တိုင်းတွင်းရှိ ခရိုင်ဆေးရုံများတွင် ခွင့်ပြု ဆရာဝန်ဦးရေ၏ ထက်ဝက်ကျော် လစ်လပ်နေ

0
411

တနင်္သာရီတိုင်းအတွင်းရှိ ခရိုင် ဆေးရုံများတွင် ခွင့်ပြုဆရာဝန်ဦးရေ၏ ထက်ဝက်ကျော် လစ်လပ်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုသရေးဦးစီး ဌာနထံမှ သိရသည်။
ထားဝယ်ဆေးရုံကြီးတွင် ခွင့်ပြု ထားသည့် လက်ထောက်ဆရာဝန်ဦး ရေမှာ ၆၈ ဦးဖြစ်သော်လည်း လက်ရှိတွင် ၃၁ ဦးသာ ခန့်ထားနိုင်ကြောင်း တိုင်း ဒေသကြီး ကုသရေးဦးစီးဌာနမှ လက် ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ မျိုးသူဇာက ဆိုသည်။
မြိတ်ဆေးရုံတွင်လည်း ခွင့်ပြုဆ ရာဝန်ဦးရေမှာ ၆၈ ဦးဖြစ်ပြီး လက်ရှိ တွင် ၃၃ ဦးသာရှိကာ ကော့သောင်းဆေးရုံ တွင် ခွင့်ပြု ဆရာဝန် ၁၈ ဦး ဖြစ်သော် လည်း ၁၄ ဦးသာခန့်ထားကြောင်း ၎င်းက ပြောသည်။

“လူနာများလာတာနဲ့အမျှ အလုပ် တာဝန်ထမ်းဆောင်ချိန်လည်း ပိုများ နေတာပေါ့”ဟု ဒေါက်တာမျိုးသူဇာက ဆိုသည်။
ထားဝယ်နှင့် မြိတ် ဆေးရုံကြီးများ မှာ ကုတင် ၂၀၀ ဆံ့ဆေးရုံများဖြစ်ပြီး ကော့သောင်းဆေးရုံမှာ ကုတင် ၁၀၀ ဆံ့ ဆေးရုံ ဖြစ်သည်။
လက်ရှိ ၂၀၁၇ ခုနှစ်တွင်မှ ရာထူး တိုး ပြောင်းရွှေ့သွားခြင်းနှင့် တိုက်နယ် ဆေးရုံများသို့ ပြောင်းရွှေ့ခြင်းတို့ကြောင့် ဆရာဝန်များ လစ်လပ်သွားခြင်း ဖြစ်ပြီး ပြန်လည်ခန့်ထားပေးရန် ကုသရေးဦးစီး ဌာနထံ တင်ပြထားကာ မကြာမီ ခန့် ထားပေးမည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

ဆရာဝန်ဦးရေနည်းသည့်အတွက် ၂၄ နာရီအပြည့် တာဝန်ထမ်းဆောင် ရသည့် ရက်ပေါင်း တစ်လလျှင် ၁၁ ရက်ရှိပြီး ကိုယ်ပိုင်ချိန် မရှိသလောက် နည်းပါးနေကြောင်း ထားဝယ်ပြည်သူ့ ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင် နေသည့် လက်ထောက် ဆရာဝန်တစ်ဦး က ဆိုသည်။
“ဆရာဝန် နည်းတော့ နားချိန် တောင် မရဘူး။ ထမင်းစားတာတောင် အချိန်လုပြီး စားနေရတယ်”ဟု အဆိုပါ ဆရာဝန်က ပြောသည်။
တိုင်းအတွင်းရှိ ခရိုင်ဆေးရုံကြီး များအပြင် မြို့နယ်ဆေးရုံများ၊ တိုက် နယ်ဆေးရုံများတွင်လည်း ဆရာဝန် လိုအပ်ချက် မြင့်မားလျက်ရှိကာ ဆရာ ဝန်ခန့်ထားနိုင်ခြင်းမရှိသည့် တိုက်နယ် ဆေးရုံ ၃ရုံရှိကြောင်း အထက်ပါဌာနမှ သိရသည်။

ယင်းအပြင် ခရိုင်ဆေးရုံများတွင် လက်ထောက်ဆရာဝန်များအပြင် အထူး ကုဆရာဝန်ကြီးနှင့် အထူးကုဆရာဝန် ၂၀ ဦးကျော်လည်း လစ်လပ်နေကြောင်း သိရသည်။