ထိုတရား ဆွေးနွေး ဝိုင်းနံဘေးတောက်တိုမယ်ရ လုပ်ပေးရင်း သစ္စာလေးပါး၊ ခန္ဓာငါးပါး တို့အကြောင်း ငယ်စဉ်ကပင် နားရည်ဝ ခဲ့သည်။

သို့သော် ယခုအချိန်ထိ ကောင်းမွန်စွာ ကျင့်ကြံအား ထုတ်မနိုင် သေး။ အိမ်ရှေ့ကပြင်နှင့် အိမ်မကြီးကြား တွင် တံခါးပေါက်ကြီးသုံး ပေါက်ပါသည့် နံရံနှင့် ခြားထားသည်။ လှေကားထိပ် တည့်တည့်တံခါးနံဘေးတွင် အဘွား အိပ်သည်။ ဘုရားကျောင်း ဆောင်ရှေ့ နားတွင် အဖိုးနောက်ဆုံးခေါင်း ချချိန်ထိ အိပ်စက်သွားခဲ့သည်။ အဘိုးနှင့် အဘွားတို့ နှစ်ယောက်ကြားတွင် ကျွန် တော်တို့ညီအစ်ကို အိပ်ကြသည်။ အိမ်မ ကြီးထဲတွင် အထပ်ခိုးပါသည်။ ထိုအ ထပ်ခိုးအောက်တွင် တိုက်ခန်းကျယ်တစ် ခန်းရှိသည်။ ထိုတိုက်ခန်းလေးတွင် ကျွန် တော့်ငယ်ဘ၀ကို ထုဆစ်ပေးခဲ့သော မြို့မှလာသည့် ဆရာမလေးနေသည်။ ညတိုင်းနီးပါး ဂိုက်လုပ်ပေးခဲ့သည့် ဆရာမ ၏ ကျေးဇူးကြောင့် ကျွန်တော့်ပညာရေး အခြေခံကောင်းခဲ့သည် ထင်၏။ ဆရာမ ၏ ကျေးဇူးကား မေ့မရ။

ထိုတိုက်ခန်း လေးရှိနေခြင်း ကပင်လျှင် ကျွန်တော့် ပညာရေးအတွက် အထောက်အကူ ဖြစ်ခဲ့ သည်။ အိမ်မကြီးနှင့်တွဲလျက် မီးဖို ဆောင် ရှိသည်။ အမြဲတမ်းကျိုထားသော မည်းတူးနေ သည့် အဖိုး၏ ရေနွေးအိုးမှာ ထိုမီးဖို ခန်း၏ အမှတ်သင်္ကေတတစ်ခုပင်။ ရေနွေးကြမ်း အမြဲသောက်သော၊ အချို မှုန့် မစားသော၊ သား ငါးမစားသော အဖိုးသည် အသက်ကိုးဆယ်ကျော်မှ လူကြီးရောဂါဖြင့် ဆုံးသည်။ အဖိုးဆုံးပြီး မကြာမီမှာပင် အဖွားလည်း ဆုံးသည်။ကျွန်တော် လေးတန်းအရွယ်လောက်က တည်းက အဖိုး၏အိမ်ပေါ်မှ အဖေအမေ တို့ ဆင်းလာခဲ့သည်။ အခုတော့ အဖေ ဆုံးသွားခဲ့သည်ပင်လျှင် ၁၅နှစ် ကျော်နေပေပြီ။ အဖိုး၏အိမ်လေး မှာလည်း စိတ်ကူးထဲတွင်သာ ရှိတော့ သည်။ သူလည်း သက်ရှိများကဲ့သို့ပင် သင်္ခါရသဘောကို မလွန်ဆန်နိုင်ခဲ့။

အိမ်၏ သဘောကားလူတို့ အတွက် ခဏာတာ ခိုးနားရာနေရာ။ အတောင်မစုံ ခင် ခဏတာ ကွန်းခိုရာ၊ အားမွေးရာ နေရာ။ ထိုအိမ်ကြီးတွင် မှီခိုနေထိုင် သူများ အတောင်စုံ၍ အသီးသီး ပျံသန်း ထွက်ခွာသွားကြချိန်၊ အိမ်၏ အရှင် သခင်တို့ စွန့်ခွာသွားချိန်တွင် အထီး ကျန်ဆန်ခြင်း ရသကို အိမ်ကြီးကိုယ်တိုင် လည်း ခံစားနေရပေလိမ့်မည်။ ထိုအိမ် ကြီးသည်လည်း အချိန်ကာလ အပိုင်း အခြား တစ်ခုခုတွင် အိုမင်းမစွမ်းဖြစ်ကာ ပျောက်ကွယ်သွားရပေဦးမည်။

ကျွန်တော် လက်ရှိခံစားမိနေ၊ တန် ဖိုးထားမိနေသည့် အိမ်က နှလုံးသား ထဲက အိမ်။ ထိုအိမ်သည်မိသားစု၏ ဝိဥာဉ်။ နေထိုင်ကွန်းခိုစရာအိမ် အရေး ကြီးသကဲ့သို့ နှလုံးသားထဲက အိမ်သည် လည်း အရေးကြီးလှသည်။ခေတ်မီ ခမ်းနားလှသည့် အိမ်ကြီးပေါ်မှ မိသားစု တစ်ချို့ နှလုံးသားထဲက အိမ်မခိုင်မာ၍ ပြိုကွဲနေကြသည်။ ကျွန်တော်တို့အတွက် အိမ်နှစ် မျိုးစလုံး ခိုင်မာနေရန် ကြိုးစား ရပေမည်။ နှလုံးသားထဲက အိမ်ပြိုကွဲလျှင် ကွန်းခို စရာအိမ်ပါ ပြိုပျက်သွားနိုင်သည်။