လိင်စော်ကားခံရမှုမှ ကာကွယ်ပေးနိုင်တဲ့ ကလေးများရဲ့ ဆဋ္ဌမအာရုံ

0
538

ကလေးတိုင်းမှာ ဗီဇအရ ထိုးထွင်း သိမြင် စိတ်ရှိပါတယ်။ ဘယ်သူကတော့ သူ့ကို ချစ်ခင်ကြင်နာတယ်။ ဘယ်သူ ကတော့ သူ့အပေါ်မရိုးမသားစိတ်မျိုး နဲ့ဆက်ဆံနေတာလဲ စတာတွေကို သူတို့ ကောင်းကောင်း သိနိုင်တဲ့ အလိုအလျောက် သိစိတ်ရှိတယ်လို့ ဖတ်ရှုလေ့လာမိ ပါတယ်။ အဲဒီလို အလိုလိုသိမြင်နိုင်တဲ့ စိတ်ဟာ သူတို့ကို အန္တရာယ်ပေးမယ့် လူတွေရန်ကနေ ဝေးဝေးရှောင်နိုင်အောင်၊ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်အောင် သတိ ပေးပါတယ်။ ဒါပေမယ့် မိဘဖြစ်တဲ့ ကျွန်မတို့တွေက ကိုယ့်ကလေးတွေမှာရှိတဲ့ အဲဒီပင်ကိုယ် စွမ်းရည်လေးကို ပိုမို ဖွံ့ဖြိုးစေပြီး တစ်ဘ၀လုံး တည်တံ့သွား စေဖို့ ပြုစုပေးမယ့်အစား ဖိနှိပ်ဖျက်ဆီးနေ တတ်တာ ဝမ်းနည်းစရာပါ။

တစ်ဖက်မှာလည်း မြန်မာနိုင်ငံမှာ က လေးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင် ကျင့်စော်ကားမှု ကျူးလွန်သူတွေဟာ ကိုယ့်အသိ မိတ်ဆွေ၊ မိသားစု၊ ဆွေမျိုး သားချင်း၊ အိမ်နီးချင်းတွေကပဲ အများ ဆုံးဖြစ်တယ်ဆိုတာ ရဲမှတ်တမ်း တွေ့ရှိ ချက်တွေက ရှိထားပါတယ်။ ဒါကြောင့် အန္တရာယ်က ဝေးဝေးလံလံမှာ ရှိမနေဘဲ ကလေးတွေအတွက် အလွန်စိုးရိမ်စရာ ကောင်းပါတယ်။ နေရာတိုင်း အချိန်တိုင်း မှာ သူတို့ကို ရာနှုန်းပြည့်စောင့်ရှောက်ဖို့ ဆိုတာ မိဘတွေအတွက် မဖြစ်နိုင်ပါဘူး။ ဝမ်းသာစရာတစ်ခုကတော့ သူတို့မှာ အန္တရာယ်အငွေ့အသက်ကို ကြိုသိနိုင်တဲ့ အလိုလို သိစိတ်ကလေး ရှိနေတာပါပဲ။ အဲဒီ အလိုလိုသိစိတ်ကလေး ရှိတာကို မိဘတွေက အသိအမှတ်ပြုပြီး ပိုမိုဖွံ့ဖြိုး စေဖို့ ပြုစု လေ့ကျင့်ပေးဖို့တော့ လိုအပ် ပါတယ်။
ဘယ်လိုလုပ်ရပ်သွန်သင်မှုမျိုးဟာ ကလေးတွေရဲ့ အလိုလိုသိစိတ်ကို ဖျက် ဆီးနှိပ်ကွပ်နေပါသလဲ။ လိင်ပိုင်း စော်ကား အနိုင်ကျင့်ခံရတာတွေကနေ ကာကွယ် နိုင်မှု စွမ်းရည်လျော့ပါးစေသလဲ။ ကလေး တွေအလိုလို သိစိတ်ကို တွန်းအားပေးပြီး လိင်ပိုင်းဆိုင်ရာ စော်ကားအနိုင်ကျင့်မှု ကနေ တစ်ဖက်တစ်လမ်း ကာကွယ်ပေး နိုင်ဖို့ လေ့လာမိတဲ့ဆောင်ရန်၊ ရှောင်ရန် များ ဆွေးနွေးလိုပါတယ်။

