သရက်ချောင်း ငါးလေလံဈေး ပွင့်လင်းမြင်သာမှု အားနည်းဟု တနင်္သာရီ လွှတ်တော်ဥက္ကဋ္ဌ ဝေဖန်

0
448

သရက်ချောင်းမြို့နယ်၊ ဆင်ဖြူပြင် ဆိပ်ကမ်းတွင် ငါးလေလံဈေး အကောင် အထည်ဖော်ရန် ဆောင်ရွက်ခြင်းမှာ ပွင့်လင်းမြင်သာမှု အားနည်းနေကြောင်း တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌက ဝေဖန်လိုက်သည်။
အဆိုပါ စီမံကိန်းနှင့် ပက်သက်၍ တိုင်းဒေသကြီးလွှတ်တော်ကို လက်ရှိ အချိန်အထိ တင်ပြလာခြင်း မရှိသည့် အပေါ် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးက အထက်ပါ အတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

“တကယ်တမ်းက ပွင့်လင်းမြင်သာ မှု အားနည်းသွားတယ်လို့ ပြောရမယ်။ လွှတ်တော် မပါဘဲ၊ မသိလိုက်ဘဲ ပွင့်လင်းမြင်သာမှု အားနည်းသွားတယ်။ ဒီမိုကရေစီခေတ်မှာတော့ မဖြစ်သင့်ဘူး။ ဒီလိုမျိုး”ဟု ဦးခင်မောင်အေးက ပြော သည်။
“တိုင်းဒေသကြီး သို့မဟုတ် ပြည် နယ် အစိုးရသည် ပြည်ထောင်စု အစိုးရ က ချမှတ်ထားသည့် မူဝါဒများနှင့် သော်လည်းကောင်း၊ ပြည်ထောင်စု ဥပဒေများနှင့် သော်လည်းကောင်း မဆန့် ကျင်စေဘဲ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောက်ရွက်မည့် လုပ်ငန်းများနှင့် စပ် လျဉ်းသည့် စီမံကိန်များကို လွှတ်တော်၏ သဘောတူညီချက်ဖြင့် အကောင်အထည် ဖော် ဆောင်ရွက်ရမည်” ဟု တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၃၃ တွင် ဖော်ပြထားသည်။

တနင်္သာရီတိုင်းအတွင်း မည်သည့် လုပ်ငန်းလုပ်မည်ဆိုသည်ကို တိုင်းဒေသ ကြီး လွှတ်တော်ဥက္ကဋ္ဌအနေဖြင့် သိသင့် ကြောင်း ဦးခင်မောင်အေးက ပြောသည်။
လွှတ်တော်သို့ တရားဝင် မတင်ပြ လာခြင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း မသိရှိရ သေးကြောင်း ၎င်းက ဆိုသည်။
လွှတ်တော်နှင့် လွှတ်တော် ကိုယ်စားလှယ်များ မသိရခြင်းကြောင့် ယင်းစီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် ဒေသခံပြည်သူများအပေါ် သက်ရောက် မည့် ကောင်းကျိုး၊ ဆိုးကျိုးနှင့် ကုမ္ပဏီ ၏ ကောင်းကျိုး၊ ဆိုးကျိုးများကို ဆွေး နွေး သုံးသပ်နိုင်မည်မဟုတ်ကြောင်း ၎င်းက ပြောသည်။

“ပြည်သူ့အပေါ်မှာဖြစ်တဲ့ ဆိုးကျိုး တွေကို လွှတ်တော်အနေနဲ့ ကာကွယ်ပေး လို့မရဘူး ဖြစ်နေတာပေါ့။ ပြည်သူ ရွေးချယ်ထားတဲ့ လွှတ်တော် ဖြစ်လို့ ပြည်သူတွေအပေါ်မှာ လုပ်ငန်း ကောင်း ကျိုး ဆိုးကျိုးတွေကို သုံးသပ်ပေးရမယ့် တာဝန်ရှိတယ်”ဟု တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးက ဆိုသည်။
ယင်းစီမံကိန်းက ပြည်သူ အပေါ် တွင် ကောင်းကျိုးရှိပါကလည်း တိုင်း လွှတ်တော်အနေဖြင့် မည်သို့ကောင်းကျိုး ရှိသည်ဆိုသည်ကို ပြည်သူကို ရှင်းပြ၍ မရဘဲဖြစ်နေသည်ဟု ၎င်းက ဆိုသည်။

