ရယ်ရမောရ အရေးပေါ် ဆရာဝန် ဘ၀ (၉)

0
710

အရက်သောက်တာ မကောင်းဘူးလို့ ဘု ရားဟောရှိခဲ့သလို ဘယ်လူမှုအဖွဲ့အ စည်းကမှ အရက်အလွန်အကျွံ သောက် စားမူးယစ်တာမျိုး ခွင့်မပြုပါဘူး။
ကျန်းမာရေး ရှုထောင့်အရ ကြည့်ရင် လည်း အသည်းရောင်၊ အသည်းခြောက် ကနေ အသည်းကင်ဆာ၊ သွေးအန်တာ၊ အစာအိမ်ရောဂါဖြစ်တာ၊ နှလုံးရောဂါ၊ ပန်းသေပန်းညိုးနဲ့ သားသမီးမရခြင်းတို့ ဖြစ်နိုင်တယ်။

ဒါ့အပြင် စိတ်ကျန်းမာရေး ပြဿနာ တွေဖြစ်တဲ့ စိတ်ဖောက်ပြန်တာ၊ စိတ်ကျ၊ စိတ်ကြွဖြစ်တာ၊ မိမိကိုယ်ကိုယ် သတ် သေလိုစိတ် ဖြစ်တာ၊ သတ်သေတာ၊ သံ သယလွန်ကဲတာ ဖြစ်နိုင်တယ်။
ခန္ဒာကိုယ်မှာလည်း အရက်စွဲရောဂါ ကြောင့် အတက်အကျဉ် အကိုက်အခဲ ဖြစ်ပြီး ညဘက် အိပ်မရတာ၊ မှတ်ဥာဏ် လျော့ပါးတာ၊ ဦးနှောက်ပျက်စီးပြီး သူငယ် ပြန်တာတွေအပြင် အရက်မူးခြင်းကြောင့် ပြုမူတတ်တဲ့ အဆင်အခြင်မဲ့ အပြုအမူ တွေကြောင့် လူမှုရေး၊ စီးပွားရေး၊ အိမ်ထောင်ရေးနဲ့ ကျန်းမာရေး ပြဿနာ တွေ ဖြစ်ပြီး အဲသည်က နောက်ဆက်တွဲ ရာဇဝတ်မှုတွေ ဖြစ်လာနိုင်ပါတယ်။

အပုပ်ချိန်လို့ဆိုရမယ့် ညနေစောင်း လေးမှာ ယိုင်နဲ့ယွဲ့နေတဲ့ လူတစ်ယောက် အရေးပေါ်ဌာနထဲ ဒယိမ်းဒယိုင် ဝင်လာ တယ်။
အော်၊ ဒါနဲ့ အဲသလိုလူတွေကို အစိုးရ ဆေးရုံထဲ အတားအဆီးမရှိ ဝင်လာစေရ ကောင်းလားလို့ မြင်ကောင်းမြင်မှာ ဖြစ် ပေမဲ့လို့ သရုပ်သကန်က လူနာရယ်လို့ ပြောပြီး ဆရာဝန်ပြသဖို့လို့ ပြောတာနဲ့ အဲသလိုတံခါးမရှိ ဓားမရှိ ဝင်လာလို့ရတာ အဟုတ်အမှန် ဖြစ်နေခဲ့ကြပါတယ်ဆိုတာ တော့ ပြောပြပါရစေလား။

“ဟေ့၊ ဆာဝံ(ဆရာဝန်)ရှိလား၊ ဆာဝံ”
“ဟုတ်ကဲ့၊ ရှိပါသဗျ”
ခပ်တိုတိုပဲ အဖြေပေးရင်း သူ့ကို အနုလုံပဋိလုံ အကဲခတ်မိတယ်။ မရှိမရှား လူတန်းစားလို့ ယူဆနိုင်တဲ့ အတန်အသင့် အဝတ်အစားနဲ့သည်လို ညနေရီစောင်း အစလေးမှာပဲမူးပြီး ရွဲ့နေတဲ့အထားမှာ ပြဿနာမတက်အောင် အလိုက်အထိုက် လေးတော့ သတိထား ဆက်ဆံပြောဆို ဖြစ်တယ်။

“ကျုပ်နေမကောင်းလို့ အကြော ဆေးလေးတစ်ပက်လောက် သွင်းပေးပါ”
ပြောပြောဆိုဆိုနဲ့ ကိုယ့်အရေးပေါ် ဌာနက ကုတင်ပေါ် ပစ်လှဲချလိုက်တယ်။
“ဟေ့လူ၊ အကြောဆေးတစ်ပက် သွင်းရအောင် အဲသာဘုံဆိုင်မဟုတ်ဘူးဗျ”
ထွက်နေတဲ့ ဒေါသစိတ်ကို အသာ သိမ်းရင်း ခပ်ဆတ်ဆတ် ပြောမိတော့
“မွှား(မှား)လို့ပါဆာဝံရယ်၊ ငါခေါင်း တွေ ချာလည်မူးနေလို့၊ ဆေးသွင်းပေး ဇမ်းဘာ(စမ်းပါ)”
ပြာပြာသလဲ တောင်းပန်လေဟန်နဲ့ အာလေး လျှာလေးစကားဆိုတယ်။
အမူးပါးဆိုတော့လည်း လက်အုပ် ကလေးက မိုးလို့။