(မှတ်ချက် ။ ။ ဒါဟာ အပြည့်အဝ ကာကွယ်ပေးမယ့်အဖြေ မဟုတ်ပေမယ့် အရေးတကြီး သိမှတ်လုပ်ဆောင်ထား သင့်တဲ့ ကာကွယ်နည်း တစ်ခုသာဖြစ် ကြောင်း စကားခံလိုပါတယ်။)

၁။ အာဘွားပေးချင်လို့၊ အာဘွားပေး လိုက်ပါဦး။
ကျွန်မတို့ဓလေ့မှာ ကလေးကို တွေ့ရင် ပါးလေးဆိတ်လိုက်၊ နမ်းလိုက်ရ ပါမှ ကလေးကို ချစ်ရာရောက်တယ်လို့ ထင်တတ်ပါတယ်။ ဒါ့အပြင် လူကြီးမိဘ တော်တော်များများက ကလေးတွေ အာ ဘွားပေးတတ်စ အရွယ်ကစလို့ ကြွား ချင်စိတ်၊ မျက်နှာလို မျက်နှာရစိတ်နဲ့ တွေ့သမျှလူကို အာဘွားပေးခိုင်းလေ့ရှိပါ တယ်။ ကလေးလုပ်ချင်တာ မလုပ်ချင် တာကို ထည့်မတွက်၊ ကလေးရဲ့ဆန္ဒကို မကြည့်ဘဲ အတင်းလုပ်ခိုင်းတာပါပဲ။ ကလေးက အာဘွားပေးလိုက်မှ “လိမ္မာ တယ်ကွာ”ဆိုပြီး ချီးကျူးမဆုံး။ ကလေး က အာဘွားမပေးရင် “မလိမ္မာဘူး၊ မချစ်တော့ဘူး” လူကြီးက အာဘွားပေး တာကို အနမ်းမခံရင် “ရိုင်းတယ်”ဆိုပြီး အလိုအလျောက် သင်ပေးလိုက်တယ်။ ကိုယ့်ကိုကိုယ် အပြစ်စွဲစိတ်ဖြစ်အောင် ပြုစုပေး လိုက်တယ်။ လူကြီးလုပ်တာ ခံရမယ်၊ မလုပ်ရင် “ရိုင်းစိုင်းတဲ့ကလေး” ဖြစ်သွားမယ်ဆိုပြီး မှားယွင်းစွာ သင်ပေး လိုက်မိပါတော့တယ်။

တချို့ကလေးဟာ ပင်ကိုရှက်တတ် လို့ အာဘွားမပေးချင်ပါဘူး။ တချို့ ကလေးတွေကျတော့ မိဘတွေမမြင်နိုင်တဲ့ တစ်ဖက်လူရဲ့ စိတ်နေသဘောထားကို အလိုလို သိနေတတ်တာကြောင့် အာဘွား အပေးမခံချင်ပါဘူး။ ဒါကြောင့် မိဘတွေ အနေနဲ့ ကိုယ့်ကလေးကို ကလေးရဲ့ ဆန္ဒမပါရင် မလုပ်ဘူး၊ မလုပ်နဲ့ “နိုး”လို့ ပြောတာကို အထူးလေ့ကျင့် သင်ထား ပေးရပါမယ်။ ကိုယ်တိုင်ကလည်း ကလေး မကြိုက်ရင် မလုပ်ပါနဲ့ဆိုပြီး တားဆီးရပ် တည်ပေးရပါမယ်။

မသိနားမလည်တဲ့သူတွေများတဲ့ ကျွန်မ တို့ဝန်းကျင်မှာ “ကြီးကျယ်တယ်”လို့ ပြောတာ ခံရနိုင်ပါတယ်။ ဒါပေမယ့် ပြောင်းလဲချိန်တန်ပြီဆိုတာ ကိုယ်ကစမှ ရမှာဖြစ်တဲ့အတွက် အန္တရာယ်ကျရောက် စေမယ့် မှားယွင်းတဲ့ဓလေ့၊ သွန်သင်မှုမျိုး ကို ပြောင်းလဲအောင် တွန်းလှန်ရမှာ ကျွန်မတို့ မိဘတိုင်း တာဝန်ရှိပါတယ်။ ကိုယ့်ကလေးကို ကာကွယ်ပေးဖို့ထက် ကိုယ့်မှာ အရေးကြီးတာ ဘာရှိမလဲ ကိုယ်တိုင် ဆုံးဖြတ်ပါ။

