ဘဏ္ဍာရေးနှစ် ကုန်ခါနီးအချိန်မှ ဘီးခွန်ကောက်ခံမှု ယာဉ်မောင်းအချို့ ဝေဖန်

0
369

ထားဝယ်မြို့အတွင်းရှိ ယာဉ်များ ကို လက်ရှိဘဏ္ဍာရေးနှစ် ကုန်ဆုံးရန် လပိုင်းအလိုတွင်မှ ဘီးခွန်(Wheel Tax) ကောက်ခံနေမှု အပေါ် ယာဉ်မောင်း များအကြား ဝေဖန်မှုများရှိသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ကုန်ရန် ၃ လကျော်သာ ကျန်တော့သည့် အချိန်ရောက်မှ မြို့ဝင် မြို့ထွက်များတွင် ဘီးခွန်ကြေးအဖြစ် ၁ နှစ်အတွက် ကျသင့်ငွေ ကောက်ခံနေခြင်းမှာ မဖြစ် သင့်ကြောင်း ၃ ဘီးယာဉ်မောင်း အများ စုက ဆိုသည်။

ဘဏ္ဍာရေးနှစ် စတင်သည့်လတွင် ဘီးခွန်ပေးသွင်းကြရန် ကြေညာပေး သင့်ပြီး ယခုကဲ့သို့ ကောက်ခံမှုမှာ အဓိပ္ပာယ်မရှိသကဲ့သို့ ခံစားရကြောင်း ၃ဘီး ယာဉ်မောင်းတစ်ဦးဖြစ်သည့် ဦးမြတ်ဇော်က ဆိုသည်။
“ငွေလိုလာတဲ့အချိန်မှ လိုက်ပြီး ကြပ်သလို ဖြစ်နေတယ်”ဟု ဦးမြတ်ဇော် က ပြောသည်။

ဘီးခွန်အဖြစ် တစ်နှစ်စာအတွက် ဆိုင်ကယ်တစ်စီးလျှင် ငွေကျပ် သုံးထောင်၊ သုံးဘီးဆိုင်ကယ်တစ်စီးလျှင် ကျပ် ၇ ထောင် ကောက်ခံကာ ဘီးခွန်(အဝိုင်း)များ လုပ်ပေးနေခြင်း ဖြစ်သည်။
“ဘဏ္ဍာရေးနှစ်စတဲ့ လမှာပဲ ဘီး ခွန် သွင်းရမယ့် နေရာကို ကြေညာပေး သင့်တယ်၊ အခုက ၃ လအလိုမှ ဆိုတော့ မသွင်းချင်ကြဘူး”ဟု အခြားသုံးဘီး ယာဉ်မောင်းတစ်ဦးဖြစ်သူ ဦးစိုးစိုးက ပြောသည်။

လက်ရှိဘဏ္ဍာနှစ်တွင် ဘီးခွန် ရရှိရန် လျာထားသည့်ငွေမှာ ကျပ်သိန်း ၂၀၀ ဖြစ်ပြီး ဘီးခွန်လာဆောင်သူ နည်းပါးနေပြီး ၁၂ သိန်းသာ ရရှိသေး သည့်အတွက် ယင်းကဲ့သို့ လိုက်လံ ကောက်ခံရခြင်းဖြစ်ကြောင်း ထားဝယ် မြို့နယ် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးက ဆိုသည်။

“လာသွင်းသူနည်းပြီး လျာထား ချက်မပြည့်မီလို့ ဘတ်ဂျက်နှစ် ကုန်ခါ နီးမှာ ဆင်းကောက်တာပါ”ဟု စည်ပင် ကော်မတီ အတွင်းရေးမှူးက ပြောသည်။
နောက်ဘဏ္ဍာရေးနှစ်အတွက် ဘီးခွန်ဆောင်မည်ဆိုပါက လာမည့် ဧပြီလတွင် မြို့နယ်စည်ပင်ရုံးတွင် လာ ရောက်ပေးဆောင်နိုင်ပြီး ဘီးခွန်ဆောင် ထားပါက ထားဝယ်မြို့တွင်း ဝင် / ထွက် ဂိတ်များတွင် မြို့ဝင်ကြေး (ဘီးကောက်) ပေးဆောင်ရန် မလိုကြောင်း ၎င်းက ဆိုသည်။

စည်ပင်သာယာရေး ဥပဒေအရ ဆိုင်ကယ်တစ်စီးလျှင် ကျပ် ၃၀၀၀ ၊ သုံးဘီး/ ထော်လာဂျီတစ်စီးလျှင် ကျပ် ၇၀၀၀၊ တစ်တန်မှ သုံးတန်အထိ ကားတစ်စီး လျှင် ကျပ် ၈၀၀၀ အစရှိသဖြင့် ယာဉ် အမျိုးအစားအလိုက် ကောက်ခံလျက် ရှိကြောင်း စည်ပင်ကော်မတီထံမှ သိရ သည်။
မြို့ဝင်သည့် နေရာအများစုတွင် ဘီးကောက်(မြို့ဝင်ကြေး)များ ကောက်ခံ နေပြီး ပြီးခဲ့သည့်နှစ်များကလည်း ဘဏ္ဍာ နှစ်ကုန်ရန် လပိုင်းသာ လိုတော့သည့် အချိန်တွင်မှ ဘီးခွန်ကို လိုက်လံကောက်ခံ ခဲ့သည်။