ရှေ့သို့ ထားဝယ်

0
436

ထားဝယ်က အခုတော့ လှုပ်လှုပ်ရှား ရှား ဖြစ်လို့။
ထားဝယ်အမျိုးသားညီလာခံတွေနဲ့ တို့ချစ်တဲ့ ထားဝယ်ပွဲတော်တွေနဲ့။
ထားဝယ်အမျိုးသားညီလာခံကို ထားဝယ်သမိုင်းမှာ ပထမဆုံး အကြိမ် အဖြစ် သမိုင်းဝင်ကျင်းပနိုင်ခဲ့တယ်။ ထားဝယ်အမျိုးသားနေ့လည်း သတ်မှတ် ဖြစ်လိုက်ပြီ။ တံဆိပ်တွေ၊ အလံတွေလည်း သတ်မှတ်လိုက်ပြီ။

ထားဝယ်အမျိုးသားနေ့ကို ထားဝယ် အမျိုးသားညီလာခံ ပထမဆုံးအကြိမ် အောင်မြင်ပြီးမြောက်အောင် လုပ်ဆောင် နိုင်တဲ့ နတ်တော်လဆန်း ၁ ရက်နေ့ကို သတ်မှတ်ထားလိုက်ပါတယ်။ အဲဒီ အထိ ဘာမှ သိပ်ပြီး ဇောဒက တက်ဖွယ်ရာမရှိ။
ထားဝယ်အမျိုးသားနေ့ဆိုတာ ဘယ်လိုမျိုးရက်ကို သတ်မှတ်ကြမလဲ အမျိုးမျိုးရှိတာကိုး။ ထားဝယ်သမိုင်း တစ်လျှောက် မင်းနေပြည်တော်တွေ အသီးသီးတည်ခဲ့ကြပေမဲ့ မြို့တည် ခုနှစ်တွေသာ ရှိတယ်။ မြို့တည်ရက် တွေကို မှတ်မှတ်သိသိ မှတ်ကျောက်တင် ထားတာမျိုး ရှိမှ မရှိဘဲကိုး။

နောက်ပြီး ထားဝယ်နဲ့ ပတ်သက်တဲ့ အခြားမှတ်မှတ်ရရ သမိုင်းဝင်နေ့တွေ လည်း ရှားရှားပါးပါးကိုး။ ထားဝယ် သမိုင်းပညာရှင်တွေကလည်း အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သိပ်ပြီး နှိုက်နှိုက်ချွတ် ချွတ်ဖော်ထုတ်တာ သိပ်မတွေ့ရတော့ ထားတော့။ ဒါကြောင့် အမျိုးသားညီလာခံ ပြီးမြောက်တဲ့ ရက်ကို သတ်မှတ်တာ အတော်ကို ငြင်းရခက်တဲ့ ကိစ္စ။
ဒီထက်ကောင်းတဲ့ သမိုင်းဝင်နေ့ကို လိုချင်နေကြပေမဲ့လည်း (သမိုင်းဝင် အဖြစ်အပျက်တွေ ရှိသော်လည်း) ရက်စွဲ က ရှာရ ခပ်ခက်ခက်ကိုး။
ဒါကြောင့် နတ်တော်လဆန်း ၁ ရက်နေ့က ငြင်းရခက်ပြီးပေါ့။

အလံကတော့ သိပ်ပြီးတော့လည်း ဗမောင်းမှာ ပြောစရာမရှိလှ။ အလံ သဘောသဘာဝကိုသိပ်ပြီး နားမလည် တာကြောင့်လည်း ပါမှာပါ။
ဒါပေမဲ့ ပြောစရာကိစ္စက တံဆိပ်မှာ ရှိလာတယ်။
အလံမှာပါတဲ့ တံဆိပ်ပုံစံကိုယူ အဝါရောင်စက်ဝိုင်းမှာ ထားဝယ် အမည် ကိုထည့်၊ နောက်ပြီး ၁၃၇၉ ခုနှစ်ဆိုတာကို ထည့်လိုက်တယ်။
ဟဲ့ ပလုတ်တုတ်။

၁၃၇၉ ခုနှစ်ဆိုတာ ဘယ်နှစ်ပါ လိမ့်။
၁၃၇၉ ခုနှစ်ဆိုတာ မြန်မာ သက္ကရာဇ်။ ခရစ်နှစ် ၂၀၁၇ ခုနှစ်ကြီးပဲ။ ဒါဆိုဒီနှစ် ပေါ့။ တံဆိပ်မှာပါတဲ့ ခုနှစ်ကိုတွေ့တော့ ဒါကြောင့်လည်း အချို့လူတွေ ရွဲ့ပြီး ပြောကြတာကိုး။ ထားဝယ်မြို့ကို ၁၃၇၉ ခုနှစ်မှာ တည်တယ်ဆိုပြီး။
ပထမဆုံး ထားဝယ် အမျိုးသား ညီလာခံ ပြီးမြောက်ခဲ့တဲ့ ရက်ကို ထားဝယ်အမျိုးသားနေ့အဖြစ် သတ်မှတ် ခဲ့တာ မပြောလိုပေမဲ့ ၁၃၇၉ ကို ဘာလို့ ထားဝယ်အမျိုးသား တံဆိပ်မှာ သတ်မှတ် လဲဆိုတာ သိပ်ပြီး ဥာဏ်မမီဘူးရယ်။

