ထားဝယ်လူမျိုး စာရင်း ပျောက်သွားပြီလား

0
882

မေးသူတွေက မေးလာပြီ။ ဖြေသူ တွေကိုပဲ ရှာနေမိတယ်။
ထားဝယ်က လေးတန်း (စတုတ္ထ တန်း) ကျောင်းသူလေး တစ်ယောက် ကတော့ မေးလာပြီ။ ထာဝယ်တွေ ဘယ်ရောက်နေလဲတဲ့။
သူက ကျောင်းသင်ခန်းစာက တနင်္သာရီတိုင်းအကြောင်းမှာ ထားဝယ် အကြောင်း မပါလို့ မေးလာတာပါ။ တနင်္သာရီတိုင်းမှာ ဗမာ၊ ကရင်၊ ဆလုံ တွေပါတယ်လို့ သင်ခန်းစာမှာ ဖော်ပြ ထားပေမဲ့ လူအများစုနေတဲ့ ထားဝယ် အကြောင်း ဘာလို့ မပါတာလဲ မေးခွန်း ထုတ်ထားပါတယ်။

ဆိုတော့ ထားဝယ်တွေ ဘယ်နားလဲ ရှာကြည့်မိတယ်။ တကယ်က အစိုးရနဲ့ လ၀ကလိုမျိုး ဌာနတွေက ဒီမေးခွန်းကို ဖြေရမှာ ဖြစ်ပေမဲ့ ကိုယ်ကတော့ သိတဲ့ အတိုင်း ထားဝယ်အရေးဆို မျက်လုံး ပြူးလာတော့ ရှာကြည့်မိတာပါ။
ကံကောင်းချင်တော့ ဗြိတိသျှအစိုး ရလက်ထက်က ကောက်ခဲ့တဲ့ ၁၉၀၁ ခု နှစ် သန်းခေါင်စာရင်း အစီအရင်ခံစာ တစ်ခု အရင်ကတည်းက လက်ထဲရောက် နေတာရှိတယ်။

အစီရင်ခံစာ အမည်ကCensus of India, 1901. Burma ပါ။ အဲဒီ တုန်းက ဗမာပြည်က အိန္ဒိယရဲ့ ပြည်နယ် တစ်ခုအနေနဲ့သာရှိခဲ့တဲ့အတွက် “အိန္ဒိယနိုင်ငံ၏ သန်းခေါင်စာရင်း၊ ၁၉၀၁ ခုနှစ်၊ ဗမာပြည်”လို့ အမည်ပေး ခဲ့တာ ဖြစ်ပုံရပါတယ်။
အင်္ဂလိပ်ဘာသာနဲ့ စာမျက်နှာ ၅၀၀ ကျော်လောက်ရှိတဲ့ အဲဒီ အစီရင်ခံစာမှာ လူဦးရေ ပျံ့နှံနေထိုင်မှု၊ လူတွေ ရွှေ့ ပြောင်းနေထိုင်လာပုံ၊ ဘာသာရေး ကိုး ကွယ်မှု ပုံစံတွေ၊ အသက်အရွယ် ကျားမ စာရင်းတွေ၊ ပညာရေး၊ ပြောကြဆိုကြ သုံးနှုန်းကြတဲ့ ဘာသာစကားတွေ၊ ဇာတ်အနိမ့်အမြင့် လူမျိုး၊ လူမျိုးစု စာရင်းတွေ၊ အလုပ်အကိုင်တွေ အားလုံး ပါပါတယ်။

