နော်ချစ်ပန်းတိုင် အသတ်ခံရမှု KNU အဖွဲ့ဝင် ၃ ဦးကို စစ်ရန် ကျန်နေဟုဆို

0
377

သဘာဝပတ်ဝန်းကျင်နှင့် ထား ဝယ်ဒေသအရေး တက်ကြွလှုပ်ရှားနေသော ကရင်အမျိုးသမီးငယ် နော်ချစ်ပန်းတိုင် အသတ်ခံရမှုနှင့် ပတ်သက်၍ ကရင် အမျိုးသားအစည်းအရုံး (KNU) အဖွဲ့ ဝင် ၃ ဦးကို စစ်ဆေးရန် ကျန်ရှိနေသေး ကြောင်း တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှူးက ပြောသည်။
အမှုနှင့်ပတ်သက်သည်ဟု သံသယ ရှိသူများကို စစ်ဆေးခဲ့ပြီးဖြစ်သော်လည်း KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင် အဖွဲ့ဝင် ၃ ဦးကို စစ်ဆေးရန် ကျန်ရှိ နေသေးကြောင်း တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူး ကြီး နေမျိုးက ပြောသည်။

“လမ်းကဆုံးသွားပြီ။ အဲဒါမရရင် ဘာမှလုပ်လို့မရတော့ဘူး၊ အဲဒီလူတွေကို စစ်မှရမယ်”ဟု ရဲမှူးကြီးနေမျိုးက ဆိုသည်။
အဆိုပါ KNU အဖွဲ့ဝင် ၃ ဦးကို စစ်ဆေးရန် တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ (JMC-S) အစည်း အဝေးတွင် တရားဝင်ပြောဆိုထားပြီး KNU ထံလည်း စာပို့ထားသော်လည်း လက်ရှိအချိန်ထိ အကြောင်းကြားလာ ခြင်းမရှိသေးကြောင်း ၎င်းက ဆိုသည်။
KNU အဖွဲ့ဝင် ၃ ဦးကို စစ်ဆေး ရန် ရဲတပ်ဖွဲ့က တောင်းဆိုထားသည့် အပေါ် KNU ဗဟိုကို တင်ပြထားဆဲ ဖြစ်ကြောင်း KNU တပ်မဟာ ၄၊ မြိတ်- ထားဝယ်ခရိုင် ဆက်ဆံရေးရုံးတာဝန်ခံ ပဒိုဖလို့စိုးဝင်းက ဆိုသည်။

“လောလောဆယ်တော့ ဗဟိုကို ဆက်ပြီးတင်ပြထားဆဲပါ”ဟု ပဒိုဖလို့ စိုးဝင်းက ပြောသည်။ ရဲတပ်ဖွဲ့က စစ်ဆေးရန် တောင်းဆိုထားသည့် KNU အဖွဲ့ဝင် ၃ ဦးအနက် ၁ ဦးမှာ ရေဖြူမြို့နယ်ရှိ သစ်တောဝန်ထမ်းများကို ရိုက်နှက်ခဲ့သည့်အတွက် ထားဝယ်ခရိုင်ရှိ KNU အကျဉ်းထောင်တွင် ထောင်ကျခံ နေကြောင်း ၎င်းကဆိုသည်။
နော်ချစ်ပန်းတိုင်သည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၉ ရက် ညက ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားကွင်းတွင် ကျင်း ပသည့် မြန်မာနိုင်ငံဂီတ အစည်းအရုံး ရန်ပုံငွေ အဆိုပြိုင်ပွဲ ကျင်းပစဉ်တွင် ပြိုင်ပွဲစင်မြင့်နှင့် မလှမ်းမကမ်းတွင် ဓားဖြင့်အထိုးခံရပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။

နော်ချစ်ပန်းတိုင်၏ အမှုမှန် ပေါ် ပေါက်ရေးအတွက် နိုဝင်ဘာလ ၁၉ ရက် နေ့က ထားဝယ်မြို့ ဘိုးဘွားရိပ်သာရှေ့၊ ကရင်နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုး ကျောင်းတွင် ထားဝယ်ဒေသခံများ စု ပေါင်းလက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြ ပြီး အောက်မေ့ဖွယ် ဝတ်ပြု ဆုတောင်း ခဲ့ကြသည်။

လက်မှတ်များကို တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ထံ ပေးပို့သွားမည်ဟု သိရသည်။
အသတ်ခံခဲ့ရသည့် အသက် ၂၁ နှစ်အရွယ် နော်ချစ်ပန်းတိုင်သည် ထားဝယ် ဒေသအရေး လှုပ်ရှားသည့် တာကပေါ အဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပြီး အခင်းမဖြစ်ပွားခင်အချိန်ထိတွင် မြေမြှုပ်မိုင်း အန္တရာယ်အကြံပေးအဖွဲ့ (MAG) တွင် တာဝန်ထမ်းဆောင်ခဲ့ သည်။