တနင်းသာရီဟု အသံထွက်မှန်ကန်စွာ ပြောဆိုနိုင်စေဖို့

925
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

အခု နောက်ပိုင်း အခမ်းအနား တော်တော်များများမှာ ဒေသ တနင်္သာ ရီတိုင်းဖွားများ ဖြစ်ပါလျက်- တနင်္သာရီ အသံထွက်ကို တနင်းသာရီဟု မထွက် ဘဲ… “တနင်သာရီ… တနင်သာရီ..” ဆိုပြီး ဟန်လုပ် ပုဂံအသံပြောင်းထည့် ပြီး အသံထွက်အမှား ပြောနေကြ၊ ဆိုနေ ကြသည်ကို ဒေသခံ တနင်္သာရီတိုင်းဒေသ သားတစ်ယောက်အနေဖြင့် အလွန်ပင် နားကြားပြင်းကပ်လွန်းခဲ့သည်။ တစ်ခါ တစ်လေဆိုရင် သည်းမခံနိုင်တော့။ ဝစ္စနှစ်လုံးပေါက်ကို ပစ်ထည့်လို့ရရင် ပစ်ထည့်ပေးလိုက်ချင်မိခဲ့သည်။
ဒေသအတွင်းမှာလည်း အချင်းချင်း ပြောရင်တော့ “တို့နောင် ဘယ်သော ဝို့”…. “တနင်းသာရီသွားဖို့.”. “ဘယ်က လာ.”.. “တနင်းသာရီကလာရယ်”.. ထိုအတိုင်းပင်- “တနင်းသာရီ”ဟူ၍ သာ အသံထွက်ကြသည်။

သမိုင်းကြောင်း မူရင်းအခြေခံ ကလည်း- “ခရင်းသေ… တရင်းသေ- တနင်းသရေ- တနင်းသီရိ- တနင်း သာရီ- တနင်္သာရီ” ဆိုပြီး ဆင်းသက် လာခဲ့သည်ပဲလေ..။ နောက်တစ်ချက် ပြောရရင်-
ဥပမာ- “တနင်္လာ”ကို “တနင်း လာ”လို့ အသံထွက်ကြသလို၊”တနင်္ဂနွေ”ကို”တနင်းဂနွေ”ဟု ငသတ်ဆင့် ကင်းစီး( _င်္) ကို ဗျည်းတွဲတိုင်း ဝစ္စအသံထွက်ကြသလို “တနင်္သာရီ”ကိုလည်း “တနင်းသာရီ”ဟု အသံထွက်မှ အမှန်ဖြစ်ကြောင်း သိစေချင်ပါသည်။

စာရေးသူကိုယ်တိုင်လည်း ကြုံ တိုင်း ထိုအသံထွက်အတိုင်း အသံထွက် ပေးဖို့ အမြဲ ဆော်ဩမိခဲ့သည်။ အထူး သဖြင့် ဒေသခံထဲက အခမ်းအနား မှူးပဲဖြစ်ဖြစ်၊ အထက်ဗမာတွေနှင့် စကားပြောကြတာပဲဖြစ်ဖြစ်၊ နိုင်ငံခြား သားနှင့် စကားပြောတာပဲဖြစ်ဖြစ် တနင်းသာရီဟု ဝစ္စနှစ်လုံးပေါက် အသံ ထွက်နှင့် ရွတ်ပေးဖို့ မေတ္တာရပ်ခံခဲ့သည်။
တနင်း(Tenas) = တန်ခိုးဩဇာ အာဏာပါဝါ(Power)နှင့် သာရီ (Serim) = ကျက်သရေ (Glory) ကို ရည်ညွန်းထားသဖြင့် တန်ခိုးအာဏာ နှင့် ကျက်သရေဖြာသော ဟူ၍ အဓိပ္ပာယ်ဖြစ်သည်။ ဩဇာအာဏာပါဝါ နှင့် ကျက်သရေဖြာသော လူမျိုး၊ ဩဇာ အာဏာပါဝါ နှင့် ကျက်သရေဖြာသော တိုင်းဟု အဓိပ္ပာယ်ရပါသည်။ ရေမြေ တနင်း၊ ပြည့်ရှင်မင်းဆိုသည့်အတိုင်း တ နှင့်သ အငြင်းအပွားမရှိဘဲ တနင်း မူရင်းအသံထွက်တိုင်း ဝစ္စအသံထည့် ရွတ်ရမည်ကို သတိပြုစေချင်ပါသည်။ ဓမ္မရာဇက(ကောဇာ ၅၅၈) ထိုး ကျောက်စာများတွင် ရေးထားသော “တောင်တွင် တဝယ်၊ ဓညတ်၊ သင်ဒုတ်၊ တနင်သရေ(တနင်သိရိ)၊ တကွာ၊ သလင်ကြေ”ဟူ၍ စောဒက တက်ချင်မည်ဆိုရင် ကျောက်စာ တော်တော်များများ လေ့လာကြည့်သည့် အခါတွင် ရှေးခေတ်က ဝစ္စဖျောက် အရေးအသားသာ တွေ့ရမည်ဖြစ်ပြီး ဖတ်သည့်အခါတွင်မူ ဝစ္စအသံထည့် ဖတ်သင့်သော စကားလုံးများကိုမူ ဝစ္စအသံထည့်၍ အသံထွက်ရွတ်ရပါ သည်။ ထို့ကြောင့် တနင်္သာရီကိုလည်း တနင်းသာရီဟု ဝစ္စအသံထွက်ရွတ်ရမည် မှာ အလိုအလျောက် သိနေရပေမည်။