မြန်မာနိုင်ငံမှာ ဘုရင်တွေ လက် ထက်မှာ သန်းခေါင်စာရင်း ကောက်ဖူးတဲ့ နှစ်တွေ ရှိပါတယ်။
ဗြိတိသျှအစိုးရလက်ထက် ပထမ ဆုံးကောက်ခဲ့တဲ့ နှစ်ကတော့ ၁၈၉၁ ခုနှစ်မှာပါ။ အဲဒါပြီးနောက်ပိုင်း ၁၀ နှစ်တစ်ကြိမ် ကောက်ခဲ့ပါတယ်။
ထားဝယ်လူမျိုး ၉၄၈ ဦး ရှိတယ်လို့ ၁၉၀၁ သန်းခေါင်စာရင်းအရ ဗြိတိသျှ အစိုးရကထုတ်တဲ့ အစီရင်ခံ စာမှာ ဖော်ပြထားပါတယ်။ (အစီရင်ခံစာ စာ – ၁၁၅) သန်းခေါင်စာရင်းဆိုတော့ လူတွေကို သက်ဆိုင်ရာ မေးခွန်းတွေ မေးတယ်။ အဲဒီမှာမေးတာကို ဖြေတဲ့ အတိုင်း ထည့်သွင်းထားပါတယ်။
ထားဝယ်ခရိုင်က လူအများစုက ဗ မာဆိုပြီး ပြန်ဖြေကြတာ များတယ်လို့ အဲဒီသန်းခေါင်စာရင်းမှာ ဖော်ပြထား တယ်။

ထားဝယ်လူမျိုးဦးရေ တစ်ထောင် တောင် မပြည့်တဲ့အခြေအနေမှာ ၁၉၀၁ သန်းခေါင်စာရင်းအရ ရခိုင် ဦးရေ ၄၀၅၁၄၃ (လေးသိန်းကျော်) ရှိတယ်လို့ ဖော်ပြထားပါတယ်။ ထားဝယ်အနွယ်လို့ ပြောကြတဲ့ အင်းသား လူမျိုးဦးရေတောင်မှ ၅၀၄၇၈ ဦး (ငါးသောင်းကျော်) ရှိပါ တယ်။ အဲဒီအစီရင်ခံမှာ ကိုယ်တိုင်ဗြိ တိသျှပညာရှင်တွေက အင်းသားကို ထားဝယ်က ဆင်းသက်လာတယ်ဆိုပြီး ရေးသားထားပါတယ်။

အဲဒီ အစီရင်ခံစာမှာ စိတ်ဝင်စားဖို့ ကောင်းတာတစ်ခုက တိုင်းရင်းသားဘာ သာစကားတွေအကြောင်းကိုပါ ကျယ် ကျယ်ပြန့်ပြန့် ထည့်ရေးထားပါတယ်။
ထားဝယ်ကို ဗမာစကားရဲ့ ဒေသိ ယစကား တစ်ခုအဖြစ် ပြောကြတာရှိပါ တယ်။ ဒါပေမဲ့ အဲဒီသန်းခေါင်စာရင်း အစီရင်ခံစာမှာတော့ အဲလို မဟုတ်ပါဘူး။ သီးခြားစကားတစ်ခုဆိုတာမျိုး ရေးသား ထားပါတယ်။

အစီရင်ခံစာမှာ အဲဒီခေတ်က အ နောက်တိုင်း ပါမောက္ခတစ်ဦးကို ကိုး ကားပြောဆိုထားပါတယ်။
Professor Forchhammer ဆိုသူရဲ့ပြောစကားကို အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားတာ တွေ့ရပါ တယ်။
“ထားဝယ် (Tavoy လို့ အင်္ဂလိပ် လိုနဲ့ သုံးပါတယ်)ကို ဗမာရဲ့ဒေသိယ စကားတစ်ခုအဖြစ် ပြောဖို့ ခက်ပါတယ်။ ဗမာစကားမှာ ကျယ်ကျယ်ပြန့်ပြန့်တွေ့ရ တဲ့ ရှေးဟောင်း ဓလေ့သုံး (Idiom) စကားတွေနဲ့ ကွဲပါတယ်။ ဒါပေမဲ့ အချို့ နေရာမှာတော့ မသုံးသလောက် ပျောက် သွားပါပြီ”လို့ အဲဒီပါမောက္ခကဆိုပါ တယ်။
သူက မြန်မာလို “ဆိတ်”ကို ထားဝယ် လို “ဘဲ့”လို့ခေါ်တယ်ဆိုတာမျိုးတွေ ကွဲ တာရှိတယ်ဆိုတာကအစ အစီရင်ခံစာ ထဲမှာ ထောက်ပြထားပါတယ်။
ထားပါ။ အဲဒါကတော့ အလျဉ်း သင့်လို့ ထားဝယ်စကား အကြောင်း ဝင်လေ ရှည်တာပါ။

