အချိန်မီ ချုပ်ပါ

0
556

“ရူးခါနေအောင်လှတဲ့ ကမ်းခြေ များကို ပိုင်ဆိုင်ထားတဲ့ ထားဝယ်”
I Love Travelling အမည်ရှိ ခရီးသွားလူငယ်တစ်စု တည်ထောင်ထား သော လူမှုကွန်ရက်(Facebook Page)မှ စာမျက်နှာတစ်ခု၏ ခေါင်းစဉ် ဖြစ် သည်။
ယင်းခေါင်းစဉ်အောက်တွင် ထားဝယ် ဒေသ၏ ကျွန်းများနှင့် လူစိတ်ဝင်စားမှု မများလှသေးသော၊ မစည်ကားလှသေး သော ကမ်းခြေများအကြောင်း မြူးမြူး ကြွကြွ ရေးသားထားသည်။ မည်သို့ သွားရကြောင်း ခရီးသွားလမ်းညွှန်များ ပါ (သူတို့သိသမျှ) ထည့်သွင်းထားကြ သည်။ ဓာတ်ပုံများကိုပါ ခေတ်မီဝေဆာ စွာ ရိုက်ကူးတင်ဆက်ထားလေရာ ထားဝယ် ဒေသခံ လူမှုကွန်ရက် (Facebook) များ ဝိုင်းဝန်းမျှဝေ လိုက်ကြသည်မှာ သောင်း သောင်းဖြဖြ။

ထိုမျှ မကပါ။ ယခင်က သာမန် သာ ဖြတ်သွားဖြတ်လာ လုပ်နေကြသည့် ယင်းကမ်းခြေများသို့ ထားဝယ်ဒေသခံ တို့ တခုတ်တရ သွားရောက်လည်ပတ် လာကြ၊ လူမှုကွန်ရက် (Facebook )ပေါ် ပြန်လည် မျှဝေကြသည်မှာ အပြိုင် အဆိုင်။
ဝမ်းသာရပါသည်။ မိမိဒေသ အလှ အပများကို ခံစားတတ်၊ မြတ်နိုးဂုဏ် ယူတတ်ကြသောကြောင့် ဖြစ်သည်။
ယင်းသို့ သွားရောက်လည်ပတ် ကြ၊ ဓာတ်ပုံရိုက် မျှဝေကြခြင်းက တိုင်း၏ စီးပွားရေးကိုလည်း တစ်ထောင့်တစ် နေရာက အထောက်အကူ ဖြစ်စေမည်ဟု ခံယူပါသည်။ တနင်္သာရီတိုင်း၏ စီးပွား ရေးကို ခရီးသွားလုပ်ငန်းဖြင့် ဆွဲတင် မည်ဟု အစိုးရက မူဝါဒ ချမှတ်ထားသည် မဟုတ်ပါလော။

တစ်ပြိုင်နက်တည်းတွင် စိုးရိမ် ပူပန်မှုများလည်း ဖြစ်ပေါ်လာရပါသည်။
အပျိုရိုင်းလေးများပမာ လှပသစ် လွင်သော ကမ်းခြေများ၊ ကျွန်းများ ရေရှည် လှပသစ်လွင်စွာ ဖွံ့ဖြိုးတိုးတက်ရေး အစီအမံများ ရှိနေပါရဲ့လား။ မည်သူတို့ မည်သို့ တာဝန်ယူ စောင့်ရှောက်နေကြ ပါ၏နည်း။
အထိန်းအကွပ်မဲ့ ကမ်းခြေများမှ ဧည့်သည်များ အိမ်ပြန်သွားသောအချိန်ကို မြင်ယောင်မိပါသည်။ သဲသောင်တွင် လွင့်နေမည့် ရောင်စုံဆိုဒ်စုံ ပလပ် စတစ်အိတ်များ၊ ပြန့်ကျဲနေမည့် ဗူးခွံ များ ပေါင်းစုံ၊ ယင်အုံခွေးဆွဲ စားကြွင်း စားကျန်များ..။ ပထမ စည်ကားစတွင် မသိသာ နိုင်သေးသော်လည်း နေ့စဉ် လဆက်ဆိုက မတွေးရဲစရာ။
ယင်းသည် မြင်သာသည့် အမှိုက် ပြဿနာမျှသာ။

မမြင်သာသော ပျက်စီးဆုံးရှုံးမှု လည်း များစွာ ရှိနိုင်ပါသေးသည် (ကျွန်းများမှ သန္တာကျောက်တန်း များကိုပင် ဖဲ့ယူ သယ်ဆောင်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းတို့အထိ ပြု လုပ်ကြသည်ကို ကြားသိနေရပါသည်)။
ခရီးသွား တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း စီ၏ မိမိ စွန့်ပစ်အမှိုက်အပေါ် တာဝန် ယူမှု၊ စောင့်ထိန်းရမည့် ကျင့်ဝတ်များကို တာဝန်ခံနိုင်မှု၊ ဒေသခံတို့နှင့် သဟဇာတ ဖြစ်ရေးနှင့် ခရီးသွားလုပ်ငန်းအပေါ် အမြင် စသည်တို့က ချက်ချင်း လုပ်ယူ ၍ရသည့် ကိစ္စရပ်များ မဟုတ်ပါ။
သို့သော် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး မှုကား အရှိန်အဟုန်နှင့် လာတော့မည်။

