ရွာလယ်ဇရပ်တို့ နေညိုချိန်

0
635

မို့တည်ရွာတည်ကြတိုင်း ရပ်ရွာ အင်္ဂါရပ် တစ်ပါးအဖြစ် ရွာလယ်ဇရပ်ကို ထည့်သွင်းတည်ဆောက်ခဲ့ကြ ဟန်တူ သည်။ တနင်္သာရီတိုင်း၏ မြို့ပြရပ်ကွက် တိုင်း၊ နယ်စွန်ဖျားက ကျေးရွာတိုင်းနီးပါး တွင် ရွာလယ်ဇရပ်ကိုယ်စီ ရှိကြသည်။
ရွာလယ်ဇရပ်တွင် ရပ်ရေးရွာရေး စုဝေးဆွေးနွေးကြသည်။ ဘာသာရေး ပွဲတော်မှအစ သာရေးနာရေးကိစ္စများ အလယ် ပျော်ပွဲရွှင်ပွဲအဆုံး ရွာလယ်ဇရပ် တွင် ဆွေးနွေးကြမြဲ။ အချို့ရွာလယ် ဇရပ်များဆိုက ရွာလူကြီးရုံးခန်းပင် တွဲဖွင့်လိုက်သေးသည်။

ထားဝယ်မြို့ ဆန်းချီရပ်ကွက် အစည်းအဝေးတိုင်း ရပ်ကွက်ရွာလယ် ဇရပ်တွင် ကျင်းပပြီး နှစ်စဉ် ဝါတွင်း ကာလ ဆုတောင်းပွဲနှင့် ရွာပတ်ဆွမ်း လောင်းလှူခြင်း၊ သီတင်းကျွတ် ဆွမ်း တော်ကြီးတင်ပွဲ၊ ဘုရားပင့် ပူဇော်ခံခြင်း၊ စာရေးတံမဲပွဲ စသည်တို့ကို အစဉ်အဆက် ကျင်းပခဲ့ကြကြောင်း ရွာလယ်ဇရပ်ရှေ့ တွင် နေထိုင်သည့် အသက် ၅၀ ကျော် အရွယ် ဒေါ်အေးသက်က ပြောသည်။
“အရင်ကတော့ ဇရပ်မှာချည်းပဲ၊ ဝါတွင်းဆို ညည ဆွမ်းတွေ ဆွမ်းဟင်း တွေ ချက်ကြ လောင်းကြပေါ့၊ ရပ်ရွာ အစည်းအဝေးအားလုံး ဒီမှာပဲ လုပ်ကြ တာပေါ့”ဟု ဒေါ်အေးသက်က ပြော သည်။

ဒေါ်အေးသက်၏မိခင်ကမူ သူက လေးဘ၀ကတည်းက ဆန်းချီ ရွာလယ် ဇရပ်ရှိနှင့်နေပြီဟု ဆိုသည်။
“ဇရပ်က ငါတို့ထက် အသက်ကြီး တာပေါ့” ဟု ၉၁ နှစ် ရှိပြီဖြစ်သော ဒေါ်အေးသက်မိခင်က ပြောသည်။
ရွာလယ်ဇရပ်တို့က ရပ်သူရွာသား များအတွက်သာ အသုံးဝင်သည် မဟုတ် ပေ။ ရပ်နီးရပ်ဝေး ခရီးသွားဧည့်သည် များအတွက်ပါ အသုံးတည့်ပါသည်။
“ရှေးတုန်းက တစ်ရွာနဲ့ တစ်ရွာ သွားရင် လမ်းလျှောက်သွားရတော့ မောပန်းနားခိုဖို့ ဇရပ်က လိုအပ်တယ်”ဟု မြိတ်မြို့ အနောက်လယ်ရပ်ကွက်နေ အသက် ၈၀ အရွယ်ရှိ စာရေးဆရာ ဦးအောင်သင်က ပြောသည်။