Vital signsတွေလို့ ဆိုရမယ့် သွေးပေါင်ချိန်၊ အသက်ရှူနှုန်းစတာတွေ ယူပြီးသကာလ ကျေးဇူးရှင်ရဲ့ လူနာပိုင် ရှင်ကို လာလိုလာငြား မျှော်နေတုန်း ဝတ် ကောင်းစားလှနဲ့ လူလတ်ပိုင်း မိန်းမ တစ်ယောက် သုတ်သီးသုတ်ပြာနဲ့ ဝင်လာ တယ်။
“ခညားကသူ့လူနာရှင်လားဗျ”
ဝါဝါဝင်းဝင်း လက်ကောက်အသံ ချွင်ချွင်မြည်အောင် လက်ကိုယမ်းရင်းက လက်တစ်ဆစ်ရှိတဲ့ ဆွဲကြိုးထူထူကို သတိပြုမိလေအောင် လည်ကိုမော့ပြီး သူမဖြေတယ်။
“ဟုတ်တယ်”
အရက်ဆိုင်က အဲလူရဲ့ အပေါင်း အသင်းတွေက မူးပြီး အိပ်ပျော်နေတာကို ခါတိုင်းလို သူ့အိမ်မပို့ဘဲ ဆေးရုံပို့ပြီး လစ်သွားသတဲ့။
သေရော။

အရက်သမားအမှု ရွာပတ်သလို။
“ခါတိုင်းအိမ်လာပို့တော့ ကျုပ် ဆဲလွန်းလို့ လာမပို့ရဲဘဲ ဆေးရုံလာပို့ သွားတယ်ထင်ပါ့ ဆရာရယ်။ အဲသည် သေနာ ကောင်ဟာလေ၊ ဂယ်ပဲ၊ အဲ . . . ကန်တော့နော် ဆရာကန်တော့”
သူ့ယောက်ျားကို မျက်စောင်းခဲရင်း ဆိုတယ်။

တဆက်တည်းပဲ
“သူ့ကို ကျွန်မပြန်ခေါ်သွားပါ့မယ်၊ ဒါထက် စကားမစပ် ဟဝှါလေး၊ ဘာလေး ထိုးပေးလို့မရဘူးလား ဆရာ”
အရင်းမရှိအဖျားမရှိ မေးလာတော့ နဂိုရ် က ခပ်တင်းတင်းစိတ်အခံနဲ့
“ဟဲ့ ၊ ဘာဟဝှါတုန်း”လို့ ပြန်မေး ဖြစ်တယ်။
“အရက်ဖြတ်ဆေး”
သူခပ်တိုးတိုး ဖြေတယ်။

အလဲ့၊ အရက်သမားမယားက သူ့လင် တော့ ချစ်ရှာသားလို့ တွေးမိတယ်။ အဲအ ချိန်မှာ
“မရဘူး၊ ဒေါက်တာ၊ ကျုပ်မထိုး ဘူး”လို့ အရက်သမားက ခါးခါးသီးသီး ထငြင်းတယ်။
“ဘယ့်နှယ်၊ ခင်ဗျားမိန်းမက ခင်ဗျားကို အချစ်သား”လို့ ကိုယ်က ဝင်ပြောပေးမိတော့
“ဟုတ်ပါဘူး ဆရာရယ်၊ အရက် ဖြတ်ဆေးထိုးပြီး အရက်သောက်ရင် သွေးအန်သေ တတ်တယ်ကြားဖူးလို့ ကာလနာကြီး မြန်မြန်သေရင်လည်း သေအောင် ထိုးခိုင်းတာ”
မိန်းမဖြစ်သူက နှုတ်ခမ်းကိုမဲ့လို့ ပြာပြာ သလဲဆိုတယ်။

“ငင့်”
ကိုယ်တွေလည်း စိတ်ထဲ မအီမလည် ဖြစ်လာတယ်။
ဘယ့်နှယ်၊ အမူးသမားအမှု ငါရို့ ဆေးရုံ လာပတ်နေကြတယ်။
ဆွဲဆန့်ထားရတဲ့ စိတ်တွေတိုလာပြီး ဆဲ ချင်လာပြီ။ ကိုယ်က ပြောမယ်ကြံတုန်း အမူးသမားက အာလေးလျှာလေးနဲ့ ထအော် တယ်။
“ဟဲ့၊ ငါလည်း အဲဆေးအထိုးမခံဘူး ကောင်မရဲ့၊ ငါသာ အရက်သောက်ဖို့ ဘုံဆိုင်မလာရင် ဘုံဆိုင်က မိအေးက ငါ့မျှော်နေမှာ”လို့ ပြောတာနဲ့
စကား မဆုံးဘူး၊ လားလား လက် မြန်လိုက်တဲ့ မိဂျမ်းစိန် အဲသည်အမူး သမားကို နားရွက်ကလိမ်ပြီး ဂုတ်က ဆွဲသွားလိုက်တာ သကောင့်သား ကား ယားကြီး ပါသွားလေပါရော။
ကိုယ်တွေလည်း မတ်တပ်ရပ်လျက် သား ငုတ်တုတ်မေ့ပြီးမှင်သက် ကျန်ခဲ့ပါ ရောလား။
ဆက်ပါအုံးမယ်။