တာဝန်ရှိသူတို့အနေဖြင့် လက်ရှိ ဒေသတွင်း အပျိုရိုင်း နယ်မြေသစ် လေးများ ရေရှည်လှပ ဖွံ့ဖြိုးတိုးတက်ရေး အစီအမံများ မည်သို့ ချမှတ်ထားပြီနည်း။ ဒေသတွင်း ခရီးသွားလုပ်ငန်း စနစ်တကျ တိုးတက်လာရန် အဆင်သင့် ဖြစ်ပြီ လော။
အားရဖွယ် အစီအမံများ မကြားရ သေးပါ။ ယင်းဘက်ကို ဦးလှည့်ကာ အားသွန်ခွန်စိုက် လုပ်နေသည်ကို မတွေ့ မကြားရသေးပါ။
ကြားနေရသည့် ဆင်ခြေတော့ ရှိပါသည်။ “ဒီထက် အရေးကြီးတာ အများကြီး ရှိသေးတယ်”။
ကျွန်း၊ ကမ်းခြေသစ်များက အချိန် မကျမီ ပွင့်အာမိသော စည်းရိုးမဲ့ ပန်း ရိုင်းခင်းများ ပမာ။

ဘန်ကောက် အနုပညာနှင့် ယဉ် ကျေးမှုစင်တာ ဒါရိုက်တာ လက်ခ်ဏ ကူနဘီချာနွတ်၏ စကားကို ပြန်သတိရ မိသည်။ ယခုနှစ်ဆန်းက ဘန်ကောက် အနုပညာနှင့် ယဉ်ကျေးမှုစင်တာတွင် ထားဝယ်ဒေသ အလှဓာတ်ပုံ၊ ပန်းချီများ ပြသသည့် “တို့ချစ်တဲ့ ထားဝယ်”ပွဲတော်တွင် ပြောခဲ့သောစကား ဖြစ် ပါသည်။
“ထားဝယ် အလှပုံတွေ တွေ့ရင် လိုင်းပေါ် မတင်ဘဲ သိမ်းထားမိမှာပဲ၊ ဘာကြောင့်ဆို လူတွေ လာဖျက်ဆီးမှာ စိုးလို့” ဟူ၏။
မြန်မာနိုင်ငံ၏ လက်ရှိ အခင်း အကျင်းကို တွက်ဆကာ ပြောခဲ့ဟန် တူပါ သည်။

သို့သော် လက်ရှိတွင် ထားဝယ် ကား “ရူးခါနေအောင်လှတဲ့ ကမ်းခြေ များကို ပိုင်ဆိုင်ထား” ကြောင်း ကမ္ဘာက သိနေလေပြီ။ ဖုံးဖိရန် မဖြစ်နိုင်တော့။ ဖုံးဖိစရာလည်း မလိုပါ။ အဘယ်ကြောင့် ဆိုက တနင်္သာရီတိုင်း၏ ပင်မစီးပွားက ခရီးသွားဟု သတ်မှတ်ထားသဖြင့် အခမဲ့ ကြော်ငြာပေးသူများကိုပင် ကျေးဇူးတင် ရပါဦးမည်။
လက်ရှိအစိုးရမှ လုပ်ဆောင်သင့် သည်မှာ ရွေးကောက်ပွဲကြေညာစာတမ်းပါ အချက်တစ်ချက်ကို အမြန် အကောင် အထည် ဖော်ရန် ဖြစ်သည်။

“လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုး တိုးတက် ရေး”လက်ရှိအာဏာရအစိုးရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၀၁၅ ရွေး ကောက်ပွဲ ကြေညာစာတမ်းပါ ကဏ္ဍ ၄ ရပ်ထဲမှ တစ်ရပ် ဖြစ်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ခု စက်တင်ဘာ ၂၁ ရက်နေ့တွင် ပြည်တွင်း ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ် များမှ ပြည်သူသို့ ပြောကြားခဲ့သော ပါတီမှလုပ်ဆောင်မည့် ရည်မှန်းချက် ဖြစ်ပြီး တနင်္သာရီတိုင်း၏ လက်ငင်းလူမှု စီးပွားအတွက် အရေးပါလွန်းသော ကဏ္ဍတစ်ရပ်ပင် ဖြစ်သည်။
“ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုး တက်ရေး”၏ အသက်သည် “လွတ်လပ် လုံခြုံမှု” ဖြစ်သည်။ မလွတ်လပ် မလုံ ခြုံလျှင် ဘယ်ခရီးသွားက လာကြတော့ မည်နည်း။ မည်သူတို့ ရင်းနှီးမြှုပ်နှံ တော့မည်နည်း။ ဘယ်မှာ ဖွံ့ဖြိုးတိုး တက်တော့ မည်နည်း။

