ရော်ဘာအစေးရည် စဝယ်

0
570

ထားဝယ်မြို့နယ် ပကာရီရွာအနီး (၈မိုင်အနီး)တွင် တည်ဆောက် ဖွင့်လှစ် ထားသည့် အဆင့်မြင့် ရော်ဘာ စက်ရုံ တွင် ရော်ဘာအစေးရည်များကို ဒီဇင်ဘာလ ၁၈ရက်က စတင်ဝယ်ယူနေပြီဖြစ် ကြောင်း ထားဝယ်ရွှေပြည် ကုမ္ပဏီထံမှ သိရသည်။
အဆိုပါ စက်ရုံတွင် လက်ရှိ ရော်ဘာ အစေးများကို နေလှန်းရော်ဘာ ပေါက် ဈေးအတိုင်း ဝယ်ယူနေပြီး လာရောက် ရောင်းချသည့်နေ့တွင် ဈေးနှုန်းနည်း နေပါက စက်ရုံတွင်ပင် သိမ်းဆည်းထား နိုင်ပြီး ဈေးတက်သည့် အချိန်ရောက်မှ ထုတ်ရောင်းနိုင်ကြောင်း ထားဝယ် ရွှေပြည် ကုမ္ပဏီအုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာယုစိန်က ဆိုသည်။

သိမ်းဆည်းပေးထားခြင်းနှင့် ပတ် သက်၍ စက်ရုံက အဖိုးအခယူမည် မဟုတ် ကြောင်း သိရသည်။
ယင်းအပြင် ထားဝယ်ခရိုင်အတွင်း တွင် ရော်ဘာအစေးရည် ဝယ်ယူရမည့် နေရာများကို ယခုရော်ဘာအစေးခြစ် သည့် ရာသီအတွင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
“နောက်တစ်ခုက သူတို့အဆင် ပြေမယ် လုပ်နိုင်မယ်ဆိုရင် စက်ရုံကို တိုက်ရိုက်အစုအ ဖွဲ့စုပြီးတော့ လာရောက် ရောင်းချမယ် ဆိုရင်တော့ အဆင်ပြေဆုံး ဖြစ်နိုင်မယ်လို့ တွက်ဆပါတယ်”ဟု ဒေါက်တာ ယုစိန်က ဆိုသည်။

ရော်ဘာခြံများမှ ရရှိလာတဲ့ ရော် ဘာအစေးရည်များကို လက်ခံသည့် နေ ရာတွင် DRC ဟုခေါ်သည့် ရော်ဘာ အစေးရည် ပါဝင်မှုနှုန်းအတိုင်း ဝယ်ယူ မည်ဖြစ်ပြီး ရော်ဘာဈေးနှုန်းပြောင်းလဲမှု အတက်အကျကို DaweiGloden Land လူမှုကွန်ရက် ဖေ့စ်ဘွတ် စာမျက်နှာတွင် နေ့စဉ်ဖော်ပြပေး မည်ဖြစ်သလို စက်ရုံ တွင်လည်း ကြေညာပေးထားမည်ဖြစ် ကြောင်း သိရသည်။
ရော်ဘာအစေးရည်မှ တစ်ဆင့် ကြိတ်စက်ဖြင့် ကြိတ်ခြင်း၊ နေလှန်းခြင်း အစရှိသည့် အဆင့်ဆင့်သော အလုပ် များ လုပ်ရန်မလိုဘဲ နေလှန်းရော်ဘာ ဈေးနှုန်းအတိုင်း ရရှိမည်ဆိုပါက သွား ရောင်းမည် ဖြစ်ကြောင်းလောင်းလုံး မြို့နယ် တောရှည်ရွာမှ ရော်ဘာခြံ ၁၀ ဧကခန့် ပိုင်ဆိုင်သည့် အသက် ၅၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆို သည်။

“ဒီလိုမျိုး ဝယ်မယ်လို့တော့ ကြား ထားတာရှိတယ်၊ ဘယ်နေရာမှာ ဝယ် တာလဲဆိုတာ တိတိကျကျ မသိဘူးဖြစ် နေတယ်”ဟု အဆိုပါ အမျိုးသားက ပြောသည်။
တစ်ရက်လျှင် ရော်ဘာပြားတန် ၃၀ အထိ ထုတ်လုပ်နိုင်သည့် အဆိုပါ စက်ရုံကို ထားဝယ်-ထီးခီးသို့ သွားသည့် လမ်းမပေါ်ရှိ မြေအကျယ်အဝန်း ဧက ၃၀ခန့်ရှိ မြေပေါ်တွင် တည်ဆောက်ထား ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိ ကန်ဒေါ်လာတစ်သန်းခွဲရှိပြီး လက်ရှိအ ချိန်တွင် အလုပ်သမား ၁၂၀ ဦးရှိကြောင်း အထက်ပါကုမ္ပဏီထံမှ သိရသည်။

ထားဝယ်ရွှေပြည်ကုမ္ပဏီကို ဒေသ တွင်းရော်ဘာလုပ်ငန်းရှင် ၂၂ ဦးဖြင့် စုပေါင်းဖွဲ့စည်းထားပြီး ထွက်ရှိလာသည့် အဆင့်မြင့် ရော်ဘာပြားများကို စင်ကာ ပူနှင့် မြန်မာကုမ္ပဏီတစ်ခုတို့ လုပ်ကိုင် နေသည့် ရန်ကုန်တိုင်း သီလဝါရှိ စက်ရုံ သို့ ပို့ဆောင်ရောင်းချနေကြောင်း သိရ သည်။