လမ်းဘေးပလက်ဖောင်းပေါ်တွင် မီးတိုင်၊ ဖုန်းတိုင်များ စိုက်ထူမှု ဝေဖန်မှုမြင့်

0
611

ထားဝယ်မြို့အတွင်းရှိ နေရာ အချို့တွင် လမ်းဘေးပလက်ဖောင်းပေါ် လျှပ်စစ်မီးတိုင်နှင့် ဖုန်းတိုင်များ စိုက် ထူနေမှုအပေါ် ပြည်သူများအကြား ဝေဖန်မှု မြင့်တက်လျက်ရှိသည်။
လမ်းဘေးပလက်ဖောင်းပေါ်တွင် တိုင်များ စိုက်ထူထားသည့်အတွက် လမ်းလျှောက်သူများအနေဖြင့် လမ်း မပေါ် ဆင်းလျှောက် နေရသောကြောင့် ယာဉ်တိုက်ခံရနိုင်ပြီး တာဝန်ရှိသူများ အနေဖြင့် ကြီးကြပ်မှု အားနည်းနေသည် ဟုမြင်ကြောင်း ထားဝယ်မြို့ ကညုံရပ် ကွက်နေ ဦးဟန်ထွန်းက ဆိုသည်။

“လမ်းလျှောက်သူတွေက ရေမြောင်း ထဲ ဆင်းလျှောက်ရင်လျှောက် မဟုတ်ရင် လမ်းမပေါ်ကပဲ ဆင်းလျှောက်မှရမှာ”ဟု ဦးဟန်ထွန်းက ပြောသည်။
အဆိုပါ မီးတိုင်နှင့် ဖုန်းလိုင်းတိုင် များကို ရေမြောင်းနှင့် ပလက်ဖောင်း နှုတ်ခမ်းတွင်သာ စိုက်ထူသင့်ကြောင်း ၎င်းက ဆိုသည်။
ယင်းကဲ့သို့ ပလက်ဖောင်းပေါ်တွင် တိုင်များ စိုက်ထူထားသည့်အတွက် အမြင်မတင့်တယ်ဘဲ ဖြစ်နေပြီး လက်ရှိ အချိန်တွင် ယာဉ်သွားလာမှု များပြား သည့်အတွက် ပလက်ဖောင်းပေါ်မှ လျှောက်မှသာ စိတ်ချရကြောင်း ထား ဝယ်မြို့ ဘုမ္မော်ရပ်ကွက်နေ ဦးဇော်ဝင်း က ဆိုသည်။

တိုင်များကို စည်ပင်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာဌာနများ ပါဝင်သည့်အဖွဲ့က တိုင်စိုက်ထူရန် သင့်တော်သည့်နေရာများကို ကွင်းဆင်း စစ်ဆေးပေးခဲ့ပြီး အချို့နေရာများတွင် စိုက်ထူရန် နေရာမရှိသည့်အတွက် ယင်းကဲ့သို့ စိုက်ထူရခြင်းဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူးက ပြောသည်။

“အချို့လမ်းပလက်ဖောင်းတွေက အရမ်းကျဉ်းပြီး မြောင်းထဲမှာလည်း စိုက်လို့မရတော့ အရင်ရှိပြီးသား တိုင် တွေနဲ့ အနီးကပ်ဆုံးမှာ စိုက်ဖို့ ကြီး ကြပ်နေတယ်”ဟု ကော်မတီ အတွင်းရေး မှူးက ဆိုသည်။
ထားဝယ်မြို့ရှိ လမ်းမအများစုမှာ ကျဉ်းမြောင်းပြီး ယာဉ်တိုက်မှုများလည်း နေ့စဉ်နီးပါး ဖြစ်ပွားလျက်ရှိသည်။