၂။ လူကြီးတွေ ပြောရင်ပြောတဲ့ အတိုင်း လုပ်။
ကျွန်မတို့ဓလေ့မှာ ဘာပဲဖြစ်ဖြစ် ကြီးသူ ကို ရိုသေရမယ်၊ ကြောက်ရမယ်၊ လူကြီး ပြောတာလုပ်၊ ပြန်ခံပြောရင် ရိုင်းစိုင်း တယ်လို့ သင်ထားခံရပါတယ်။ အကြောက်တရားကို သင်ထားမိပြီး လူကြီးက မဟုတ်တာ ခိုင်းတတ်မှန်း ကလေးကို မသင်ထားမိပါဘူး။ အဲဒီမှာ ကလေးက နားမလည်တော့ လူမြင်ကွယ် ရာအခန်းထဲ တစ်ယောက်တည်း လာခိုင်း လည်း သွားရပါတယ်။ ကိုင်ပွတ်ထိ တွေ့လည်း ခံရပါတယ်။ ဘယ်သူကိုမှ ပြန်မပြောနဲ့ဆိုလည်း နားထောင်ရပါ တော့တယ်။ ဒါ ကြောင့် လူကြီးတိုင်းကို ကြောက်ရွံ့ ရိုသေဖို့၊ လူကြီးပြောတိုင်း လုပ်ဖို့ကလေးတွေ ကို သင်ထားပေးခြင်း ဟာ အန္တရာယ်များ ပါတယ်။

သူတို့ကို အနီးကပ်ပြုစုပြီး ယုံကြည် အားကိုးလို့ရတဲ့ အဖေအမေ၊ အစ်ကိုအစ်မ၊ ဆရာမ၊ အဖိုးအဖွားတို့ရဲ့ စကားတွေကို တော့ နားထောင်သင့်ကြောင်း၊ ဒါပေမယ့် ကိုယ့်ကို အနိုင်ကျင့်လာတဲ့သူ၊ ထိခိုက်နာ ကျင်အောင် လုပ်လာနိုင်တဲ့ ဘယ်လူကြီး ကိုမဆို သူတို့နဲ့ ဝေးဝေးနေဖို့၊ သူတို့ စကား နားထောင်ဖို့ မလိုဘူးဆိုတဲ့အ ကြောင်း၊ ကြောက်စရာမလိုကြောင်း ပြော ပြထားရပါမယ်။ ကိုယ့်မိသားစုအဝန်း အဝိုင်းထဲက ဘယ်သူ့ကို ယုံကြည်လို့ ရနိုင်တယ်၊ ဘယ်သူ့စကားနားထောင်သင့်တယ်ဆိုတာကလေးနဲ့ တိုင်ပင် ဆွေးနွေးထားသင့်ပါတယ်။ သူတို့ရဲ့ အလိုလိုသိစိတ်ကနေ ပြောလာတဲ့ ဘယ်သူ့ ကိုတော့ဖြင့် မကြိုက်ဘူးဆိုတာကို လက်ခံနားထောင်ပေးရပါမယ်။ ဘာကြောင့် မကြိုက်တဲ့ အကြောင်းရင်းကို နားလည် အောင် မိဘတွေ ကြိုးစားသင့်ပါတယ်။

၃။ လိမ္မာရမယ်၊ ယဉ်ကျေးရမယ်၊ မ အော်ရဘူး။
အချိန်တိုင်း အမြဲတိုင်း လိမ္မာရမယ်၊ ယဉ်ကျေးရမယ်လို့ သင်ထားတာကလည်း ကလေးတွေရဲ့ အန္တရာယ်အခြေအနေ ကနေ လွတ်မြောက်နိုင်အောင် ရုန်းထွက် စေမယ့် အလိုလို သိစိတ်ကို ချိုးနှိမ်မိပါ တယ်။ ဘယ်လို အခြေအနေမှာပဲဖြစ်ဖြစ် စိတ်ထဲမှာ သက်သောင့်သက်သာ မရှိဘူး။ ကိုယ့်ကို နာကျင်ထိခိုက်လာ တော့မယ်လို့ စိတ်ထဲမှာ ထင်နေရင် အော်ဟစ်အကူအညီ တောင်းရမယ်။ မသိတဲ့ သူစိမ်းတစ်ယောက် က ခင်မင်ရင်းနှီးအောင် စကားလာပြော တာကို ပြန်မပြောဘဲ နေရမယ်။ ကိုယ်နဲ့ သိတဲ့ သူပဲဖြစ်ဖြစ် မသိတဲ့သူပဲဖြစ်ဖြစ် အတင်း ပွေ့ချီဆွဲခေါ်နေရင် အော်ဟစ် ရုန်းကန်ရ မယ်လို့ သင်ထားပေးရပါမယ်။ အဲဒီလို လုပ်တာဟာ ရိုင်းစိုင်းတာ မဟုတ် ဘူးလို့ ပြောပြထားရပါမယ်။

