ဖုန်းဓာတ်ဆရာတို့ ပေါလာသောအခါ

0
495

၁၈ ရာစု အစောပိုင်းကစခဲ့သော ‘ဓာတ်ပုံ ရိုက်ကူးခြင်း’ ယဉ်ကျေးမှုက ယခု ၂၁ ရာစု အထိ လူတို့ကို ရင်ခုန် လှုပ်ခတ်စေဆဲ ဖြစ်သည်။
‘ဓာတ်ပုံရိုက်မယ်နော်’ ဟု ပြော လိုက်လျှင် နားလည်စပိစိကွေးမှအစ ပျိုပျိုအိုအိုထိ ရှက်စနိုးပြု လှုပ်ခတ်ကြမြဲ။
ဓာတ်ပုံ စတင်ပေါ်ပေါက်ကာစ တွင်မူ ကင်မရာမှာ တော်ဝင်သုံး၊ အထက်တန်းလွှာသုံး တန်ဖိုးမြင့် ရှားပါး ပစ္စည်း ဖြစ်ခဲ့သည်။ လူ့သရုပ်သကန်ကို နည်းပညာဖြင့် မှတ်တမ်းတင်နိုင်သော ဓာတ်ပုံဆရာတို့ သည်လည်း စန်းပွင့်တန်း ဝင် ပညာရှင်များ ဖြစ်ခဲ့ပေသည်။

ထိုခေတ်က ဓာတ်ပုံမှတ်တမ်းများ သည် အသက်ဝင်ဆုံး၊ အဆွဲဆောင်နိုင် ဆုံးသော မှတ်တမ်းဖြစ်သည်ကို ငြင်းဖွယ်မရှိ။ မြန်မာနိုင်ငံတွင်လည်း အခမ်းအနား၊ အလှူပွဲ၊ မင်္ဂလာပွဲဆိုက ယခုထိ ဓာတ်ပုံဆရာ မပါမပြီး။ အိမ် တိုင်းအိမ်တိုင်းတွင် မိသားစုဝင်တို့၏ မှတ်တမ်းဓါတ်ပုံများ၊ အလှဓာတ်ပုံများ အစီအရီ ချိတ်တွဲထားကြမြဲ။
လူအများ ရောက်ဖူးမြော်လေ့ရှိ သည့် ဘုရားများ၊ လည်ပတ်အပန်းဖြေ လေ့ရှိသော ဘုရားများ၊ ကမ်းခြေများ၊ ပန်းခြံများတွင်လည်း ဓာတ်ပုံဆရာတို့ အလုပ်ဖြစ်ခဲ့သည့် ခေတ်တစ်ခေတ် ရှိခဲ့ဖူးလေသည်။

“ဓာတ်ပုံရဖို့အတွက် တန်းစီနေ ကြတာ၊ သင်္ကြန်ဆို ပိုဆိုးပေါ့” ဟု မောင်းမကန်ကမ်းခြေမှ ဓာတ်ပုံဆရာ ကိုအောင်နိုင်က ပြောသည်။
ကိုအောင်နိုင်သည် မောင်းမကန် သရဖူဓာတ်ပုံဆိုင်သို့ လွန်ခဲ့သည့် နှစ် ၃၀ ကျော်က စရောက်ခဲ့ပြီး ကာလာ အမြန်ဓါတ်ပုံကို စတင်ခဲ့သူ ဖြစ်သည်။
သူ မောင်းမကန်တွင် ဓါတ်ပုံ စရိုက် စဉ်က ၄ လက်မ _ ၆ လက်မ တစ်ပုံ ၁၅ ကျပ်။
ယေဘုယျအားဖြင့် အပျိုရွယ် လေးများက ဓါတ်ပုံ ပိုရိုက်တတ်ကြ သည်။

