ရှေးသရော အခါက ပုံပြောကြရာဝယ်

0
820

အရွယ်ရောက်ပြီးသူတိုင်း ပုံပြင် တစ်ပုဒ်ကို ကျကျနန ပြောတတ်ချင်မှ တတ်မည်။ သို့သော် ပုံပြောသည်ကို နားထောင်ဖူးသူချည်းသာ ဖြစ်ပါမည်။
လူ့ဝန်းကျင်တွင် တခုတ်တရ ပုံပြော သည့်ဓလေ့တချိန်က နေရာရခဲ့ဖူးပါသည်။
အထူးသဖြင့် ညအိပ်ရာဝင်ချိန် များတွင် အိမ်ရှိ ဘိုးဘွားမိဘတစ်ဦး ဦးက ပုံပြင်များ ပြောပြတတ်ကြသည်။ ပုံပြင်အများစုက ခေတ်အဆက်ဆက် လက်ဆင့်ကမ်း သယ်ဆောင်လာသည့် ကြားဖူးနားဝ ပုံပြင်များ ဖြစ်လိမ့်မည်။ ဖတ်မှတ်ထားသည့် ပုံပြင်များလည်း ပါကောင်းပါမည်။

ပုလောမြို့သူ မမေဇင်မိုးသည် လည်း အမေ၊ အဘွားနှင့် အတူအိပ်ခွင့် ရချိန်ငယ်ဘ၀တွင် ပုံပြင်များနှင့် အိပ် ယာဝင်ခွင့် ရခဲ့ကြောင်း ဖွင့်ဟသည်။
“တစ်ခါတစ်လေ ညီအစ်မတွေ အိပ်ရင်းပြောဖြစ်တယ်၊ ပုံပြောရင်း အိပ် ပျော်သွားကြတာ အမှတ်တရတွေပဲ”ဟု မမေဇင်မိုးက ပြောသည်။
အချို့ပုံပြင်များက အဖန်တစ်ရာ ပြောပြီးသားများ ဖြစ်သော်လည်း ထပ်ပြောလျှင်လည်း အလွတ်ရနေသည့် တိုင် ထပ်နားထောင်တတ်ကြသည်။ တစ်ခါတစ်လေ ပုံပြောသူ အဘိုးအဘွား၊ မိဘတို့ ပြောပြီးသားပုံပြင် ထပ်ပြောချိန် မှားပြောလျှင်၊ မေ့နေလျှင် နားထောင်သူ သားသမီးမြေးမြစ်က ပြန်ထောက်ပြ ပေးကြသည်အထိ။
ယခုအချိန်ကဲ့သို့ ဆောင်းတွင်း ညများဆိုက စောင်၊ အနွေးထည်တို့ ကိုယ်မှာခြုံကာ မိသားစုများ တိုးတိုး ဝှေ့ဝှေ့ နားထောင်ကြတတ်သည်။ သရဲ ပုံပြင်များဆိုက ကျောမလုံ၊ အသဲငယ်သူ၊ ကြောက်တတ်သူများ ပုံပြင်ဝိုင်းအစွန် ရောက်နေက ဝိုင်းအလယ် အတင်းတိုးဝင် တတ်ကြသည်။

ကော့သောင်းမြို့ အေးမြကန် သာရပ်ကွက်နေ မပန်ပန်ကတော့ ငယ်စဉ်က အစ်မဖြစ်သူ ပြောပြဖူးသော ကြောက်စဖွယ် သရဲနှင့် စုန်းမပုံပြင်ကို ယခု အိမ်ထောင်သည်ဘ၀ထိ မှတ်မိ နေဆဲဟု ဆိုသည်။
“အစ်မက အိပ်ခါနီး ပြောပြဖူး တယ်။ ၄ တန်း ၅ တန်းအရွယ်ရောက်တဲ့ အထိပေါ့၊ မှတ်မိသလောက် ခေါင်းသုံး လုံးသရဲနဲ့ တန်ခိုးရှိတဲ့ဆေး ၃ လုံး ပုံပြင်၊ စုန်းမကြီးက သူ့သမီးကို ပိတ် လှောင်ထားတာ၊ အဖိုးအိုက တန်ခိုးရှိတဲ့ ဆေး ၃ လုံးသွေးပြီး ထွက်ပြေးခိုင်းတာ၊ နေ့တိုင်း တစ်ပတ်လောက် (အခန်း ဆက်) ပြောပြတာ၊ ပြီးရင်ကြောက်ပြီး အိပ်ပျော်သွားရော၊ ကျောင်းရောက်တော့ သူငယ်ချင်းတွေကိုပြန်ပြောပြတော့ သူငယ်ချင်းတွေလည်း ကြောက်ပြီး နားထောင်ကြနဲ့”ဟု မပန်ပန်က ပြော သည်။
မပန်ပန်က သူမ ကြားဖူးသည့် ပုံပြင်ကို ကျောင်းမှသူငယ်ချင်းများထံ လက်ဆင့် ကမ်းသကဲ့သို့ ကျောင်းရှိ အခြားကျောင်းသူကျောင်းသား သူငယ် ချင်းများကြားတွင် အလှည့်ကျပုံစု ပြောသည့်ဓလေ့များ ထွန်းကားခဲဖူး သည်။

