ထိုင်း သတင်းထောက်တစ်ဦး ထားဝယ်သို့ လာခွင့်မရ

0
407

ထားဝယ်ဒေသတွင် ကျင်းပနေ သော တို့ချစ်တဲ့ ထားဝယ် ပွဲတော်သို့ လာရောက်မည့် ထိုင်းသတင်းထောက် တစ်ဦးကို ထိုင်း လူဝင်မှု ကြီးကြပ်ရေး ဌာနက ထီးခီးနယ်စပ်တွင် တားဆီးခံရ ပြီးနောက် ခေတ္တထိန်းသိမ်းခံခဲ့ရသည်။
ဂျမွန်အမည်ရ ထိုအလွတ်တန်း ထိုင်းသတင်းထောက်မှာ ထိုင်းနိုင်ငံ လွိုင်ခရိုင်တွင် ဖြစ်ပွားခဲ့သော ရွှေတူး ဖော်ရေး လုပ်ငန်းကို ဆန္ဒပြမှုတွင် ဒေသခံ များနှင့်အတူ တရားစွဲခံထားရသဖြင့် ထိုင်းနိုင်ငံတွင်းမှ ထွက်ခွာခွင့် ပိတ်ပင် ခံလိုက်ရခြင်း ဖြစ်ကြောင်း ၎င်းနှင့်အတူ လိုက်ပါလာသော ထိုင်းသတင်းစာ ဆရာမ တစ်ဦးက ပြောကြားသည်။

ထားဝယ်ဒေသတွင် ဒီဇင်ဘာ ၁ ရက်နေ့မှ ၃ ရက်နေ့ အထိ ကျင်းပနေသော တို့ချစ်တဲ့ ထားဝယ် (We Love Dawei) ပွဲတော်သို့ ထိုင်းနိုင်ငံမှ သတင်းစာ ဆရာများ၊ တက်ကြွလှုပ်ရှားသူများ၊ ပညာရှင်များ၊ အနုပညာရှင်များနှင့် ထားဝယ်တွင် ခရီးသွားလုပ်ငန်း လုပ်ကိုင် ရန် စိတ်ပါဝင်စားသူ လေးဆယ်ဦးခန့် လာရောက်လျက်ရှိသည်။
၎င်းတို့အားလုံးမှာ ထီးခီးနယ်စပ် ဂိတ်မှ မော်တော်ယာဉ်ဖြင့် လာရောက် ကြခြင်း ဖြစ်ပြီး ဂျမွန်တစ်ဦးတည်းသာ ပိတ်ပင်ခံရခြင်း ဖြစ်သည်။ ဂျမွန်မှာ ထိုင်း PBS ရုပ်သံအတွက် အလွတ်တန်းသတင်း ထောက်အဖြစ် လုပ်ကိုင်နေသူ ဖြစ်သည်။

ထားဝယ်ဒေသသို့ အကြိမ်ကြိမ် လာရောက်ဖူးသော ၎င်းကို သွန်ခွန် ရွှေတူး ဖော်ရေး ကုမ္ပဏီက နယ်မြေကျော်နင်း မှုဖြင့် အမှုဖွင့်ထားခြင်း ဖြစ်ကြောင်း ထိုင်းသတင်းစာဆရာမက တနင်္သာရီ အပတ်စဉ်သို့ ပြောကြားသည်။ ဂျမွန်မှာ နိုဝင်ဘာ ၂၉ ရက်နေ့တွင် ကန်ချနဘူရီ ရဲစခန်းတွင် ထိန်းသိမ်းခံထားရပြီး နောက် ဒီဇင်ဘာ ၁ ရက်နေ့တွင် အာမခံဖြင့် ပြန်လွှတ် ပေးလိုက်ပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။