၎။ ကလေးပြောစကား အလေး မထား။

လူကြီးပြောစကားနဲ့ ကလေးပြော စကား ဘယ်သူ့စကား အလေးသာပါ့ မလဲ။ က လေးထင်တာ ပြောလာရင်လည်း ဘာလို့ အဲလိုပြောတာလဲဆိုတာ မိဘတွေ က နားလည်အောင် မကြိုးစားဘဲ “မဟုတ် တာမပြောနဲ့၊ ပေါက်ကရ”ဆိုပြီး တား မြစ်တယ်။ ဒီတော့ ကလေးတွေက သူတို့ သိတာ၊ ထင်မြင်တာတွေကို ထုတ်ဖော် ပြောပြဖို့ ဝန်လေးနေတတ်ကြပါ တော့ တယ်။ သူတို့ကို တစ်ယောက်ယောက် က လူမမြင်ကွယ်ရာမှာ စော်ကားတာ ခံရရင်၊ ဒါမှမဟုတ် တခုခုနာကျင် အောင် လုပ်ခဲ့ရင် တောင်မှထုတ်ပြောဖို့ ယုံကြည် မှု မရှိတော့တဲ့အထိ ဖြစ်လာ နိုင်ပါတယ်။ “သူ ပြောတာကို ဘယ်သူမှ ယုံမှာ မဟုတ် ပါဘူး”ဆိုပြီး မပြောဘဲနေကာ ထပ်ခါ တလဲလဲ အနိုင်ကျင့်ခံရဖွယ်ရှိသလို၊ ထုတ်မပြောတဲ့အတွက် တခြားကလေး တွေလည်း အလားတူ အနိုင်ကျင့်ခံရနိုင် ပါတယ်။

ကလေးတွေဟာ လူသားပဲမို့ တစ်ခါ တစ်ရံ လိမ်ပြောတတ်ပါတယ်။ အဲဒါကို သိနေရင် မဆူဘဲ လိမ်တာကို သိတယ် ဆိုတဲ့ အကြောင်း၊ အမြဲယုံကြည်ချင် ကြောင်း၊ အန္တရာယ်နဲ့တွေ့ချိန် အရေး ကြီးကိစ္စတွေမှာ မယုံမိမှာကို စိုးရိမ် ကြောင်း၊ ဒါကြောင့် အမြဲအမှန်ကိုသာ ပြောပြစေချင်ကြောင်း အားပေးစကား ပြောနိုင်ပါတယ်။