ပုံပြောတမ်း ကစားကြသည်ဟု ဆိုရမည်။ ကိုယ်ကြားဖူးတဲ့ပုံပြင်များ တစ်ယောက်တစ်လှည့် ဝိုင်းပြောကြရ သည်။ တစ်ခါနဲ့တစ်ခါ မထပ်စေရ။
ကြားဖူးသည့် ပုံပြင်ထဲမှ တိုင်း ပြည်အမည်၊ မင်းအမည် မေ့နေလျှင် “ပြည်မသိ ဗာရာဏသီ၊ မင်းမသိ ဗြာမဒ္ဒတ်” ဆိုရိုးအတိုင်း ရောချကြ တော့သည်။
အကယ်၍ ပြောစရာပုံပြင် မရှိ တော့လျှင် ကိုယ့်စိတ်ကူးနှင့် တည် ဆောက်ထားသည့် ပုံပြင်တစ်ပုဒ်ကို အဆင်ပြေသလို ဇာတ်လမ်းဆင် ပြောရ သည်။ လက်လုပ်ပုံပြင်ဟု ဆိုရမည်။
တစ်ခါတလေ ပြောရင်း အဆုံး မသတ်နိုင်ဘဲ ဝေ့လည်ဝေ့လည်ဖြစ်နေ လျှင် သူငယ်ချင်းများက စိတ်မရှည်ဘဲ ဝိုင်းပြင် ဝိုင်းဖြတ် ဝိုင်းဖြည့်ပေးကြရင်း ပုံပြင်အသစ်တစ်ပုဒ် ရသွားတတ်သည်။
အခုချိန်တွင် ယင်းဓလေ့တို့ ဆုတ်ခွာ သွားလေပြီ။ ကျောင်းသားလူငယ်တို့ ပုံပြောတမ်းကစားသည်ကို မတွေ့ရတော့။
ထို့တူ ပုံပြင် တစ်ပုဒ်ကို စိမ်ပြေ နပြေ ပြောနေသည်ကို သားသမီး မြေးမြစ်တစ်သိုက်က ဝိုင်းပတ်ကာ နားထောင်နေသည့် မြင်ကွင်းမျိုး မတွေ့ရသလောက် ရှားပါးလာသည်။
ပုံပြောသည့် ဓလေ့က ပျောက်ကွယ် လုလု။

ပုံပြင်နားထောင်ရသည်ကို နှစ် သက်ပြီး သူငယ်ချင်းပေါင်းရာတွင် မည်သို့ရွေးချယ်ပေါင်းသင်းတတ်ရန် သင်ခန်းစာပေးသည့် ဆရာမပြောပြသော ကျေးညီနောင်ပုံပြင်ကို အမှတ်ရနေ သည်ဆိုသည့် အသက် ၂၄ နှစ်အရွယ် သရက်ချောင်းမြို့နယ် ပန်းတောရွာသူ မခင်မာထွေးသည်လည်း ပုံပြောတမ်း မကစားဖူးသလို ပုံ ပြန်မပြောတတ် ကြောင်း ဖွင့်ဟသည်။
“ပုံနားမထောင်ရတာ ကြာပြီ၊ ကိုယ်တိုင်လဲ မပြောဖြစ်ဘူး။ အခု နောက်ပိုင်း မိဘ ဘိုးဘွားတွေပြောတာ မမြင်ရတော့ဘူး”ဟု မခင်မာထွေးက ပြောသည်။
ထိုသို့ ပုံပြောသည့်ဓလေ့ ပျောက် ကွယ်မည်ကို စိုးရိမ်သော၊ လူမှုအဖွဲ့ အစည်း အချို့က ကလေးလူငယ်များကြား ပုံပြင်များ အမြစ်ပြန်တွယ်လာစေရေး တစ်နိုင်တပိုင် ကြိုးစားလာကြသည်။ ပုံပြောသည့် အဖွဲ့ငယ်များ ဖွဲ့စည်းကာ ကလေးများကြား ပုံပြောသည့်အလေ့ အထ ထွန်းကားလာစေရန် ကြိုးစားလာ ကြသည်။
ယင်းတို့အနက် ထားဝယ်ရှိ ALC (Art, Langunge & Computer Center – Dawei) သည်လည်း တစ်ခုအပါအဝင်။
ပုံပြင်များသည် အကြောင်းအရာ ပိုင်းတွင် ဗဟုသုတ ကြွယ်ဝစေပြီး စိတ် ခံစားမှုအပိုင်း၊ စာရိတ္တအပိုင်း၊ ကလေး များ၏ စိတ်နေသဘောထားကို တည်ဆောက်နိုင်သော သဘောထားများ ပါဝင်ကြောင်း ALC ညိုနှိုင်းရေးမှူး ကိုသိန်းသန်းစိုးက ဆိုသည်။

