စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲ ပြင်ပက ဖြေနိုင်

0
381

စတုတ္ထတန်းနှင့် အဋ္ဌမတန်း ကျောင်း ထွက်ထားသူများ စာမေးပွဲ ဝင်ရောက် ဖြေဆိုလိုပါက ပြင်ပဖြေအဖြစ် ဝင်ရောက် ဖြေဆိုနိုင်ကြောင်း တိုင်းဒေသကြီး ပညာရေးမှူးရုံးထံမှ သိရသည်။
ယခု ပညာသင်နှစ်တွင် မိသားစု စီးပွားရေး၊ ကျန်းမာရေး စသည်ဖြင့် အကြောင်း အမျိုးမျိုးကြောင့် စာသင်နှစ် မပြီးဆုံးခင် ကျောင်းထွက်သွားသည့် ကျောင်းသားများ ပညာဆက်လက် သင်ကြားနိုင်ရန်အတွက် ခွင့်ပြုပေးခြင်း ဖြစ်ကြောင်း အထက်ပါရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“အပြင်ဘော်ဒါဆောင်မှာနေပြီး လာဖြေတာမျိုးကို ပြောတာ မဟုတ်ဘူး။ အကြောင်းအမျိုးမျိုးကြောင့် စာသင်နှစ် မပြီးဆုံးသွားတဲ့ သူတွေအတွက်ပဲ”ဟု ၎င်းက ဆိုသည်။
ယင်းကဲ့သို့ ဝင်ရောက် ဖြေဆိုလို သူများအနေဖြင့် ဖေဖော်ဝါရီလတွင် ကျင်းပမည့် နောက်ဆုံး စာမေးပွဲ မတိုင် ခင် နီးစပ်ရာ ကျောင်းများရှိ ကျောင်းအုပ် ဆရာများထံတွင် စာရင်းပေးသွင်းကာ ဝင်ရောက် ဖြေဆိုနိုင်ကြောင်း ၎င်းက ပြောသည်။

အပြင်ဖြေ ဝင်ရောက် ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများကို စာမေး ပွဲမဖြေမီ ဆရာ၊ ဆရာမများမှ စေတနာ အရင်းခံဖြင့် ကျောင်းစာများကို စနစ်တ ကျ သင်ကြားပေးကာ ဝင်ရောက် ဖြေ ဆိုခွင့်ပြုသင့်ကြောင်း ကျောင်းသားမိဘ တစ်ဦးဖြစ်သူ ထားဝယ်မြို့ ကျောက် မော်ရပ်ကွက်နေ ဦးချင်း ကပြောသည်။

စတုတ္ထတန်း စာမေးပွဲ ခရိုင်အဆင့် မှ စစ်ဆေးပြီး အဋ္ဌမတန်း စာမေးပွဲကို တိုင်းအဆင့်မှ စစ်ဆေးကာ အောင်ရှုံး ရလဒ်ကို နှစ်ဆုံးစာမေးပွဲ အဖြေရလဒ် အပေါ်တွင် ဆုံးဖြတ်ကြောင်း သိရသည်။