ထားဝယ် ကြက်မွေးမြူရေးဇုန် အစီအစဉ် အချိန်ဆိုင်းပေးရန် မွေးမြူရေးသမားများ လိုလား

0
440

ထားဝယ်ခရိုင်အတွင်းရှိ ကြက်မွေး မြူ ရေးလုပ်ငန်းများကို ပကာရီရွာ အနီးတွင် အကောင်အထည်ဖော်မည့် မွေးမြူရေးဇုန်သို့ ပြောင်းရွေ့မွေးမြူရန် စီစဉ်နေမှုအပေါ် အချိန်ကာလတစ်ခု ပေးရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်ထံမှ သိရသည်။
ကြက်ငှက်တုပ်ကွေးဖြစ်ပွားရာတွင် ဆုံးရှုံးမှုများခဲ့သည့်အတွက် ရင်းနှီးမြှုပ်နှံ ရန် ငွေကြေးအခက်အခဲဖြစ်နေကြသည်။
ထို့ကြောင့် လက်ရှိအချိန်တွင် နေရာပြောင်းရွေ့ပြီး မွေးမြူရန် မဖြစ် နိုင်သေးဘဲ အချိန်ကာလ တစ်ခုပေးကာ ၃ နှစ်ခန့် စောင့်ဆိုင်းပေးရန် လိုအပ် ကြောင်း ခရိုင်မွေးမြူရေးလုပ်ငန်း အဖွဲ့ ချုပ် အတွင်းရေးမှူး ဦးဇော်ဌေးက ဆို သည်။

ထားဝယ်မြို့အတွင်း ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကြက်ငှက်တုပ်ကွေး ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အပြီးတွင် တိုင်း ဒေသကြီးအစိုးရက ထားဝယ်မြို့မှ ၁၀ မိုင်ကျော်ကွာဝေးသော ပကာရီရွာအနီး တွင် ကြက်မွေးမြူရေးဇုန်တစ်ခု ဖော် ဆောင်ရန် စီစဉ်နေပြီး မွေးမြူရေးသမား အများစုကမူ မြို့အတွင်းရှိ ၎င်းတို့၏ ကြက်ခြံများတွင်ပင် ပြန်လည် မွေးမြူ ခွင့်ရရန် လိုလားနေကြသည်။
“ငွေကြေး အခက်အခဲဖြစ်နေကြ တော့ လောလောဆယ်မှာ ပြောင်းပြီးမွေး ဖို့ မဖြစ်နိုင်ကြသေးဘူး”ဟု ဦးဇော်ဌေး က ပြောသည်။

ကြက်ကောင်ရေ ၇၀၀ ခန့် မွေးမြူ နိုင်သည့် ပေ ၂၀ ပေ ၅၀ အကျယ်အဝန်း ရှိသည့် ကြက်ခြံ အဆောက်အအုံ တစ်လုံးလျှင် ငွေကျပ် သိန်း ၅၀ ခန့် ကုန်ကျနိုင်ကြောင်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းက ကြက်မွေးမြူရေးသမားများကို ခေါ်ယူ တွေ့ဆုံပြီး အကောင်အထည် ဖော်မည့် ဇုန်တွင် သွားရောက်မွေးမြူ လိုခြင်း ရှိ/မရှိကို ဆန္ဒသဘောထား တောင်းခံ ထားကြောင်း တိုင်းဒေသကြီး မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိ သူက ပြောသည်။

“ခုချိန်ထိတော့ သူတို့ဖက်က တင် ပြလာတာ မရှိသေးဘူး၊ မွေးမြူရေးဇုန် လုပ်ပြီး မွေးမြူသူမရှိဘဲ ဖြစ်နေမှာစိုးလို့ ပါ”ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။
ကြက်ငှက်တုပ်ကွေးကြောင့် ဆုံးရှုံး ခဲ့ရသည့် မွေးမြူရေးသမားများ ပြန်လည် ထူထောင်နိုင်ရန် အစိုးရအနေဖြင့် ထိုက် သင့်သည့် ထောက်ပံ့မှု (သို့) ချေးငွေ စီစဉ်ပေးခြင်းကို လုပ်ဆောင်ပေးရန်နှင့် လက်ရှိနေရာတွင်ပင် ၃နှစ်ခန့် မွေးမြူခွင့် ရရန်အတွက် ဒီဇင်ဘာလ နှောင်းပိုင်းတွင် တင်ပြသွား မည်ဖြစ်ကြောင်း ခရိုင်မွေးမြူ ရေး လုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဇော်ဌေးက ဆိုသည်။

လက်ရှိတွင် မွေးမြူရေးဇုန် မြေနေ ရာမှာ စားကျက်မြေများ ပါဝင်နေသည့် အတွက် တိုင်းအစိုးရ စီမံခန့်ခွဲပိုင်ခွင့် ရှိသည့် မြေအဖြစ် လုပ်ဆောင်ရမည် ဖြစ်ပြီး မွေးမြူရေးသမားများကို နှစ် ၃၀ ငှားရမ်းသည့် ဂရန်ချပေးရန် စီစဉ် ထားကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ဆိုသည်။
“ဇုန်မှာ လာမမွေးဘဲ အဆင်ပြေတဲ့ နေရာမှာ မွေးနေမယ်ဆိုရင် ဒေသခံပြည် သူတွေနဲ့ ပြဿနာတက်လာရင် ကိုယ့် ဟာကို ရှင်းပဲ”ဟု ဝန်ကြီးဦးမြင့်စန်းက ပြောသည်။
မွေးမြူရေးဇုန်တွင် လမ်း၊ မီး အစရှိ သည့် အခြေခံ အဆောက်အဦများကို တည်ဆောက်ပေးသွားမည်ဖြစ်ပြီး မွေးမြူရေးသမားများ ချေးငွေရယူနိုင်ရန် ဘဏ်တစ်ခုနှင့် အတိုးနှုန်းနှင့် ချေးမည့် ပုံစံကို ညှိနှိုင်းပြောဆိုထားကြောင်း ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် ကြက်ငှက်တုပ် ကွေးကြောင့် ဆုံးရှုံးခဲ့ရသည့် ကြက်မွေး မြူရေးသမားများကို ထောက်ပံ့ပေးနိုင်ရန် ငွေကျပ်သိန်းပေါင်း ၁၄၀၀ ကျော်ကို ပြည်ထောင်စု အစိုးရထံတွင် တောင်းခံ ထားကြောင်း သိရသည်။