ပြီးခဲ့တဲ့ နှစ်တစ်ရာကျော် ၁၉၀၁ ခုနှစ် သန်းခေါင်စာရင်းမှာတော့က ထား ဝယ်လူမျိုး အရေအတွက် ၉၄၈ ဦးလို့ ပြောတယ်။
ဒါနဲ့ နောက်ထပ်ကောက်တဲ့ သန်း ခေါင်စာရင်းတွေမှာကော ဘယ်လို ရှိပါ သလဲ။
နောက်ထပ် နှစ်ပေါင်း ၅၀ တိတိ အကြာ ၁၉၅၁ ခုနှစ်မှာ ကောက်တဲ့ သန်း ခေါင်စာရင်းအရတော့ ထားဝယ်လူမျိုး ၁၅၉၁၇၄ ဦးရှိတယ်လို့ ဆိုပါတယ်။ အဲဒီ ကိန်းကဏန်းကိုတော့ အစိုးရကထုတ်တဲ့ မြန်မာ့ စွယ်စုံကျမ်းမှာ ဖော်ပြထားတာပါ။

၁၉၅၁ သန်းခေါင်စာရင်းအစီရင်ခံ စာတစ်ခုလုံးတော့ ရှာမတွေ့လို့ အကျယ် မရေးလိုက်နိုင်ပါဘူး။
ဆိုတော့ ၁၉၅၁ စာရင်းမှာ ထား ဝယ်လူမျိုး တစ်သိန်းခွဲကျော် ရှိတယ်လို့ ဆိုနိုင်ပါတယ်။ ၁၉၀၁ ခုနှစ်ထက် စာရင် အများကြီးများလာတယ်လို့ ဆိုနိုင်တယ်။
ဖြစ်နိုင်တာက အဲဒီနှစ် (လွတ်လပ် ရေးရပြီး သုံးနှစ်ပါလီမန်အစိုးရလက် ထက်မှာ) ထားဝယ်တွေပိုပြီး နိုင်ငံရေး အရ နိုးကြားလာတယ်၊ ဒါကြောင့် ကိုယ့် ကိုယ်ကို ထားဝယ်လို့ ခံယူသူတွေများ လာတယ်လို့ ပြောနိုင်တဲ့ အနေအထားပါ။

နောက်ထပ် ၁၉၇၃ ခုနှစ်မှာ ကောက်ခဲ့တဲ့ သန်းခေါင်စာရင်း အစီရင်ခံ စာနဲ့ ပတ်သက်ပြီး သုံးသပ်ချက်စာတမ်း အကျဉ်းချုပ်တစ်ခုတော့ ရှာတွေ့ပါတယ်။ ဒါပေမဲ့ အဲဒီမှာ သန်းခေါင်စာရင်းသုံး သပ်ချက်စာတမ်းမို့လို့လားတော့ မသိ ဘူး။ လူမျိုးတစ်ရာ့တစ်ပါးအကြောင်း ကျယ်ကျယ်ပြန့်ပြန့်ရေးထားတာမျိုး မရှိ ပါဘူး။
အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီ အခြေစိုက်East-West Center က ထုတ်ဝေတဲ့ အဲဒီစာတမ်းမှာ ဗမာ၊ ရှမ်း၊ ကရင်၊ ရခိုင် လူမျိုး အရေအတွက်တွေကိုပဲ သီးခြားဖော်ပြ ထားပြီးတော့ အခြား လူမျိုးစုတွေကို ရောပြီးသာဖော်ပြထား ပါတယ်။
ဒါကြောင့် သီးခြား ထားဝယ်လူမျိုး ဦးရေအရေအတွက် မသိရပါ။

