ထားဝယ်အထူးစီးပွားရေးဇုန် အလုပ်လုပ်ရန် အချိန်တန်ဟု ဒုသမ္မတဆို

0
492

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ အစိုးရသစ်၊ ကော်မတီ အသစ်အနေဖြင့် လေ့လာသည့်အချိန် လုံလောက်ပြီး အလုပ်လုပ်ချိန်တန်နေပြီ ဖြစ်ကြောင်း ဒုသမ္မတ ဦးဟင်နရီဗန်ထီး ယူက ပြောကြားသည်။
အစိုးရအပြောင်းအလဲတွင် ကော်မတီ အပြောင်းအလဲ လုပ်ခဲ့သည့်အတွက် လုပ်ငန်းသဘောသဘာဝအရ အချိတ် အဆက်လုပ်ရာတွင် ကြာတတ်သည့် သဘောရှိသော်လည်း လက်ရှိတွင် အချိန် ၁ နှစ်ကျော်အတွင်း လေ့လာပြီး ဖြစ်သည့်အတွက် လေ့လာစရာ မကျန် တော့ဟုမြင်ကြောင်း ဒုသမ္မတက ဆိုသည်။

ဒီဇင်ဘာလ ၂ ရက်နေ့က ထားဝယ် အထူးစီးပွားရေးဇုန်ရှိ ရှင်းလင်းဆောင် တွင် ပြည်ထောင်စုဝန်ကြီးအချို့၊ တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် ဒုသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ပြောကြား ခြင်းဖြစ်သည်။
“လေ့လာစရာ သိပ်မရှိတော့ဘူးလို့ ကျွန်တော်မြင်ပါတယ်။ ဒီထက်ထပ်ပြီး ထပ်ပြီးလေ့လာမယ်ဆိုလို့ရှိရင် လေ့လာ တာနဲ့ပဲ အချိန်ကုန်မှာဖြစ်ပါတယ်”ဟု ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောသည်။

လေ့လာချိန်လုံလောက်ပြီ ဖြစ်သော ကြောင့် ရှေ့လျှောက်တွင် အလုပ်လုပ်ရန် သာရှိတော့သည်ဟု ဒုသမ္မတက ဆိုသည်။
အဆိုပါ စီမံကိန်းမှာ မြန်မာနိုင်ငံ အတွက် သာမက အိမ်နီးချင်းနိုင်ငံများနှင့် အရှေ့လယ်ပိုင်းနိုင်ငံများအထိပါ အကျိုး ရှိနိုင် သည့်အတွက် မည်သည့်အချိန်တွင် အကောင်အထည်ဖော်မည်ကို စောင့် ကြည့်ခံနေရကြောင်း ၎င်းကဆိုသည်။

ယင်းစီမံကိန်းနှင့်ဆက်စပ်နေသည့် ထိုင်းနိုင်ငံနယ်စပ်ဖြစ်သည့် ထီးခီး နယ်စပ်သို့ နှစ်လမ်းသွားလမ်းမ အမြန် ဆုံး အကောင်အထည် ဖော်ရန် လိုအပ် ကြောင်း ဒုသမ္မတက ပြောသည်။
လက်ရှိတွင် မြန်မာ၊ ထိုင်းနှင့် ဂျပန် နိုင်ငံတို့ တိုင်ပင်ဆွေးနွေးကာ ဖြေလျော့ သင့်သည့် ကိစ္စများကို ဖြေလျော့ကာ အကောင်းဆုံးနည်းလမ်းကို ရွေးပြီးလုပ် ဆောင်ပါက မြန်ဆန်စွာ အကောင်အထည် ဖော်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဒုသမ္မတသည် အထူးစီးပွားရေးဇုန် နှင့် ပတ်သက်ပြီး ထားဝယ်မြို့သို့ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် စက်တင်ဘာလ အတွင်းက လာရောက်ခဲ့ဖူးပြီး ယခုလာ ရောက်ခြင်းသည် ဒုတိယအကြိမ် ဖြစ်သည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို ယခင်အစိုးရလက်ထက်တွင် ရပ်နားထားခဲ့ပြီး လက်ရှိအစိုးရ လက် ထက်တွင် ပြန်လည်အကောင်အထည် ဖော်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
တစ်နှစ်ကျော်အတွင်း ဒုတိယ သမ္မတ လာရောက်သည့် အချိန်ကြား ထားဝယ်စီမံကိန်းမှာ များစွာ အပြောင်း အလဲ မရှိလှပေ။