ခြေလေးချောင်းတော်လှန်ရေး (၆)

0
860

ယခင်အပတ်မှ အဆက်

ဦးသာခေါင် ပိုင်သော ယင်းမာပင် ကွင်းကို သူတို့ပိုင်ပြီ။ ဦးသာခေါင်နှင့်ပတ် သက်၍ ဘာတခုမျှ အစအန မတွေ့ရ တော့။ လောကတွင် အောင်ခြင်းထက် အောင်သော အရာမရှိ။ တိရစ္ဆာန် တွေသည် ဦးသာခေါင်၏နဖါးထိုးခံ ဇက်ခွံ့ခံ အနှိပ်စက်ခံ မဟုတ်တော့သဖြင့် တဖန်ဝမ်းသာ အားရနှင့် ကုန်းတဝိုက်၌ ခုန်ပေါက် မြူးတူးကြပြန်သည်။ နွား များကလည်း ချိုသွေး၍ ဝပ်ထလိန်း ဝပ်ထလိန်းနှင့် ထွန်ကြသည်။ အသီးသီး သူတို့ သဘာဝအလျောက် မြည်ကြသည် မှာ မိုးချုန်းသံတမျှ ဖြစ်သည်။ ထို့နောက် တကွင်းလုံးကို က္ကုနြေ္ဒရစွာနှင့် ကြည့်ရှု စစ်ဆေး ကြသည်။ ယခင်ကကွင်းကို ပိုင်ကြဖို့ အိပ်မက်တောင် မမက်ဖူးကြ သော်လည်း ယခုဦး သာခေါင်၏ကွင်း မှာ သူတို့ပိုင်ဖြစ်၍ နေပြီ။ ဟုတ်မှ ဟုတ် နိုင်ပါစ။ ဟုတ်သည်။ သူတို့ပိုင်ပြီ။ ဦး သာခေါင်လစ်ရပြီ။

ထိုနောက်တကောင်ချင်း စီတန်း၍ ဦးသာခေါင်အိမ်ကို သွား၍ ကြည့်ကြ သည်။ ထိုအိမ်ကိုလည်း သူတို့ပိုင်ပြီ။သို့ရာတွင် အိမ်ထဲသို့ ဝင်နေကြ မဟုတ် သဖြင့် ဘယ်တိရစ္ဆာန်မှ အထဲသို့ မဝင်ရဲကြ။ ခဏကြာသောအခါ ဗန္ဓုလ နှင့် ဘော်ဖြူတို့က တံခါးကို တွန်း၍ ဖျက်ပြီးလျှင် တိရစ္ဆာန်အားလုံး စီတန်း၍ အိမ်ထဲသို့ ဝင်ကြည့်ကြသည်။ အိမ်ထဲ၌ အပျက်အစီး မရှိစေခြင်း အကျိုးငှါ သတိ ထား၍ ဝင်ကြသည်။ ရှိသမျှအခန်းထဲ သို့လည်း ခြေဖျားထောက်၍ ဝင်ကြည့် ကြသည်။ ဦးသာခေါင်၏ အိပ်ရာ ပန်း ကန်ခွက်မှန်တင်ခုံ ကော်ဇော ထွေးခံ တိုင်ကပ်နာရီ စသည်တို့ကို တွေ့သောအ ခါ တိရစ္ဆာန်များသည် တကောင်နှင့် တကောင်လက်တို့ကာ ပြူးတူးပြဲတဲ ဖြစ်၍နေကြသည်။

