လောင်းလုံး ရေနံချက်စက်ရုံစီမံကိန်း အပြီးသတ်ဖျက်သိမ်း

0
463

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မ ရှင်၏ ခွင့်ပြုချက်ရထားပြီးဖြစ်သည့် လောင်းလုံးရေနံချက်စက်ရုံ စီမံကိန်း ကို ပြီးခဲ့သည့် နိုဝင်ဘာလက အပြီးသတ် ဖျက်သိမ်းလိုက်သည်။
ယင်းစီမံကိန်းသည် ယခင်အစိုးရ သက်တမ်းကုန်ခါနီး ၂၀၁၆ ခုနှစ် အစော ပိုင်းတွင် ခွင့်ပြုချက်ပေးခဲ့သည့် စီမံကိန်း ဖြစ်သည်။

စီမံကိန်းကို မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်၊ ထူးကုမ္ပဏီများအုပ်စု နှင့် တရုတ်နိုင်ငံမှ GDZR ကုမ္ပဏီတို့က ပူးပေါင်းလုပ်ကိုင်ခဲ့ကြသော်လည်း GDZR ကုမ္ပဏီမှ လက်ရှိအချိန်အထိ အကောင်အထည်ဖော်မှု တစ်စုံတစ်ရာ မရှိခြင်းကြောင့် မြန်မာစီးပွားရေး ဦးပိုင်လီမိတက်က ယင်းစီမံကိန်းကို ပယ်ဖျက်ရန် အဆိုပြုခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA)ထံမှ သိရသည်။

“ဦးပိုင်ကနေ MIC ကို တရားဝင် စာပို့တယ်။ ဘယ်လိုပို့လဲ ဆိုတော့ တရုတ် ကုမ္ပဏီက တစ်နှစ်ကျော်အတွင်း အကောင် အထည်ဖော်မှု ဘာမှမရှိဘူး။ မရှိတဲ့ အတွက် ဆက်လက်ပြီး မလုပ်တော့ဘူး ပေါ့”ဟု DICA မှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းထွန်းက ပြောသည်။

မြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လီမိ တက်က တရားဝင်စာပို့သည့်အတွက် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ပြုလုပ် သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေးတွင် ယင်းစီမံ ကိန်းကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ပြီး နောက် နိုဝင်ဘာလ ၂၉ ရက်တွင် ဖျက်သိမ်းကြောင်း တရားဝင် စာထုတ်ခဲ့ သည်ဟု ဒေါက်တာထွန်းထွန်းက ဆို သည်။
ရေနံချက်စက်ရုံ တည်ဆောက် မှုကြောင့် လောင်းလုံးမြို့နယ် ညင်းမော် ကျေးရွာ အပါအဝင် ဒေသခံ ရွာ ၆ ရွာမှာ ဌာနေတိုင်းရင်းသားများ ပြောင်းရွှေ့ခံရ မည်ကို စိုးရိမ်ခဲ့သည်။ အဆိုပါ စီမံကိန်း သည် ဒေသခံများက ကန့်ကွက်ဆန္ဒပြခဲ့ သည့် စီမံကိန်းလည်း ဖြစ်သည်။

“အခုလို ဖျက်လိုက်တဲ့အပေါ်မှာ တော့ ရွာကလူတွေ တော်တော်လေးဝမ်း သာနေကြတာပေါ့”ဟု လောင်းလုံး ရေနံချက်စက်ရုံစီမံကိန်းကို ကန့်ကွက် ဆန္ဒပြခဲ့သူတစ်ဦးဖြစ်သည့် ဦးမောင် မောင်အေးက ပြောသည်။
ယင်းစီမံကိန်းသည် တနင်္သာရီ တိုင်းအတွင်း MIC ခွင့်ပြုထားသည့် စီမံကိန်းများအနက် ပထမဆုံးဖျက်သိမ်း လိုက်သည့် စီမံကိန်းဖြစ်ပြီး အမေရိကန် ဒေါ်လာ ၂ ဒဿမ ၆ ဘီလီယံ ရင်းနှီး မြှုပ်နှံမည့် စီမံကိန်း ဖြစ်သည်။