ယခုခေတ်တွင်ကား ရပ်ရွာပိုင် အဆောက်အအုံသစ်တို့ တိုးလာလေပြီ။ ရွာလူကြီးတဖြစ်လဲ အုပ်ချုပ်ရေးမှူး တို့ကလည်း ကိုယ်ပိုင်ရုံးခန်းများ ရှိ လာကြသည်။ လူစုလူဝေး ဆွေးနွေး စည်းပွဲကြီးများဆိုက ပိုမိုကျယ်ဝန်း ခိုင်ခံ့သော စာသင်ကျောင်းများ၊ ဓမ္မရုံ များသို့ ရွှေ့ပြောင်း ကျင်းပလာကြသည်။ ဘာသာရေးပွဲတော်များ၊ ပျော်ပွဲရွှင်ပွဲများ လည်း ထိုနည်းနှင်နှင်။
“ခုတော့ ဒီရွာလယ်ဇရပ်မှာ ဆွမ်း တော်ကြီးတင်ပွဲတစ်ခုပဲ ကျင်းပတော့ တယ်၊ ကျန်တဲ့ပွဲတွေ အသစ်ဆောက် ထားတဲ့ ဓမ္မရုံကို ပြောင်းကုန်ပြီလေ”ဟု ဆန်းချီရပ်ကွက်သူ ဒေါ်အေးသက်က ပြောပါသည်။
ထိုအခါ ရွာလယ်ဇရပ်တို့၏ အခန်း ကဏ္ဍက လျှော့ကျလာရတော့သည်။ လျှော့ကျလာသည်မှတစ်ဆင့် ရေရှည် တည်တံ့ရေးအတွက် သူတို့၏မူရင်း တာဝန်မဟုတ်သည်တို့ကို ထမ်းဆောင် လာကြရတော့သည်။

“နှစ်တရာကျော်သက်တမ်းရှိတဲ့ လေးဂိုးဇရပ်ဆိုတာ ရှိခဲ့တယ်။ ခုတော့ ဒီ သမိုင်းဝင်ဇရပ်ကြီးကလည်း အငှါး ဆိုင်ခန်းတွေ ဖြစ်နေကုန်ပါပြီ” ဟု ဦးအောင်သင်က ဆိုသည်။
ထားဝယ်မြို့တွင်လည်း ရွာလယ် ဇရပ်တိုင်းနီးပါး၏ အနာဂတ်ရပ်တည် ရေးကို ဆိုင်ခန်းများ ငှားရမ်းထားခြင်း ဖြင့် ကျားကန်ထားကြရသည်။
ဆိုင်ခန်းငှားမည့်သူ မရှိသော ရပ်ရွာ ရွာလယ်ဇရပ်အချို့ကား ခွေးလေ ခွေးလွင့်တို့၏ သုခဘုံ ဖြစ်လာသည်။ ရေညှိများ ဖုန်များစွဲကပ်ကာ အိုမင်း ရိတွဲလာကြသည်။
“ကြာရင်ဇရပ်တွေက ပျောက်သွား မဲ့သဘောရှိတယ်။ ခုတောင်ပျောက် နေကုန်ပြီ” ဟု ဦးအောင်သင်က ဆို သည်။

တချိန်က သင်္ကြန်ထမင်း လှူဒါန်း ခြင်းမှအစ ပျှော်ပွဲရွှင်ပွဲ၊ ဘာသာရေး ပွဲပေါင်းစုံ ကျင်းပခဲ့သည်ဆိုသော လောင်းလုံးမြို့နယ် မောင်းမကန်ရွာမှ ဇရပ်ရင်ကွဲကြီး ယခု မရှိတော့ပြီ။
အချို့ရွာလယ်ဇရပ်တို့ကလည်း ဆိုင်ခန်းဆိုင်းဘုတ်များ ပြည့်နှက်ကာ ရွာလယ်ဇရပ်တို့၏ သတ္တိဂုဏ်တို့ ဆိတ်သုဉ်းနေလေပြီ။ ရပ်ရွာ လှုပ်ရှား မှုတို့ သူ့တို့ထံ စီးဝင်လာခြင်း မရှိ တော့သည်မှာ တစ်ချိန်က ရွာလယ်ဇရပ် ဖြစ်ခဲ့သည်ဟု ကျိန်တွယ်ပြောရမည့် အနေအထားအထိ။
နောက်နှစ်များတွင် ရွာလယ်ဇရပ် တို့က သမိုင်းစာအုပ်ထဲ ရောက်သွားတော့ မည်လား။

ဆန်းချီရပ်ကွက်သူ ဒေါ်အေးသက် ကတော့ အခြားရပ်ကွက် ရွာလယ်ဇရပ် များအခြေအနေ မပြောတတ်သော်လည်း သူမ၏ ရပ်သူရပ်သားများ ထိန်းသိမ်း မှုအားကောင်းလှသဖြင့် ဆန်းချီရွာ လယ်ဇရပ် ပျောက်ကွယ်သွားမည် မဟုတ်ဟု ယုံကြည်နေသည်။
“ရှေးကတည်းက ရှိနေတော့ ကျွန်မ အသက်တရှိတော့ မြင်သွားချင်တာပေါ့” ဟု ဒေါ်အေးသက်က ဖွင့်ဟသည်။