ပြန်၍ ဆင်းလာကြ သောအခါ မယ်သီ တကောင်မပါလာ သဖြင့် ပြန်၍ ရှာကြရာ မယ်သီသည် ဒေါ်အိုစာ၏ အခန်းတွင်း၌ ကြောင်အိမ် ထဲမှ ကြေးခလောက်ခလေး တခုကို ယူ၍ သူ့လည် ပင်း၌သူတပ်ကာ မှန်တခုထဲ တွင် သူ့အရိပ်ကို သူအမျိုးမျိုး လှည့်၍ ကြည့်နေသည်။ ထိုအခါ အားလုံးကပင် မယ်သီကို ဝိုင်း၍ မြည်ကြသည်။ ထိုနောက် တိရစ္ဆာန်တို့ သည် မီးဖိုချောင်မှ အမဲခြောက်ကို တွေ့သဖြင့် ယူ၍ မြေကြီး ထဲသို့ မြှုပ်ပစ်ကြသည်။ ထို့နောက် ဦးသာခေါင်၏ စိမ်ရေအိုးကို တွေ့သဖြင့် ခွါနှင့် ပေါက်၍ ခွဲပစ်ကြသည်။ စိမ်ရေ အိုးကို ခွဲပစ်ကြခြင်းမှတပါး အိမ်ထဲ၌ ရှိသော ပစ္စည်းများကို သူ့နေရာ၌သူ အခြေအနေမပျက် ထားခဲ့ကြသည်။ ထို့နောက် ဦးသာခေါင်၏ အိမ်ကို ပြတိုက် အဖြစ်နှင့်ထားရန် တညီ တညွတ်တည်း ဆုံးဖြတ်ကြသည်။ ပြီး လျှင် ဦးသာခေါင် အိမ်ထဲ၌ ဘယ် တိရစ္တာန်မှဝင်၍ မနေကြရန်လည်း အားလုံး သဘောတူကြသည်။

တိရစ္ဆာန်တို့သည် နံနက်စာ စား ကြပြီးနောက် စည်းဝေးကြပြန်သည်။ ထို အစည်းအဝေး၌ ဗန္ဓုလနှင့် ဘော်ဖြူတို့က မိန့်ခွန်းမြွက်ကြားသည်။
စုဝေးနေသော တိရစ္ဆာန် ပရိသတ် အား ဘော်ဖြူက “ရဲဘော်တို့ အခုမှ ခြောက်နာရီခွဲဘဲ ရှိသေးတယ်။ နေကုန်ဖို့ အချိန်တွေ အများကြီး ကျန်သေးတယ်။ ငါတို့ဒီကနေလယ်ကို စရိတ်ကြမယ်။ သို့သော် လယ်မရိတ်ခင် လုပ်ဖို့ အရေး ကြီးတဲ့ အလုပ်တခု ရှိသေးတယ်”ဟု ပြောသည်။

ဝက်တို့သည် လွန်ခဲ့သည့် သုံးလ လောက်ကပင် ဦးသာခေါင်၏ ကလေး များသင်သော သင်ပုံးကြီးစာအုပ်ကို အ မှိုက်ပုံပေါ်က ကောက်ရသဖြင့် ထိုစာအုပ် ဖြင့် စာသင်ထားကြသောကြောင့် စာ တတ်၍ နေကြကြောင်းကို အစည်းအဝေး ကျမှ ပြောပြ၍ တိရစ္ဆာန်များ သိကြရ သည်။ ထိုနောက် ဗန္ဓုလက သင်္ဘောဆေး အဖြူဘူးနှင့် အနက်ဘူးကို အယူခိုင်ပြီး လျှင် ခြံတံခါးဝသို့ သွား၍ ကဗျည်းအသစ် ထိုးစေသည်။ စာတတ်သော ဝက်တို့ အနက် ဘော်ဖြူမှာ လက်ရေးအကောင်း ဆုံး ဖြစ်သဖြင့် ကဗျည်းထိုးရန် တာဝန်ကို ဘော်ဖြူက ယူသည်။ ဘော်ဖြူသည် အဖေါ်များနှင့် သင်္ဘောဆေးဘူးနှစ်ဘူးကို တံခါးဝသို့ ယူသွားပြီးလျှင် “ယင်းမာပင် ကွင်း”ဟု ထိုးထားသော စာကို ဆေးအ နက်နှင့် ဖျက်ပြီးလျှင်”တိရစ္ဆာန်ကွင်း”ဟု ရေးလိုက်ကြသည်။