နောက်ထပ် အင်းဝခေတ်စာပေ အရေးအသားထဲမှ ရှင်အုန်းညို၏ ဂါထာ ၆၀ပျို့ ပိုဒ်ရေ ၇၅တွင် တနင်္သာရီလူမျိုးကို ဖော်ပြရာတွင် “ကသည်း ကရင်၊ စုံအင်ချင်းလင်း၊ တနင်္သာရီ” ဟူ၍ င သတ် ကင်းစည်း( _င်္း) ချင်းလင်း- တနင်းသာရီကို ဝစ္စသံထည့် “အင်း”ကာရန်ကို ချိတ်ဆက်မိမိ ရေးသား ထားသည်ကို ကြည့်ခြင်းအားဖြင့် တနင်းသာရီဟုသာ အသံထွက်ပီပီ ရွတ် ဆိုခဲ့သည်ကို မှတ်တမ်းပြုထားကြောင်း သိရှိနိုင်သည်။
ဗျည်းနှင့် တွဲသော ငသတ်ဆင့် ကင်းစီးစကားလုံးများကို ဝစ္စအသံထွက် ဖတ်ကြရမှာကို အလိုလျောက် သိရမှာ ဖြစ်သည်။ တနင်္သာရီ ကို တနင်းသာရီလို့ အသံထွက်ကြရသလို-
ဥပမာ-“ဟင်္သာ”ဆိုရင်”ဟင်းသာ”၊
“ဒင်္ဂါး”ဆိုရင် “ဒင်းဂါး”
“ဂင်္ဂါမြစ်”ဆိုရင်”ဂင်းဂါမြစ်”ဟူ၍ ဝစ္စအသံထွက်ရွတ်ရခြင်း ဖြစ်သည်။

စောဒကတက် မေးစရာတစ်ခု ရှိ လာပါသဖြင့် “အ” သရသံနှင့် တွဲသည့် အခါ မောက်ချမပါရင်လည်း အလို အလျောက် ဝစ္စအသံထည့် ရွတ်ပေးရ မှာပါ..။
ဥပမာ- “အင်္ဂလိပ်စာ”ဆိုရင် “အင်းဂလိပ်စာ”၊
“အင်္ဂတေ”ဆိုရင် “အင်းဂတေ”၊
“အင်္ဂမော်ရွာ”ဆိုရင် “အင်းဂမော် ရွာ”လို့ ဝစ္စသံထွက်ပေးမှ မှန်ပေသည်။
“အ”သရနှင့် ဗျည်းဆက် မောက်ချ ပါသော ငသတ်တင် ထားသော စကား လုံးများဖြစ်သော
ဥပမာ- အင်္ဂါ = အင်ဂါလို့ စတဲ့ စကားလုံးမျိုးသာလျှင် ဝစ္စအသံ ဖျောက် ရွတ်ဆိုရမှာ ဖြစ်ပါသည်။
“ဒီပင်္ကရာ” “အလင်္ကာ”၊ “အသင်္ခယာ”၊ “အသင်္ချေ”စသော “အ” သရနှင့်ဗျည်းဆက် စကားလုံးများတွင် လည်း ဝစ္စအသံဖျောက် ရွတ်ဆိုကြ သည်ကို လေ့လာနိုင်ပေသည်။