သို့ကြောင့် “လွတ်လပ်လုံစွာ ဖွံ့ဖြိုးတိုးတက်ရေး”ကို အမြန်ဆောင် ရွက်ပါက အထက်ပါ စိုးရိမ်မှုတို့ ကျဆင်း ကာ ရေရှည်ဖွံ့ဖြိုးမှုဆီ ချီတက်နိုင်ပါ လိမ့်မည်။
လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက် နေသော လူမှုစီးပွားတွင် အစိုးရ၊ ရောင်း သူ(ဒေသ၊ ဒေသခံ၊ လုပ်ငန်းရှင်)၊ ဝယ်သူ(ခရီးသွား) သုံးဖက်စလုံး အကျိုး များ ပါလိမ့်မည်။
ကမ်းခြေများ၊ ကျွန်းများ ရေရှည် လှပစိုပြည်ရေး အစိုးရမှ ပိုင်နိုင် သပ်ရပ် စွာ စီမံခန့်ခွဲရလိမ့်မည်။ ခရီးသွားများနှင့် ပါဝင်ပတ်သက်သူ(ဒေသခံ၊ လုပ်ငန်းရှင် များ)အတွက် အစိုးရသော လုံခြုံမှုကို ဖန်တီးပေးရမည်။

ယင်းအတွက် အစိုးရမှ အခွန်ရ မည်။ နာမည်ကောင်း ရမည်။ ဒေသ ရေရှည် ဖွံ့ဖြိုးတိုးတက်မည်။ ဒေသခံနှင့် လုပ်ငန်းရှင်တို့ မိမိရင်းနှီးမြှုပ်နှံမှုအတွက် လုံခြုံ စိတ်ချရမည်။
အစိုးရ မပါဝင်လျှင်၊ လျစ်လျူ ရှုထားလျှင် ပရမ်းပတာ ဖြစ်လိမ့်မည်။
မောင်းမကန်ကမ်းခြေကို ဥပမာ ပြုပါ။ ခေတ်အဆက်ဆက် အထိန်း အကွပ်မဲ့ခဲ့ (ရှိခဲ့သော်လည်း ဖရိုဖရဲနိုင်ခဲ့) သောကြောင့် မြေယာပြဿနာ၊ အမှိုက် ပြဿနာများက မရှင်းနိုင်သော သပွတ် အူပုစ္ဆာ။ ပြုလုပ်မည်ဆိုသော မောင်းမ ကန် ကမ်းခြေ မြို့ပြစီမံကိန်းကလည်း လေထဲတွင်သာ တွဲလောင်း ချိတ်နေဆဲ။ အစိုးရ စီမံခန့်ခွဲပိုင်ခွင့် မြေဆိုသော်လည်း အမှန် အကောင်အထည်ဖော်ချိန်တွင် ရှိနှင့်ပြီးသော ဆိုင်တန်းများ၊ အဆောက် အအုံပိုင်ရှင်များဘက်မှ မည်သို့ လာဦး မည်မသိ။

နောက် ကမ်းခြေများ၊ ကျွန်းများကို မောင်းမကန်ကဲ့သို့ အနာဖြစ်မှ၊ ရောဂါ ကျွမ်းမှ မကုစေလို။
ယခုပင် ကမ်းခြေသစ်များတွင် မြေယာပြဿနာများ စကြားနေရပြီ။ မချီ ရွှေ့နိုင်သည့် တဲများရှိစဉ်က အရေး တယူ မပြုလျှင် တိုက်တာများကို ဘူဒို ဇာဖြစ် ထိုးနေရလိမ့်မည်။ သို့ဆိုလျှင် အနာတရ များမည်။ ထိခိုက်မှုများပြီး အစိုးရ ပုံရိပ် ကျလိမ့်မည်။ ချစ်သော အစိုးရအား ဘူဒိုဇာအစိုးရအဖြင့် သမိုင်း မတွင်စေချင်ပါ။
အချိန်မီချုပ်မှ အစုတ်သက်သာ မည်ဖြစ်သည်။

လက်ရှိတွင် တနင်္သာရီတိုင်းကမ်း ရိုးတန်းတစ်လျှောက် ကမ်းခြေများ၊ ကျွန်းများက မိန်းမောဖွယ် “ရူးခါ နေအောင်” လှဆဲ။ ပြဿနာ နုနေဆဲ။ သို့သော် စုတ်ပြဲရာတို့ ရှိနေပြီ။ အချိန်မီ ချုပ်မှ အစုတ် သက်သာမည့် အနေ အထား။ သို့ကြောင့် လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေး အစီအမံကောင်း များဖြစ် အချိန်မီ ချုပ်သင့်နေပြီဖြစ်သည်။