“ကောင်းတာလုပ်ရင် ကောင်း တာဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းတာ ဖြစ်တယ်။ အဲလို အသိ တွေပေးဆောင်သွားရင် ကြီးလာတဲ့ အချိန်မှာ သူတို့ရဲ့ဖြစ်လာမဲ့ စိတ်နေ သဘောထားတွေသည် အဲဒီအပေါ်မှာ အခြေခံပြီးသွားတာပေါ့နော်။ ပုံပြင် တွေသည် တန်ဖိုးတွေကို အများကြီး ထည့်ပေးသွားနိုင်တာပေါ့”ဟု ကို သိန်းသန်းစိုးက ပြောသည်။
လက်ရှိခေတ်တွင် ကလေးများ အတွက် ရွေးချယ်စရာ ဖျော်ဖြေရေးကဏ္ဍများ ပိုများလာမှု မိုးလင်းမှသည် ညအထိ သင်ယူတက်ရောက်နေရသည့် ကျောင်းနှင့် ကျူရှင်ပညာရေးစနစ်၊ မိဘတို့၏ အသက်မွေးဝမ်းကြောင်းမှု အတွက် အလုပ်လုပ်ချိန် ပိုများလာမှု စသည်တို့က ပုံပြောသည့် ဓလေ့ကို တိုက်စားနေကြောင်း ကိုသိန်းသန်းစိုးက ထောက်ပြသည်။

ယခုအချိန်တွင် ပုံပြင်ပြော ဓလေ့ ရှားရှားပါးပါး ဖြစ်လာပြီး ပြောသူ သိပ်မရှိတော့သကဲ့သို့ နားထောင်လိုသူ လည်း မရှိသလောက် ဖြစ်လာကြောင်း သူက ဆိုသည်။
“ပုံပြင်ပြောတာတွေကို မပျောက် စေချင်ဘူး။ ကျွန်တော်တို့က အရေး ပေါင်းစုံကနေ ဖွံဖြိုးအောင်လုပ်နေတဲ့အချိန်မှာ မျိုးဆက်တွေ တစ်ဆက်နဲ့ တစ်ဆက်ကြားမှာ ကွာဟမှုတွေမရှိဘဲနဲ့ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပြီး ဖွံ့ဖြိုး လာတဲ့အပိုင်းမျိုးလဲ ဖြစ်စေချင်တယ်”ဟု ကိုသိန်းသန်းစိုးက ဖွင့်ဟသည်။

သူတို့ အဖွဲ့သည် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများမှ ကျောင်း သားများအား ပုံ ပြောကြသည်။ ပုံပြင် စာအုပ်၊ ရုပ်ပြစာအုပ်များ ဖတ်ပြကြ သည်။
မိသားစုတို့၏ နွေးထွေးမှုကို ရယူလိုပါက စုဝေးပုံပြင်ပြောသည့် နည်းလမ်းကိုသာ ရွေးချယ်သင့်ကြောင်း ကိုသိန်းသန်းစိုးက အကြံပြုသည်။
“မိဘတွေအနေနဲ့ ကိုယ့်သား သမီးကို တစ်ရက်မှာ ၅ မိ နစ်လောက် ပုံပြောစေချင်တယ်” ဟု ၎င်းက ဆိုသည်။