၅။ ဖေဖေမေမေရှိရင် အမြဲလုံခြုံမယ်။

မိဘတွေဟာ ကိုယ့်ကလေးတွေကို နေရာ တိုင်း၊ အချိန်တိုင်း လုံခြုံမှုပေးဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ကလေးတွေ မိဘ မိသားစုနဲ့ အတူရှိနေရုံနဲ့ ရာနှုန်းပြည့် လုံခြုံတယ်လို့လည်း အာမမခံနိုင်ပါဘူး။ ဒါကြောင့် အတူရှိနေချိန်မှာလည်း အန္တရာယ်ရှိကြောင်း မိဘရော ကလေးပါ သိထားသင့်ပါတယ်။ ကလေးစိတ်ထဲ သက်သောင့်သက်သာ မဖြစ်တဲ့သူ သူ့အ နားမှာ ရှိနေလားဆိုတာ သိအောင် လုပ်သင့်ပါတယ်။ ကျွန်မတို့နိုင်ငံမှာ ဘတ်စ်ကားစီးရင်း ကိုယ့်ကလေးငယ်ကို ပေါင်ပေါ်ခေါ်တင်ပေးပြီး ကူညီသလို နဲ့ မတော်မတရားတို့ ထိတဲ့အဖြစ်အပျက် သာဓက ရှိပါတယ်။ ကိုယ်ကတော့ ကိုယ့်ကလေးအနားမှာ ရှိနေပေမယ့် ကိုယ့်ကလေး ဘာဖြစ်နေလဲဆိုတာ မသိ ဘူး ဖြစ်နိုင်ပါတယ်။ နိုင်ငံခြားမှာဆိုရင် လွယ်ကူတဲ့ စကားဝှက်တစ် ခုကလေးကို သင်ထားပေးပြီး လူကြားထဲမှာ ကလေး က အခြေအနေမှန်ကို မပြောရဲတဲ့အခါ အဲဒီစကားဝှက်လေးနဲ့ မိဘကို သူအဆင် မပြေတဲ့အကြောင်း ဆက်သွယ် အသိပေး နိုင်အောင် လုပ်ထားပါတယ်။ ကျွန်မ တို့လည်း (၂) မျိုးသင်ထားပေးဖို့ လိုမယ် ထင်ပါတယ်။ သင်္ကေတတစ်ခု၊ စကားဝှက် တစ်ခုပေါ့။ စကားပြောလို့ မဖြစ်တဲ့ အခြေအနေဆိုရင် သင်္ကေတ သုံးဖို့ပါ။
နိဂုံးအားဖြင့် လိင်စော်ကားခံ ရမှု ကနေ ကာကွယ်ပေးနိုင်တဲ့ ကလေးတွေရဲ့ ထိုးထွင်းသိစိတ်ကို ဖွံ့ဖြိုးစေဖို့ မိဘ တွေ အနေနဲ့ လေ့ကျင့်ကူညီပေးနိုင်မယ့် နည်းလမ်းတွေကို ချုံ့ပြောရရင်တော့

၁) ကလေးတွေရဲ့ ထင်မြင်ပြောဆိုချက် တွေကို အမှားအမှန်မဝေဖန်ဘဲ လွတ် လွတ်လပ်လပ် အပြန်အလှန်ဆွေးနွေး ပေးပါ။
၂) ကလေးတွေ အလိုလိုသိစိတ်နဲ့ ပြော လာတဲ့ အရာပေါ်မှာလည်း ချဲ့ကားခြင်း၊ ချုံ့ခြင်း မလုပ်ဘဲ ပြောတဲ့အတိုင်းသာ နားလည်လက်ခံပေးပါ။
၃) သူတို့ အလိုလိုသိလာတဲ့အရာတစ်ခု အပေါ် ဘယ်လိုတုံ့ပြန်ရမလဲ (အော်ရမ လား၊ ပြေးရမလား၊ ငြင်းဆိုရမလား၊ အချက်ပြရမလား)ဆိုတာ လေ့ကျင့်သင် ကြား ပြောပြထားပါ။
၎) ကလေးပြောစကား အမြဲ အလေးထား နားထောင်ပေးပါ။ နားလည်အောင် ကြိုး စားပါ။ စိတ်သက်သာမှု၊ လုံခြုံမှုမရှိတဲ့ အခြေအနေကနေ ရုန်းထွက်နိုင်အောင်ကူ ညီပေးပါ။
၅) ကလေးပြောတာ၊ ကလေးသိတာဟာ အမှန်ဆိုတာ ယုံကြည်ပေးကြောင်းနှင့် အမြဲ အမှန်အတိုင်းပြောပြဖို့ တွန်းအား ပေးပါ။
၆) အလိုလိုသိစိတ်က ကိုယ့်ကလေး ရဲ့အား သာချက်ဖြစ်လို့ အဲဒီလိုအဖြစ် မျိုးကြုံလာတိုင်း ဒါကိုသာဓက တစ်ခု အနေနဲ့ သူ့ အားသာချက်ဖြစ်ကြောင်း၊ သူလုပ်နိုင်ခဲ့ ကြောင်း ပြောပြပေးပါ။ သူ့အလိုလိုသိစိတ်က ပြောတာကို သူကိုယ်တိုင် ယုံကြည်စေဖို့ တွန်းအား ပေးပါ။ ဒါဟာ ကျွန်မတို့ကလေးတွေရဲ့ ဘ၀တလျှောက် မှန်ကန်စွာ သိရှိဆုံးဖြတ် တတ်တဲ့စွမ်းရည်ကို တိုးတက်စေပါ တယ်။

ကိုးကား

How we kill children’s intuition

10 Ways to Cultivate Your Child’s Intuition


www.naturalawakeningsmag.com/Natural-Awakenings/September-2009/Children-rsquos-Intuition/
လူးလူ