“အရင်က ဓာတ်ပုံတစ်ပုံရိုက်ဖို့ ကြိုပြင်ဆင်ရတယ်လေ။ အင်္ကျီတွေ အသစ်ချုပ်ထားတဲ့ နေ့မျိုး၊ ဘုရားပွဲ၊ အလှူမင်္ဂလာဆောင်တွေဆို အတင်း ရိုက်ကြတာ။ အဲဒီချိန်က ဓါတ်ပုံရိုက်ဖို့ ပိုက်ဆံကြိုစုထားရတာ၊ ပုံတွေရွေးပြီးရင် လည်း ရင်ခုန်ရတာအမော။ အများ အားဖြင့် ရွာဘုရားပွဲမျိုးတွေမှာ အမှတ် တရ ရိုက်ဖြစ်တယ်”ဟု ကော့သောင်း မြို့၊ ရွှေဇင်ယော်ရပ်ကွက်သူ မမိုးသဇင် က ပြောသည်။

သို့သော် အအိုအရွယ်နှင့် အမျိုး သားလူငယ်များလည်း မခေကြ။
“လူပျိုဘ၀ကရိုက်ဖြစ်တာပေါ့၊ ဆော်(ရည်းစား)တွေဘာတွေပြချင်လို့ တစ်ခါတစ်လေ ပုံတွေဘာတွေ ရွေးဖို့ ဆိုင်မှာ သွားထိုင်စောင့်ပြီး ဓာတ်ပုံ ဆရာကို သွားမျက်နှာလုပ်ရသေးတာ ရှိသေးတယ်” ဟု ကော့သောင်းမြို့နယ် ရွှေပြည်စိုးရွာမှ အသက် ၄၀ အရွယ် ကိုကျော်က ပြောသည်။
ကိုကျော်တို့ လူပျိုဘ၀တွင် ဓါတ်ပုံက ဖလင်ကင်မရာဖြင့် ရိုက် သည့်ခေတ်။ ၁၉၈၀ ဝန်းကျင်တွင် ဒစ်ဂျစ်တယ်ကင်မရာများ စပေါ်နေပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် မတွင်ကျယ်သေး။ ဈေးမြင့်လွန်းသဖြင့် လူတိုင်း မသုံးနိုင်။ ဒစ်ဂျစ်တယ် ကင်မရာ တစ်လုံးမှာ ၁၉၉၈ ခုနှစ်တွင် ယင်းခေတ်ငွေဈေးဖြင့် ကျပ်သိန်း ၂၀၀ ဝန်းကျင် ဖြစ်သည်။
ဖလင်က ရိုက်ပြီးလျှင် ပြင်မရ၊ ဖျက်မရ။ ထွက်လာသည့် ပုံအတိုင်းသာ ယူရတော့သည်။

“ဓာတ်ပုံဆရာက ပြောပြီးသား၊ ဓာတ်ပုံရိုက်မယ်နော်၊ မျက်စိမမှိတ်နဲ့ မျက်တောင်မခတ်နဲ့ ဒီကိုကြည့်နေ၊ ပြောပြီးသားလေ၊ မျက်လုံး မှိတ်လည်း သူတာဝန်ပဲလေ၊ မကျေနပ်ရင် နောက် တစ်ပုံထပ်ရိုက်ပေးမယ် ပိုက်ဆံထပ် ပေးပေါ့” ဟု ဓာတ်ပုံဆရာ ကိုအောင်နိုင် က ဖလင်ခေတ်အကြောင်း ပြောပြသည်။
သို့ကြောင့် ဓါတ်ပုံဆရာက ‘ရိုက်မယ်’ ဆိုကတည်းက အချို့က ကင်မရာမီး မပွင့်မခြင်း အသက်အောက် ကာ မျက်လုံးကို အတင်းပြူးထားတတ် ကြသည်။ ဓာတ်ပုံဆရာကရပြီဟု ပြောလျှင်ပင် ကင်မရာမီးမပွင့်က စိတ်ထဲက စနိုးစနောင့်။ အလင်းအမှောင် နားမလည်။ မီးပွင့်မှ ရိုက်ပြီး သည်ဟု ယူဆတတ်ကြသည်။
ဓာတ်ပုံထွက်လာလျှင် ရွဲ့ရွဲ့ စောင်းစောင်း ငြင်းခွင့်မရှိ။

