ထားဝယ်တွင် ပထမဆုံးအကြိမ် လူငယ်ဘောလုံးပွဲတော် ကျင်းပမည်

0
378

ပထမဆုံး အကြိမ် လူငယ် ဘောလုံး ပွဲတော်ကို ထားဝယ်မြို့ တိုင်းအား ကစားကွင်းတွင် ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၇ခွဲတွင် စတင်ကျင်းပ မည် ဖြစ်ကြောင်း တိုင်း အားကစားနှင့် ကာယ ပညာဦးစီးဌာနထံမှ သိရသည်။

ယင်းအားကစားပွဲတော်တွင် ထားဝယ်မြို့ပေါ်ရှိ အခြေခံပညာကျောင်း များမှ အသက် ၁၀ နှစ်မှ ၁၂နှစ်ကြားရှိ ကျောင်းသား၊ ကျောင်းသူ ၂၈၀ ဦးကို ဘောလုံး အခြေခံပညာများ သင်ကြား ပေးမည်ဖြစ်ကြောင်း အထက်ပါဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။
“တို့တိုင်းမှာတော့ ပထမဆုံးလုပ် တဲ့ ပွဲပဲ”ဟု ဦးစိုးမိုးနိုင်က ဆိုသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သင်တန်းဆရာများက တိုင်းအတွင်းရှိ နည်းပြ ၃၀ ဦးနှင့် ကာယဆရာ ၁၀ ဦး ကို ထားဝယ်မြို့ ရွှေဝယ်သီရိ အားကစား ကွင်းရှိ ဖူဆယ်အားကစားရုံတွင် ဒီဇင် ဘာလ ၁၂ ရက်နေ့တွင် သင်တန်းပို့ချ ပေးမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
အဆိုပါ နည်းပြ ၃၀ ဦးနှင့် ကာယ ဆရာ၊ ဆရာမ ၁၀ ဦးက ဒီဇင်ဘာလ ၁၃ရက်နေ့တွင် ကျောင်းသား၊ ကျောင်း သူများကို ပြန်လည်သင်ကြား ပေးမည် ဖြစ်သည်။

မြန်မာ့ဘောလုံး အားကစား တိုး တက်ဖွံ့ဖြိုးလာစေရေး၊ သက်တမ်းအ လိုက် လူငယ် ဘောလုံးသမားများ ပေါ်ထွက် လာစေရေးနှင့် ကျောင်းနေ အရွယ် ကလေးသူငယ်များ ကျား/မ မရွေး ဘောလုံး အားကစားကို ပျော်ရွှင် ခုံမင် နှစ်သက်စွာ ကစားလာစေရေး စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါ ဘောလုံးပွဲတော်ကို မြန်မာ နိုင်ငံဘောလုံးအဖွဲ့ ချုပ်၏ အစီအစဉ်ဖြင့် တိုင်းနှင့်ပြည်နယ် တစ်ခုတွင် တစ်ကြိမ်စီ အလှည့်ကျ ကျင်းပခြင်းဖြစ်ပြီး ယခု ကျင်းပသည့်ပွဲတော်မှာ မြန်မာတစ်နိုင်ငံ လုံး အတိုင်းအတာဖြင့် ၇ ကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။