“တိရစ္ဆာန်ကွင်း”ဆိုသည်မှာ ယင်း မာပင်ကွင်းအဖို့ နောင်ကို အဓွန့်ရှည်စွာ သုံးမည့်နာမည်သစ် ဖြစ်သည်။ ထို့နောက် ဗန္ဓုလနှင့် ဘော်ဖြူတို့သည် စပါး ကျီဖက်သို့သွားပြီးလျှင် ကျီထရံတွင် တစုံတခုရေးရန် ပြင်ကြသည်။ လွန်ခဲ့ သည့် သုံးလလောက်ကစ၍ ဗန္ဓုလနှင့် ဘော်ဖြူတို့သည် တိရစ္ဆာန်ဝါဒနှင့် ပတ်သက်၍ အခြေခံအချက်ကြီး ခုနှစ်ချက် ရေးထားကြသည်။ ကျီထရံကို လှေကားနှင့်တက်၍ တိရစ္ဆာန်ဝါဒ အခြေခံအချက်ကြီး ခုနှစ်ချက်ကို အက္ခရာ ထင်ကြသည်။ ပထမတွင် ဝက်တို့မှာ ခြေနှစ်ချောင်းပေါ်တွင် မတ်တတ် ရပ်နိုင်ကြသည်မဟုတ်သဖြင့် လှေကား နှင့် တက်၍ရေးဖို့ အတော် အခက်အခဲ တွေ့ရသည်။ ထို့နောက် ခဲခဲယဉ်းယဉ်း နှင့်ပင် ဘော်ဖြူက လှေကားနှင့်တက်၍ ရေးသည်။ သံကြောင်က အောက်နှစ် ထစ်ခြား သုံးထစ်ခြားကနေ၍ ဆေးဘူး ကို ကိုင်ပေးသည်။ ပထမကျီထရံကို ဆေးနက်နှင့် သုတ်သည်။ ထိုဆေးနက် ပေါ် တွင်မှ အတောင်ခြောက်ဆယ်လောက် ကလှမ်း၍ ဖတ်နိုင်လောက်အောင် စာ လုံးကြီးကြီးနှင့် အောက်ပါအတိုင်း ရေး သည်။

အခြေခံတရားကြီး ခုနစ်ပါး
၁။ ခြေနှစ်ချောင်းမှန်လျှင် ရန်သူ။
၂။ ခြေလေးချောင်းနှင့် အထောင်ရှိ မှန်သမျှ မိတ်ဆွေ။
၃။ တိရစ္ဆာန်များ အဝတ်မဝတ်ရ။
၎။ တိရစ္ဆာန်များ အိပ်ရာနှင့် မအိပ်ရ။
၅။ တိရစ္ဆာန်များ အရက်မသောက်ရ။
၆။ တိစ္ဆာန် အချင်းချင်း မသတ်ရ။
၇။ တိရစ္ဆာန်များ အားလုံး တတန်း တစားတည်း ဖြစ်သည်။

ဘော်ဖြူမှာ လက်ရေးကောင်း၍ သတ်ပုံလည်း အားလုံးလောက်ပင် မှန် အောင် ရေးနိုင်သည်။ မိတ်ဆွေတွင် လုံး ကြီးတင်ကို ၀ဆွဲနေရာက ရေးထား သဖြင့် မွတ်ဆွေဖြစ်နေခြင်းနှင့် သဝေထိုး တခုမှာ ခကွေးဖြစ်နေခြင်းမှ တပါး သတ်ပုံဆရာရေးထားသော ကဗျည်း ဟုပင် ထင်မှတ်နိုင်သည်။ ဘော်ဖြူသည် ရေးပြီးသည်နှင့်တပြိုင်နက် အားလုံး တိရစ္ဆာန်များ၏အကျိုးငှါ အသံကျယ် ကျယ်နှင့် ခပ်လေးလေးဖတ်၍ ပြသည်။ အားလုံးသော တိရစ္ဆာန်တို့က သဘော ကျကြသည်။ အချို့ဥာဏ်ကောင်းသော တိရစ္ဆာန်တို့မှာ ဘော်ဖြူဖတ်၍ အပြီးတွင် နှုတ်တက်ရ ကြသည်။

