ကော့သောင်းတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူး တစ်ဝက်ခန့် ရွေးပြီး လက်ရှိ အုပ်ချုပ်ရေးမှူးအများစု ပြန်အရွေးခံရ

0
401

ကော့သောင်းမြို့နယ်အတွင်း ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ် ပြီးသည့် နေရာများတွင် လက်ရှိတာဝန် ထမ်းဆောင်ဆဲ အုပ်ချုပ်ရေးမှူး အများစု ပြန်လည်ရွေးချယ်ခံရကြောင်း အဆိုပါ ရပ်/ကျေးများထံမှ သိရသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ ကော့သောင်းမြို့နယ်တွင် ရပ်/ကျေး ၁၃ နေရာတွင်ရွေးချယ်ခဲ့ရာ ၁၁ နေရာ တွင် လက်ရှိ တာဝန်ထမ်းဆောင်နေသည့် အုပ်ချုပ်ရေးမှူးများ ပြန်အရွေးခံရသည် ဟု အဆိုပါ ရပ်/ကျေးများတွင် နေထိုင်သူများထံမှ သိရသည်။
ကော့သောင်းမြို့နယ်တွင် ရပ်/ ကျေးအုပ်ချုပ်ရေးမှူး ၂၇ နေရာ ရွေး ချယ်ရမည်ဖြစ်သည်။

“ပြန်အရွေးခံရတော့ ဝမ်းသာ ပီတိ ဖြစ်ရတာပေါ့၊ ရပ်ကွက်သားတွေ ကိုယ့် ကို လုပ်စေချင်လို့ ပြန်ရွေးတာမို့ ဒီထက် ရပ်ကွက်ကောင်းကျိုး လုပ်သွားဖို့ အား စိုက်သွားမှာပါ”ဟု ရွှေဟင်္သာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မိုးက ပြောသည်။
အချို့ရပ်ကွက်၊ ကျေးရွားများတွင် အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူး အပြောင်းအလဲ အနည်းငယ်ရှိကြောင်း သိရသည်။

“ရပ်ကွက် အတော်များများမှာ သူ့အုပ်စုကိုယ့် အုပ်စုဖြစ်နေကြတယ်၊ အရည်အချင်းဆိုတာထက် မိတ်ဆွေ များသူ၊ နောက်ခံ အသိုင်းအဝိုင်း တောင့် သူတွေက ဆန္ဒမဲရတာ များနေတယ်၊ တချို့ကလဲ အရည်အချင်းရှိပြီး လူသိ နည်းလို့ အမှတ်မရတော့ဘူး”ဟု အေးမြ ကန်သာရပ်ကွက်မှ အသက် ၇၀ နှစ် အရွယ် ဦးသိဏ်းမောင်က ပြောသည်။

အုပ်ချုပ်ရေးမှူး ဒီဇင်ဘာလအ တွင်း အပြီးသတ် ပြန်လည် ရွေးချယ် မည်ဖြစ်ကြောင်း ကြီးကြပ်ရေးအဖွဲ့များ ထံမှ သိရသည်။