“ဓာတ်ပုံဆရာနဲ့ စကားများဖူး တယ်၊ ပုံရွေးတော့ လက်ပြတ်ကျန်ခဲ့တာ မျိုးလေ၊ စိတ်တိုတာပေါ့၊ ဓာတ်ပုံ ဆရာကလည်းငြင်း၊ ကိုယ်ကလည်း ငြင်းနဲ့၊ နောက်ဆုံး ကိုယ်ပဲ မလိုချင်ဘဲ ယူလိုက်ရတာပဲ” ဟု ရွှေပြည်စိုးရွာမှ ကိုကျော်က ပြောသည်။
ယခုကား ဓာတ်ပုံရိုက်ပြီး ချက်ချင်း ကြည့်၊ မလိုသည့်ပုံ ချက်ချင်း ပြန်ဖျက် နိုင်သော ခေတ်မီ ဒစ်ဂျစ်တယ်ခေတ် ရောက်နေလေပြီ။ အလင်းအမှောင်နှင့် ဓါတ်ပုံပါအစိတ်အပိုင်များကို လိုသလို ပြုပြင်နိုင်သော ကွန်ပျူတာခေတ် ရောက်ချေပြီ။ ကွန်ပျူတာရှိမှ မဟုတ်။ စမတ်ဖုန်းတစ်လုံးရှိလျှင်ပင် အခြေခံ လိုအပ်သော အလင်းအမှောင်၊ အထား အသို ပြုပြင်နိုင်သော ခေတ်ဖြစ်နေပြီ။
စမတ်ဖုန်းခေတ်သို့ အရောက်တွင် လူတိုင်းနီးပါး ဓာတ်ပုံဆရာလေးများ ဖြစ်နေကြလေပြီ။

“အောက်ဒိုး (အပြင်ရှုခင်းနောက်ခံ) က မရသလောက်ကိုဖြစ်သွားပြီ။ အင်ဒိုး (အခန်းတွင်း၊ ပွဲလမ်းများ)ပဲ ရတော့ တယ်။ ၁၅၀၀ တန်ဆင်းကတ် ပေါ်ပြီး ကတည်းက လုပ်ငန်းထပ်ဝက်နီးပါး ကျဆင်းလာတယ်” ဟု မြိတ်မြို့ သိမ်တော်ကြီးဘုရားပေါ် ဓာတ်ပုံဆိုင်ဖွင့် ထားသည်မှာ အနှစ် ၃၀ ကျော်ပြီဖြစ်သော ဓါတ်ပုံဆရာ ဆည်းဆာက ဖွင့်ဟသည်။
မြိတ်မြို့၌ ဓာတ်ပုံဆိုင်အမြောက်အများရှိသည်အနက် ပိတ်သိမ်းရပ် နားခြင်းမျိုး မတွေ့ရသေးသော်လည်း လုပ်ငန်းအပ်နှံမှု ထက်ဝက်ခန့် ကျဆင်း သွားကြောင်း ၎င်းက ပြောသည်။
မြိတ်မြို့၊ နောက်လယ်တံတား ဦးရပ်နေ အလင်းရောင် ဓာတ်ပုံတိုက် ပိုင်ရှင် အသက် ၆၄ နှစ်အရွယ်ရှိ ဦးချိုဝင်းကလည်း စမတ်ဖုံးတလုံး၏ လုပ်နိုင်စွမ်း နည်းပညာများကြောင့် ဓာတ်ပုံဆရာတို့၏ အခန်းကဏ္ဍ တစ်ဖြည်းဖြည်း ကျဆင်းလာပြီဖြစ် ကြောင်း ဖွင့်ဟပါသည်။
“စမတ်ဖုန်းတစ်လုံးရှိရင်ကိုပဲ အားလုံးပြီးနေပြီလေ။ ဘုရားတွေ၊ ကမ်းခြေတွေမှာတော့ လူတိုင်းက သူ့ဖုန်းနဲ့သူ ရိုက်နေကြတော့ ဓာတ်ပုံ ဆရာတွေက သိပ်ပြီးမလိုအပ်တော့ဘူး”ဟု ဦးချိုဝင်းက ပြောသည်။