ထိုနောက် ဘော်ဖြူသည် စုတ်တံ ကို အောက်သို့ ပစ်၍ချလိုက်ပြီးလျှင် “ကိုင်း ရဲဘော်တို့ စပါးသွားရိတ်ကြရအောင်။ ဦးသာခေါင် တို့ ဆရာတ ပည့်တွေထက် ပိုပြီးမြန်အောင် ကြိုးစားပြီး ရိတ်ဖို့ဟာ ရဲဘော်တို့ တာဝန်နော”ဟု နာပျော်ဖွယ် ပြော သည်။ ထိုအခိုက်တွင် နို့ညှစ် နွား မကြီးသုံးကောင်မှာ မအီမသာ ဖြစ်နေ၍ ပြင်းထန်စွာ အော်လျက် ရှိကြသည်။ ဦး သာခေါင်ရှိစဉ်က မနက်စောစောတိုင်း နို့ညှစ်သော်လည်း ဦးသာခေါင်ကို တော် လှန်လိုက်ပြီးနောက် လွတ်လပ်ခြင်းရ၍ ဘယ်သူမှ နို့ညှစ်မည့်သူမရှိသဖြင့် နို့တွေ တောင့်ပြီး နို့အုံကြီးတွေ ကွဲမတတ် ဖြစ်ကာ မချိမဆန် ဖြစ်နေကြသည်။တခဏတာမျှ ထွေ၍ နေကြပြီးလျှင် ဝက်များက အကြံရ၍ နို့ပုံးများကို ယူစေပြီး နောက်ခွါကြားနှင့် ညှပ်၍ နို့ညှစ်ကြရာ အတော်ကလေး ဟန်သည်။ မကြာမီ ပုံးငါးပုံးနှင့် နို့အပြည့်ရ၍ အားလုံးသော တိရစ္ဆာန်တို့ သွားရည် တများများနှင့် ဖြစ်နေကြသည်။

“ဒီနို့တွေ ဘယ်လိုလုပ်ကြမလဲ။ ဦး သာခေါင် ရှိတုန်းကတော့ တခါတလေ ဒို့စားတဲ့ အစာထဲထည့်ကျွေးတယ်”ဟု တိရစ္ဆာန် တကောင်က ပြောသည်။ ထိုအ ခါ ဗန္ဓုလက နို့ပုံးများရှေ့တွင် ရပ်၍ “ရဲ ဘော်တို့ ဒီနို့အတွက်ဟာက ကိစ္စမရှိပါ ဘူး။ ငါကြည့်ပြီး စီမံပါ့မယ်။ စပါးရိတ် ဖို့က ပိုအရေးကြီးပါတယ်။ ရဲဘော် ဘော် ဖြူနောက်ကို လိုက်ကြပါ။ ငါအခုဘဲ လိုက်လာခဲ့ပါ့မယ်။ ကိုင်းသွား ကြပေ တော့။ အရိတ်နောက်ကျသွားယင် စပါး တွေ ပျက်ကုန်မယ်”ဟု ဆိုသည်။

အားလုံးသော တိရစ္ဆာန်တို့လည်း ဗန္ဓုလပြောသည့်အတိုင်း ဘော်ဖြူကို ခေါင်းဆောင်ပြု၍ စပါးရိတ်သွား ကြ သည်။ ညနေ စပါးရိတ်ပြီး၍ ပြန်လာကြ သောအခါ နို့ပုံးများကို မတွေ့ကြရတော့။
သခင်ဘသောင်း