ထို့အပြင် ဝစ္စအသံဖျောက် ငသတ် ဆင့် စကားများဖြစ်သော ဥပမာ- “မင်္ဂလာပါ”၊ “ဝင်္ကဘာ”၊ “သင်္ချာ”}၊ “သင်္ဂဟ” စသော ဝစ္စအသံဖျောက် စကားလုံးချွင်းချက်တွေ ရှိသေးသည်။ သေးသော်လည်း စောဒကတက်စရာ မလိုပါ..။ ရှေးအစဉ်ဆက် ဒေသသား တွေ သမိုင်းအစဉ်အလာအရ ပြောသော အသံထွက်သည်သာ အမှန်ယူရပေမည်။ ငသတ်ကင်းစီး စကားလုံးတော်တော် များများသည်လည်း ဝစ္စအသံထွက်၍ အပြောများသည်ဖြစ်ရာ တနင်္သာရီကို တနင်းသာရီဟုသာ အသံထွက်အမှန် ပြောဆိုကြသည်မှာ သင့်တော်ပေသည်။
မြန်မာစာ စည်းကမ်းအရ ဗျည်းတွဲ တွေကို ဗျည်းနှင့်သရ အသတ်စဉ်များ၊ မြန်မာအက္ခရာပါ ဝဂ် (၆) ဝဂ်၊ ပါဠိစာ မှ အသတ်ကို မသုံးဘဲ အသတ်ကိုယ်စား ပါဌ်ဆင့်တွေ အသုံးပြုပုံနှင့် ပါဌ်တွေကို ဖတ်သည့် အခါမှာ အသတ်အဖြစ်နှင့် ပြောင်းပြီး ဖတ်ကြသည်ကို ထပ်ဆင့် နှိုင်းယှဉ်လေ့လာရင်ပိုမို သိသာနိုင်ပေမည်။

မည်သို့ပင် ဆိုစေကာမူ ကိုယ် မှန်တယ်ထင်ရာ ဇွတ်အတင်း အသံထွက် မှားခဲ့ကြသဖြင့် တနင်္သာရီဒေသ လူမျိုး များ လက်ခံထားခဲ့သော စကားလုံးများ သည် တချို့သော အဓိပ္ပာယ်ကို ပြောင်း သွားခဲ့သည့် သာဓကများစွာ ရှိခဲ့၍ စာရေးသူတို့ တနင်္သာရီဒေသဖွား မျိုးဆက်သစ်အတွက် နောက်မကျ ရလေအောင် အမှန်ကို အမှန်အတိုင်း၊ အဓိပ္ပာယ်လေးနက်မှုကို သိရှိ နားလည် စေဖို့ ရည်ရွယ်ချက်တစ်ခုတည်းကို ရှေး ရှုပြီး ကြားသိသမျှကို အချက်အလက် ကျကျ ရှင်းပြခြင်းသာ ဖြစ်သည်။ ဆရာကြီးလုပ်ခြင်းမျိုးလည်း မဟုတ်ပေ။ အရင်ခေတ်က မပြောခ၊ဲ့ မဆိုခဲ့၊ အားနာ ပြီး ပြင်မပြောခဲ့ကြ၍ ဒေသအသံထွက်ကို ပီသစွာ မပြောနိုင်သဖြင့် အထက်ဗမာများ ၏ နှုတ်ဖျားကို ရောက်မှ အသံထွက်လွဲ အဓိပ္ပာယ်ပါ ရိုင်းသွားရသည့် စကားလုံး လေးတချို့ကို ဖော်ပြပေးပါမည်။

ဥပမာ- “ကရမက်တောင်ကြား လမ်း”ကို “ကုလားမတောင်ကြားလမ်း”ဆိုပြီး ဘာမဆိုင်ညာမဆိုင် စကားလုံး ပြောင်းသွားတာ တစ်ခုရှိသည်။ တနင်္သာ ရီရိုးရာ “ကရကျားအက”မှ “ကလား ကျားအက”ဆိုပြီး ရေလိုက်ငါးလိုက် အမှားမသိ အသံထွက်မှားနေတာလည်း ရှိသေးသည်။ ရှေးခေတ်က နန်းတော် တည်ရန် ပျဉ်ချပ်များ တောင်းခဲ့သော ရွာမို့ “ပျဉ်တောင်း”ကနေ အခုတော့ “ပြင်းတောင်” ဖြစ်သွားခဲ့ရသော သာဓက များစွာရှိသည်။