ထို့အတူ ဓါတ်ပုံ ဆရာများအပေါ် ထားသော လူတို့၏ သဘောထားတို့ လည်း ပြောင်းလဲခဲ့ခြေပြီ။
“မောင်းမကန်မှာ ဓာတ်ပုံရိုက်နေတဲ့ ကင်မရာသမားတွေကို တွေ့ရင် စိတ်ညစ် ပါတယ်၊ ရိုက်ချင်မှန်းမသိ မရိုက်ချင် မှန်းမသိ အတင်းလာမေးရင်ပေါ့”ဟု သရက်ချောင်းမြို့ ကျောက်မြောင်း ရပ်ကွက်သူ အသက် ၃၀ အရွယ် မစံပယ်မွန်က ပြောပါသည်။
စမတ်ဖုန်းဖြစ် ဓါတ်ပုံရိုက်သူ အများစုကား ဓာတ်ပုံထုတ်ယူလေ့ မရှိကြခြေ။ ဓာတ်ပုံများကို မိမိတို့၏ ဖုန်း၊ ကွန်ပြူတာတို့တွင်သာ သိမ်း ဆည်းထားတတ်ကြကြောင်း ပြောကြ သည်။ အချို့ကား Instagram Facebook ကဲ့သို့သော လူမှုကွန်ယက် ပေါ် မျှဝေတတ်ကြသည်။

“ရိုက်ထားပြီးသားပုံတွေကို ဖုန်း ထဲမှာပဲ သိမ်းထားဖြစ်တယ်။ ဘာလို့ကူး မှာလဲ ကိုယ့်ပုံကိုယ် မြင်ရရင်ပြီးပြီလေ လှတဲ့ပုံတွေဆိုရင်တော့ Facebook ပေါ်တင်တာပေါ့။ နောက်ပိုင်းလဲ ကိုယ့်ဖုန်းနဲ့ကိုယ်ပဲ ရိုက်ဖြစ်ဖို့များပါ တယ်”ဟု ထားဝယ်မြို့နယ်၊ အလယ် ကုန်းရွာသူ မကေကေခိုင်က ပြောသည်။
ယင်းသို့ ဓာတ်ပုံအပေါ် လူတို့၏ ရင်ခုန်လှုပ်ခတ်မှု အပြောင်းအလဲ ဖြစ် လာသည်နှင့်အမျှ ဓါတ်ပုံဆရာတို့သည် လည်း သူတို့၏ စားကျက်များ တဖြေး ဖြေး ပျောက်ကွယ်လာသည်။
စမတ်ဖုန်းဖြင့် ပျော်ပျော်ပါးပါး ဓာတ်ပုံရိုက်နေကြသည်ကို ဓာတ်ပုံ ဆရာက ကင်မရာလွယ်ကာ ငေးကြည့် နေသော မြင်ကွင်းများ ပိုပိုတွေ့လာသည်။
ထို့တူ “ဓါတ်ပုံ ရိုက်ဦးမလား”ဟု မေးသံတို့က အားမပါကြတော့။ တိုးဖျော့လာသည်။

သို့သော် အခမ်းအနားများ၊ အလှူများ၊ မင်္ဂလာပွဲများတွင်ကား ဓာတ်ပုံဆရာတို့ ပန်းပန်ဆဲ။
“ဓာတ်ပုံဆရာခေတ် တုန်းသွားတာ မဟုတ်ပါဘူး၊ ခေတ်ပျက်သွားတာပါ၊ ဖုန်းကင်မရာတွေကြောင့်ပေါ့” ဟု အသက် ၁၄ နှစ်သားကတည်းက ဓာတ်ပုံရိုက်ခဲ့သူ မောင်းမကန်ကမ်းခြေမှ ဓာတ်ပုံဆရာ ကိုအောင်နိုင်က ပြော သည်။ ယခုတော့ သူ့အသက်ပင် ၅၉ နှစ် ရှိနေပြီ။ ဓာတ်ပုံ ထွက်မရိုက်ဖြစ်သည် မှာလည်း အတော်ပင်ကြာနေပေလေပြီ။ ဆိုင်မှာပင် ပတ်စ်ပို့ပုံများရိုက်ဖြစ်နေ လေသည်။