ဆင်ဖြူပြင်ဆိပ်ကမ်းတွင် အကောင် အထည်ဖော်မည့် ငါးလေလံဈေးမှာ လက်ရှိအချိန်တွင် ကုန်ထုတ်လမ်းဖောက် နေသည့် အဆင့်တွင်သာရှိပြီး စက်ရုံ၊ အလုပ်ရုံ၊ ဆိပ်ကမ်း စသည်တို့ လုပ်ဆောင် ခြင်း မရှိသေးသောကြောင့် တိုင်းဒေသကြီး လွှတ်တော်သို့ မတင်ပြသေးခြင်းဖြစ် ကြောင်း တိုင်းအစိုးရအဖွဲ့မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောသည်။
“မြေပြင်မှာ ကုန်ထုတ်လမ်းတွေ ဖောက်နေတာပဲ ရှိသေးတယ်။ လုပ်ငန်း အကောင်အထည်ဖော်လာပြီဆိုရင် လွှတ်တော်တော့ တင်ရမှာပေါ့၊ ဒီစီမံ ကိန်းကို။ တင်ရမယ့် ဥပဒေလည်းရှိ တယ်။ တိုင်းအတွင်းမှာရှိတဲ့ စီမံကိန်း လုပ်ငန်းကြီးတွေကို လွှတ်တော်တင်ရ မယ်”ဟု ဦးဖြိုးဝင်းထွန်းက ဆိုသည်။
လက်ရှိစီမံကိန်း၏ အနေအထား အရ တိုင်းဒေသကြီးလွှတ်တော်ကို ရှင်းပြ သင့်နေပြီဖြစ်ကြောင်း တနင်္သာရီ တိုင်း ဒေသကြီး ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA)မှ ညွှန်ကြား ရေးမှူး ဒေါက်တာထွန်းထွန်းက ပြော သည်။

“လုပ်ထုံးလုပ်နည်းတွေအရ ဆို လွှတ်တော်ကို တင်လို့ရနေပြီ။ တိုင်း ထဲမှာက လွှတ်တော်လည်း အရေးကြီး တယ်ဆိုတော့”ဟု ဒေါက်တာထွန်းထွန်း က ဆိုသည်။
အဆိုပါ စီမံကိန်းကို လုပ်ကိုင်မည့် ကုမ္ပဏီက တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြား မှု ဦးစီးဌာန (DICA)ထံသို့ လုပ်ငန်းနှင့် ပတ်သက်၍ လာရောက်တင်ပြထား သည်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့ သဘောထားမှတ်ချက် တောင်းခံခဲ့ရာ ခွင့်ပြုသည်ဟု စာပြန်ထားကြောင်း အထက်ပါဌာနထံမှ သိရသည်။
DICA အနေဖြင့် ကုမ္ပဏီထံမှ ကုမ္ပဏီပရိုဖိုင် အပါအဝင် ထပ်မံလိုအပ် သည့်အချက်အလက်များကို တောင်းခံ ထားပြီး ယင်းအချက်များ ပြည့်စုံပါက မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) သို့ တင်ပြရမည် ဖြစ်ကြောင်း ဒေါက်တာ ထွန်းထွန်းက ဆိုသည်။

MIC သို့ မတင်ပြမီအချိန်တွင် စီမံကိန်းအကြောင်းကို တိုင်းဒေသကြီး လွှတ်တော်တွင် ရှင်းပြသင့်သည်ဟု ၎င်းက ဆိုသည်။
အဆိုပါ သရက်ချောင်း ငါးလေလံ ဈေး စီမံကိန်းကို ထားဝယ်ခရိုင်အတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ကို လုပ်ကိုင်ခွင့်ရထားသည့်Global Grand Service(GGS) ကုမ္ပဏီက အကောင်အထည် ဖော်မည် ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နေ့ က သရက်ချောင်း ငါးလေလံ ဈေးကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ လာရောက်ကြည့်ရှုခဲ့ပြီးနောက် ထိုလေလံဈေးနှင့် ပတ်သက်၍ တနင်္သာ ရီတိုင်းအတွင်း အထူးသဖြင့် မြိတ်ခရိုင် က ပြည်သူများအကြား ဝေဖန်မှုများ မြင့်တက်ခဲ့သည်။
အကောင်အထည်ဖော်ရန် အဆင် သင့်ဖြစ်နေသော်လည်း ခွင့်ပြု ချက် ကိစ္စများကြောင့် မြိတ်ငါးလေလံဈေး ကြန့်ကြာမှုများ ရှိနေချိန်တွင် ငါးလေလံ ဈေးကို သရက်ချောင်းမြို့နယ်တွင် အကောင်အထည်ဖော်ရန် ဝန်ကြီးချုပ် ကိုယ်တိုင် အားတက်သရော ဆောင်ရွက် နေသည်ဟု ဝေဖန်မှုများ ရှိနေသည်။
သရက်ချောင်းမြို့နယ်မှာ တနင်္သာရီ တိုင်းဝန်ကြီးချုပ်၏ မဲဆန္ဒနယ် ဖြစ်သည်။