ကျွန်းစုတွင် အစုအဖွဲ့ပိုင် ဒီရေတော ဧကနှစ်ထောင်ကျော် သတ်မှတ်ထားပြီးဟုဆ

0
567

ကျွန်းစုမြို့နယ်အတွင်း အစုအဖွဲ့ ပိုင် ဒီရေတော ဧက နှစ်ထောင်ကျော်အား သတ်မှတ် ခွင့်ပြုထားပြီးဖြစ်ကြောင်း မြို့နယ် သစ်တောဦးစီးဌာနထံမှ သိရသည်။
၂၀၀၆ ခုနှစ်မှ လက်ရှိအချိန်အထိ ကျေးရွာ ခြောက်ရွာတွင် အစုအဖွဲ့ပိုင် ဒီရေတော ဧက ၂၃၆၉ ဧကကို သတ်မှတ်ပြီးဖြစ်ပြီး ထပ်မံ၍ ဧက ၁၇၀၀ လျှောက်ထားကြောင်း အထက်ပါ ဌာနထံမှ သိရသည်။

“သူတို့ဒေသမှာရှိတဲ့ ဒီရေတောတွေ ကို ဒေသခံတွေ အနေနဲ့ စဉ်ဆက်မပြတ် ထုတ် ယူသုံးစွဲလို့ရအောင် သူတို့ကိုယ် တိုင် စီမံခန့်ခွဲခွင့်ရှိအောင် လုပ်ပေးခြင်း ဖြစ်တယ်”ဟု မြို့နယ် သစ်တောဦးစီးမှူး ဦးနိုင်လင်းထွန်းက ဆိုသည်။

ကျွန်းစုမြို့နယ်အတွင်းရှိ လင်မလို ကြီး၊ ရှော်တောမော်၊ ရေကန်အော်၊ ပြင်သာ၊ ဥယျာဉ်ကြီး၊ ကဒဲ စသည့်ရွာ များတွင် အစုအဖွဲ့ပိုင် သစ်တောအတွက် ခွင့်ပြုချက် ရထားပြီးဖြစ်ပြီး မိုင်းသွေး၊ ကွက်သစ်၊ အနိုင်း၊ ကော့ကနင်း စသည့် ရွာများမှာ လျှောက်ထားဆဲ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိ ဒီရေတောကာကွယ်ထိန်း သိမ်းရေးလုပ်ငန်းအား ကျွန်းစုမြို့နယ် သစ်တောဦးစီးဌာန၊ FFI နှင့် ရပ်ရွာ ဒေသခံ အရပ်ဘက် အဖွဲ့အစည်းများ ဖြစ်သော စိမ်းလန်းအမိမြေ အဖွဲ့များ ပူးပေါင်းလုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
ဒီရေတော ထိန်းသိမ်းရေးနှင့် ပတ် သက်၍ သစ်တောဦးစီးဌာနမှလိုအပ် သည့် အကူအညီများ ပေးသော်လည်း ဒေသခံများ ပူးပေါင်းပါဝင်မှု အားနည်း နေသေး၍ အခက်အခဲအချို့ရှိသည်ဟု ပြင်သာကျေးရွာ၊ စိမ်းလမ်းအမိမြေအဖွဲ့မှ တာဝန်ခံ ကိုရဲမင်းက ပြောသည်။

“တစ်နှစ်ပျိုးပင် နှစ်သောင်းတော့ ကြိုးစားပြီး စိုက်ဖြစ်ပါတယ်” ဟု ကိုရဲမင်းက ဆိုသည်။
ကျွန်းစုမြို့နယ်၊ စခန်းသစ်ကျေး ရွာ၌ ဒီဇင်ဘာ ၂ ရက်နေ့က FFI နှင့် မြိတ်တက္ကသိုလ် အဏ္ဏဝါဌာန၊ ကျွန်းစု သစ်တော ဦးစီးဌာနတို့ပူးပေါင်းပြီး ဒုတိယအကြိမ်မြောက် ဒီရေတောပွဲတော် ကို ကျင်းပခဲ့သည်။