ကြက်ငှက်တုပ်ကွေးကြောင့် ဆုံးရှုံးရသည့် ကြက်ခြံရှင်များကို ထောက်ပံ့ရန် ကျပ်သိန်း ၁၄၀၀ ကျော် တောင်းခံ

0
370

ထားဝယ်မြို့တွင် ပြီးခဲ့သည့် ဇူလိုင်လက ဖြစ်ပွားခဲ့သည့် အပြင်းစား ကြက်ငှက်တုပ်ကွေးH5N1 ရောဂါ ကြောင့် နစ်နာဆုံးရှုံးခဲ့ရသည့် ကြက်ခြံ ပိုင်ရှင်များကို ထောက်ပံ့နိုင်ရန် ငွေကျပ် သိန်း ၁၄၀၀ ကျော်ကို ပြည်ထောင်စု အစိုးရထံ တင်ပြတောင်းခံထားကြောင်း တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက ပြောသည်။

ဖျက်ဆီးခဲ့ရသည့် ကြက်ကောင်ရေ ကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက စာရင်းပြုစုထားပြီး တိုင်းအစိုးရအဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ်ကာ ပြီးခဲ့ သည့် နိုဝင်ဘာလက ပြည်ထောင်စု အစိုးရထံ တင်ပြတောင်းခံထားကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ဆိုသည်။

“ကက်ဘိနက်က ဆုံးဖြတ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ထား ပြီးပြီ၊ သူတို့ဖက်က ခွင့်ပြုရင်တော့ ရမှာပေါ့၊ ခွင့်မပြုရင် မရဘူးပေါ့”ဟု ဝန်ကြီး ဦးမြင့်စန်းက ပြောသည်။
ကြက်ခြံပိုင်ရှင်များကို ထောက်ပံ့ နိုင်ရန်အတွက် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက ဖျက်ဆီးခဲ့သည့် ကြက်၊ဘဲ အရွယ်အစားအလိုက် ငွေပမာဏ တင်ပြ ထားပြီး စုစုပေါင်း ငွေကျပ် ၁၄၂၅ သိန်း ကျော်ကို တင်ပြတောင်းခံထားကြောင်း ၎င်းကဆိုသည်။

အပြင်းစား ကြက်ငှက်တုပ်ကွေး ရောဂါ H5N1ကို ထားဝယ်မြို့ရှိ ကြက်ခြံအချို့တွင် ဇူလိုင်လလယ်ခန့်မှ စတင်ဖြစ်ပွားခဲ့ပြီး ဩဂုတ် ၃ ရက်နေ့ အထိ ကြက်ကောင်ရေ နှစ်သောင်းကျော် နှင့် ဘဲကောင်ရေတစ်ရာကျော်တို့ကို ရှင်းလင်းသုတ်သင်ခဲ့သည်။