နောက် ၁၀ နှစ်အကြာ ကောက်တဲ့ ၁၉၈၃ သန်းခေါင်စာရင်းအကြောင်းလည်း ရှာလို့ မတွေ့ပါ။ သက်ဆိုင်ရာ အစိုးရ မော်ကွန်းတိုက်တွေမှာတော့ ရှိနိုင်ပါ တယ်။ စိတ်ဝင်စားသူများ ထပ်ရှာနိုင် ကြပါတယ်။
၁၉၈၃ ခုနှစ်မှာ သန်းခေါင်စာရင်း ကောက်ပြီးတဲ့နောက် နှစ်သုံးဆယ် လောက် မကောက်တော့ဘဲ ၂၀၁၄ မှာမှ ပြန်ကောက်ပါတယ်။
ဒါကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာကျော်ကနေ ခေတ်အဆက်ဆက် ထားဝယ်လူမျိုး လူဦးရေအကြောင်းပါ။
ယနေ့ ခေတ်မှာကော။

ထားဝယ်လူမျိုးဦးရေ ဘယ်လောက် ရှိတယ် ထင်ပါသလဲ။
၂၀၁၄ ခုနှစ်မှာ ကောက်ခဲ့တဲ့ သန်းခေါင်စာရင်းမှာပါတဲ့ လူမျိုး စာရင်းကို အစိုးရက တရားဝင် မထုတ်ပြန်သေးတော့ ထားဝယ်ဦးရေ ဘယ်လောက်ရှိလဲဆိုတာ မသိရပါဘူး။
ဒါပေမဲ့ လက်ရှိအထွေထွေအုပ်ချုပ် ရေးဦးစီးဌာနက တရားဝင်ထုတ်ပြန်ထား တဲ့ ဒေသဆိုင်ရာ အချက်အလက်များဆိုတဲ့ စာအုပ်တွေ ရှိပါတယ်။ အဲဒီမှာ ဒေသသ မိုင်း၊ ပထဝီအနေအထား၊ ရာသီဥတုနဲ့ သဘာဝပတ်ဝန်းကျင်၊ လူဦးရေဆိုင်ရာ အချက်အလက်၊ အုပ်ချုပ်ရေးဆိုင်ရာ အချက်အလက်၊ စီးပွားရေးဆိုင်ရာ အ ချက်အလက် စတာတွေ ပါပါတယ်။

လူဦးရေဆိုင်ရာ အချက်အလက် ဆိုတဲ့အခန်းမှာ နေထိုင်သည့်တိုင်းရင်း သားလူမျိုးစုများဆိုတဲ့ အခန်းပါပါတယ။်
အဲဒီအခန်းမှာ သက်ဆိုင်ရာမြို့နယ် အလိုက် ဘယ်လိုတိုင်းရင်းသား လူမျိုးစု တွေ လူဦးရေ ဘယ်လောက်ရှိတယ်ဆိုတာ ဖော်ပြထားပါတယ်။
ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ စသည်ဖြင့်ပေါ့လေ။

အဲဒီ အချက်အလက်တွေအရ တနင်္သာရီတိုင်းဒေသကြီး ဆယ်မြို့နယ် စလုံးမှာ ထားဝယ်လူမျိုး တစ်ယောက်မှ မရှိပါ။
ကဲ . . ဝမ်းနည်းရမှာလား ဝမ်းသာ ရမှာလား။ အထက (၃) ထားဝယ်က စတုတ္ထတန်းကျောင်းသူလေး မအိအိသော် ငြိမ်းရေ။
အချို့လူတွေက ပြောကောင်းပြော နိုင်ပါတယ်။
ထားဝယ်ကို ဗမာဦးရေထဲ ထည့် ထားလို့ အဲဒီဦးရေထဲရောပါသွားတာ ဖြစ်နိုင်တယ်ဆိုပြီး။
အိုကေ ဒါဆိုရင် ထားဝယ်တွေ အ များဆုံးနေထိုင်တယ်လို့ မြေပြင်အခြေ အနေအရ ထင်ထင်ရှားရှား ကြည့်နိုင်တဲ့ လောင်းလုံးမြို့နယ်စာရင်းကို ကြည့်ရ အောင်ပါ။