အမှားကြာရင် “ဤ” ကို “ကျွဲ”ဖတ်လာတတ်သော မြန်မာ့ဝန်းကျင်တွင် စာရေးသူတို့ အလေးမြတ်ထားသော တနင်္သာရီစကားလုံးကို တနင်သာရီဟု “တနင် တနင်”နှင့် ဝစ္စအသံမဲ့ အဓိ ပ္ပာယ်လွဲ ပြောနေဆိုနေသည်ကို အခု ကတည်းက အမှားသိ အမှန်ပြင်နိုင်ဖို့ အမုန်းခံပြီး ပြောကိုပြောဖို့ တာဝန်ရှိ လာခဲ့ပါပြီ။
ဒေသခံတော်တော်များများသည် လည်းကြားရတိုင်း တော်တော်လေး ခံပြင်း နားကြားပြင်းကပ်ကြသည်။ ဒေသခံတို့သည် မိမိတို့ရှေ့မှောက်တွင် အမှားအသံထွက် ပြောနေရင်တောင် အားနာခြင်း၊ ရိုးသားခြင်းကို အခြေခံပြီး ထောက်ပြရှင်းလင်း မပြင် မပြောဖြစ် ခဲ့ကြသဖြင့် လက်ရှိ မျိုးဆက်သစ် တပည့်ငယ်လေးများမှ ထောက်ပြစရာ မေးစရာ ဖြစ်လာသဖြင့် စာရေးသူ သိသမျှသော အနေအထားကနေ တန င်္သာရီကို မူရင်းဒေသ အသံထွက်အတိုင်း တနင်းသာရီဟု ပီပီသသ ရွတ်ဆိုပေးဖို့ ပြောဆိုပေးဖို့ အကြိမ်ကြိမ်ရှင်းပြ မေတ္တာ ရပ်ခံနေရသည်။
ယခုလက်ရှိအစိုးရ လွှတ်တော်တွင် လည်း အသံထွက်အမှန်ကို အမှန်အတိုင်း သိဖို့ ဒေသခံကိုယ်စားလှယ်တစ်ဦးမှ တင်ပြခဲ့ပြီးဖြစ်သည်။ အရေးမကြီးဘူး ထင်ရပေမဲ့ နောက်တစ်ချိန်တွင် များ စွာ အငြင်းပွားဖြစ်လာနိုင်သော အမှား ကြီးတစ်ခုပင် ဖြစ်လာနိုင်သည်။ တို့ကြောင့်လည်း မြန်မာစာဘာသာဗေဒ ရှုထောင့်အားဖြင့်လည်း နှီးနွယ် စကား လုံး အသံထွက်နှင့် ဒေသက လက်ခံ သော အသံထွက်ကို နှိုင်းယှဉ် လေ့လာ ပေးရင်း ထပ်ဆင့်အသိပညာပေး နိုင်ဖို့လည်း မျှော်လင့်မိသည်။

ဘာပဲပြောပြော သမိုင်းအစဉ်အလာ အရ “ခရင်းသေ”၊ “တရင်းသေ”၊ “တနင်းသရေ”၊ “တနင်းသာရီ”၊ “တနင်္သာရီ”ဟူ၍ ဖြစ်တည်လာပြီး ဒေသမှာလည်း မူရင်းအသံထွက်အတိုင်း ရေးတော့ တနင်္သာရီ၊ ဖတ်တော့ “တနင်း သာရီ”ဟူ၍သာ ခေါ်ဝေါ်သုံးနှုန်းနေခ၊ဲ့ နေဆ၊ဲ နေဦးမည်ဖြစ်ပါ၍ အလေးနက် တန်ဖိုးထားခြင်းကို ဖော်ပြသည့် အနေ ဖြင့် တနင်္သာရီ အရေးအသားကို ဝစ္စအသံ ပါသော တနင်းသာရီဟူ၍သာ ရွတ်ဆို ပြောဆိုပေးဖို့ မေတ္တာရပ်ခံပါသည်။
မန္တလေးကို မန်တလေး၊ တနင်္လာ ကို တနင်လာ၊ တနင်္ဂနွေကို တနင်ဂနွေ လို့ ဝစ္စမဲ့ အသံထွက်ပြောင်းခဲ့မယ်ဆိုရင် တောင် တနင်္သာရီကို တနင်သာရီဟု ဘယ်တော့မှ ပြောင်းနိုင်မှာ မဟုတ်တဲ့ အတွက် “အဆင်းဖြာကြည် တနင်း သာရီ”၊ “အလင်းဖြာညီ တနင်းသာရီ”၊ “လှလိုက်တဲ့ တနင်းသာရီ”ဟူ၍သာ လေးနက်သော တနင်းသာရီ အသံထွက် ကို မှန်ကန်အောင်ပြောဆိုဖို့ အမြဲတစေ သတိပေးနေဦးမည်သာ..။

ဒေသလူမျိုးများ၏ စကားလုံးများ ကို အလေးထားခြင်းအားဖြင့် ပညာ တတ်၊ စာတတ်၊ ပညာရှိများပီပီ အမှား တွေ့ရင် သဘောထားကြီးမြတ်စွာဖြင့် ရေးရင်-တနင်္သာရီဟု ရေး၍ အချင်းချင်း ပြောဆိုကြရင်- ဒေသအသံထွက် တနင်းသာရီဟု ဝစ္စအသံထည့် အမှန်မြင် အမှန်ပြောဆိုနိုင်ကြပါစေဟု ဆန္ဒပြု တိုက်တွန်းလိုက်ရပါသည်။

ရွှမ်းသိင်္ဃ(တနင်္သာရီ)