မောတောင်နယ်စပ် ယာယီဈေး ဒီဇင်ဘာလ စတင်အကောင်အထည်ဖော်မည်

0
445

မြန်မာ-ထိုင်း နယ်စပ်တစ်ခုဖြစ် သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ယာယီဈေးအား လာ မည့် ဒီဇင်ဘာလအတွင်းစတင်အကောင် အထည်ဖော်မည်ဖြစ်ကြောင်း ယင်းဈေး ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးသန့် ထံမှ သိရသည်။
မောတောင်နယ်စပ်ဈေးအား တည် ဆောက်နိုင်ရန် ပြီးခဲ့သည့် ၅ လခန့်က ကြိုးစားဆောင်ရွက်နေခြင်းဖြစ်ကြောင်း အထက်ပါ ကော်မတီမှ သိရသည်။
ယင်းဈေးတည်ဆောက်ရန် မြိတ် အများပိုင်ကုမ္ပဏီမှ ငွေကြေးထောက်ပံ့ ပေးမည်ဖြစ်ကာ ငွေများကို အရစ်ကျ စနစ်ဖြင့်ပြန်လည်ပေးသွင်းရန် စီစဉ် ထားကြောင်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။

“လောလောဆယ် ပထမတစ် ဆောင် စဆောက်မယ်၊ အခန်း ၂၄ ခန်း ပါမယ်၊ အခန်းလိုအပ်ချက်အပေါ်မူတည်ပြီး နောက်ထပ် ထပ်တိုးဆောက်မှာပါ” ဟု ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးသန့် က ပြောသည်။
အဆိုပါ ၂၄ ခန်းပါ အဆောက် အအုံအတွက် မြိတ်အများပိုင်က ကျပ် သိန်း ၄၀၀ ထောက်ပံ့ပေးထားမည်ဖြစ်ကာ ဆိုင်ခန်းဝယ်ယူလိုသူများအနေဖြင့် ပထမအရစ် ၂၀ ရာခိုင်နှုန်းနှင့် လစဉ် ၁၀ ရာခိုင်နှုန်းကို ၈ လအထိ ပေးသွင်း ရမည်ဖြစ်ပြီးငွေကြေးအားဖြင့် တစ်ခန်း လျှင် ထိုင်းဘတ်ငွေ ၅ သောင်းဝန်း ကျင်ခန့် ကျမည်ဖြစ်ကြောင်း ကြီးကြပ် ရေးကော်မတီမှ သိရသည်။
မောတောင်ဒေသခံတို့သည် နယ် စပ်ဂိတ်တစ်ဖက်ရှိ ထိုင်းနိုင်ငံ ပရာကျွတ် ဈေးတွင် ဒေသထွက် သစ်သီးဝလံများ၊ ပန်းမန်များနှင့် ရေထွက်ပစ္စည်းတချို့ သွားရောက်ရောင်းချကြသည်။

ယင်းကဲ့သို့ ဒေသထွက်ကုန်များကို ပရာကျွတ်ဈေးသို့ သွားရောက် ရောင်း ချရာတွင် ထိုင်းနယ်စပ်ဂိတ်မှ ကုန် ပစ္စည်းအပေါ် ငွေကြေးများ အဆမတန် ကောက်မှုများရှိနေကြောင်း မောတောင် ဒေသခံအချို့က ဆိုသည်။
အထက်ပါ အခက်အခဲများကို ဖြေရှင်းနိုင်ရန် ဈေးတည်ဆောက်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ဦးမျိုးသန့်က ပြောပြသည်။ မောတောင်နယ်စပ်ဂိတ်ကို ၂၀၁၃ ခုနှစ် မေလ ၈ ရက်က တရားဝင် ဖွင့်လှစ်ထားပြီးဖြစ်သော်လည်း ထိုင်းနိုင်ငံ စင်ခွန်းဂိတ်အား လက်ရှိအချိန်ထိ တရားဝင် ဖွင့်လှစ်ထားခြင်း မရှိသေးပေ။