လောင်းလုံးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ထုတ်တဲ့စာရင်း အရ လောင်းလုံးမြို့နယ်ထဲမှာ နေထိုင်ကြ တဲ့ တိုင်းရင်းသားလူမျိုးစု စာရင်းမှာ ၁၂ မျိုး ဖော်ပြထားပါတယ်။ ၂၀၁၇ ခုနှစ် စာရင်းပါ။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ ပလောင်တို့ ဖြစ်ပါတယ်။
အဲဒီမှာ ကချင် မရှိ၊ ကယား ၂ ဦး၊ ကရင် ၁၉ ဦး၊ ချင်း မရှိ၊ မွန် ၈ ဦး၊ ဗမာ ၁၀၅၉၇ ဦး၊ ရခိုင် ၆ ဦး၊ ရှမ်း ၄ ဦး၊ ပအိုဝ်း မရှိ၊ ဓနု မရှိ၊ တောင်ရိုး မရှိ၊ ပလောင်မရှိတို့ ဖြစ်ပါတယ်။

ဆိုတော့ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ ပလောင်တို့ဆိုတာလည်း ရှမ်းထဲမှာပါ တာပဲ။ လက်ရှိ အစိုးရတရားဝင်စာရင်း အရပေါ့နော်။
သူတို့ လူမျိုးဦးရေတစ်ယောက် မျှတောင်မရှိပေမဲ့ ခေါင်းစဉ်ခွဲတစ်ခု အ နေနဲ့တောင် ဖော်ပြထားတာတွေ့ရပါ တယ်။ နောက်ပြီး ဆလုံလူမျိုးစာရင်းကို တနင်္သာရီတိုင်းထဲက အခြားမြို့နယ်တွေ (ဥပမာ မြိတ်၊ ထားဝယ်၊ ကျွန်းစု၊ ကော့ သောင်းစတဲ့ မြို့နယ်တွေ) မှာ သီးခြား ခေါင်းစဉ်တပ်ပြီး ဖော်ပြထားတာ တွေ့ရ ပါတယ်။

ဒီတော့ ဆလုံဆိုတဲ့ ဗမာအခွဲထဲက တစ်ခုဖြစ်တဲ့ လူမျိုးစုကိုတောင် သီးခြား ဖော်ပြရင် ထားဝယ်ကို (ထားဝယ်လူမျိုး လူဦးရေ ရှိရင်) ဘာကြောင့် မဖော်ပြတာ လဲ။
ပြောချင်တာက ထားဝယ်ဆိုတာ ရှိပေမဲ့ ဗမာထဲမှာ ရောပြီးရေတွက်ထား တယ်ဆိုပြီး အချို့လူတွေ ငြင်းကောင်း ငြင်းနိုင်တဲ့ ငြင်းချက်အတွက် အဖြေပါ။
ဒီတော့ ထားဝယ်လူမျိုးဆိုတာ အ စိုးရစာရင်းထဲမှာ လုံးဝမရှိလို့သာ မဖော် ပြတာဖြစ်မှာပါ။
ရှိရင် တစ်ဦးရှိရှိ၊ နှစ်ဦးရှိရှိ ဖော် ပြရမှာပေါ့။

ဒီတော့ ကောက်ချက်က အစိုးရတ ရားဝင် စာရင်းအရ တနင်္သာရီတိုင်းဒေ သကြီးမှာ ထားဝယ်လူမျိုး တစ်ဦးမျှမရှိပါ။
ဒီတော့ မေးစရာက ၁၉၅၁ တုန်းက ရှိခဲ့တဲ့ တစ်သိန်းခွဲသော ထားဝယ်လူမျိုး တွေ ဘယ်ရောက်သွားပါပြီလဲ။