ထားဝယ်သမိုင်းပညာရှင်တွေ ပြောကြတာရှိတယ်။ ထားဝယ်ဆိုတာ ပုဂံထက်စောသတဲ့။ ပုဂံကို အေဒီ ၈၄၉ ခုနှစ်မှာ တည်ခဲ့တာပါ။ ထားဝယ်မြို့ ဟောင်း သာဂရ (ယခု မြို့ဟောင်းရွာ) ကို အေဒီ ၇၅၁/၇၆၁ မှာ တည်ခဲ့တယ်လို့ သမိုင်းတွေမှာ ဖော်ပြထားပါတယ်။ တကယ်တော့ သာဂရမြို့ဟောင်းဆိုတာ ထားဝယ်လူမျိုးတွေ နောက်ပိုင်းမှာမှ တည်ခဲ့တဲ့ မြို့ဟောင်း တစ်ခုလို့တောင် ပြောနိုင်ပါတယ်။ ပြောချင်တာကတော့ ပုဂံ တည်ထက်စောတယ်လို့ဆိုနိုင်တဲ့ သာဂရမြို့ဟောင်းထက် ပိုစောတဲ့ မြို့ဟောင်းတွေတောင် ရှိသေးတာကိုး။ ဘယ်လိုပဲ ဖြစ်ဖြစ် သာဂရက ပုဂံထက် ၉၈ နှစ် စောတယ်လို့ မှတ်တမ်းအချို့မှာ တွေ့ရပါတယ်။ ဒီတော့ နှစ် ၁၀၀ နီးနီး ပေါ့။ သာဂရပြီးနောက်မှာတော့ အခု ထားဝယ်မြို့ဖြစ်နေတဲ့ နေရာမှာ နောက် ဆုံး နေပြည်တော် အခြေစိုက်ခဲ့တာကိုး။

အခု ထားဝယ်မြို့နေရာကတော့ ထားဝယ်မင်းတွေရဲ့ နောက်ဆုံး နေပြည်တော်ပါပဲ။ အလောင်းဘုရား ထိုင်းကို စစ်ချီလာချိန်မှာ ထားဝယ်မြို့ တည် မင်းနဲလှ ကြွေလွင့်ခဲ့ရတယ်လို့ သမိုင်းပညာရှင်တွေက အတိအလင်း မှတ်တမ်းတင်ထားတာကိုး။
ဆိုတော့ ပြောချင်တာက ထားဝယ် အမျိုးသား တံဆိပ်မှာ ဒီနှစ် ၁၃၇၉ လို့ ထည့်သွင်း အတည်ပြုမဲ့အစား ထားဝယ် လူမျိုးတွေရဲ့ မြို့ဟောင်းကို အနီးစပ်ဆုံး မှတ်တမ်းတင်ထားနိုင်တဲ့ သာဂရမြို့တည် အေဒီ ၇၅၁/၇၆၁ ဆိုတာကို ထည့်သွင်း အတည်ပြုလိုက်ရင် ဘာဖြစ်သွားမှာ မို့လို့လဲ။
စဉ်းစားကြည့်ကြဖို့ပါ။

နောက်ပြီး အခုကျင်းပပြီးစီးသွားတဲ့ ထားဝယ် အမျိုးသားညီလာခံဟာ ထားဝယ်အားလုံးကို ကိုယ်စားမပြုဘူးလို့ ဝေဖန်နေကြတာတွေ့ရပါတယ်။
မှန်ပါတယ်။ ပထမအကြိမ်လုပ်တဲ့ ညီလာခံမှာ အားလုံးကို ကိုယ်စားပြုဖို့ အခက်အခဲအမျိုးမျိုး ရှိကြမှာပါ။ ဒါပေမဲ့ အဲဒါနဲ့ ပတ်သက်ပြီး ညီလာခံ တာဝန်ရှိ သူတွေဘာမှ ကျယ်ကျယ်ပြန့်ပြန့် ဖြေရှင်းတာမျိုး သိပ်မတွေ့ရဘူး။

ဗမောင်းက ဘယ်လိုပဲ ဖြစ်ဖြစ် ညီလာခံ ဖြစ်မြောက်အောင်လုပ်ခဲ့၊ ကြိုးပမ်းခဲ့တဲ့ လူပုဂ္ဂိုလ်၊ သံဃာတော် တွေအားလုံးကို ဦးညွတ်တယ်။
အခြားတစ်ဖက်မှာလည်း အားလုံး ကို ကိုယ်စားမပြုနိုင်ဘူးဆိုတဲ့ အခြေ အနေကို ကိုယ်တိုင်ဝန်ခံပြီး ဖြစ်သွားတဲ့ အခြေအနေ အရပ်ရပ်ကို အားလုံး နားလည်လက်ခံလာအောင် ရှင်းပြသင့် တယ်ထင်ပါတယ်။ နောက်ပိုင်း ညီလာခံ တွေမှာ ဖြစ်နိုင်သမျှ အားလုံးပါဝင်အောင် ဘယ်လို လုပ်ဆောင်မလဲဆိုတာ ရှင်းလင်း တင်ပြသင့်ပါတယ်။
ဒါမှသာ တစ်စုံတစ်ရာ အသိ အမှတ်ပြုမှုရမှာပါ။ ဘာပဲ လုပ်လုပ် ဒီလို ခေတ်ကြီးမှာ တော့ ဝေဖန်ခံရတာ၊ အခြေအတင် အငြင်းအခုံ ဖြစ်တာတွေ ရှိမှာပါပဲ။ ဒါကို လက်ခံပြီး ကိုယ့်ကို နားမလည် သေးသူတွေ လက်ခံလာအောင် တနည်း နည်းလုပ်နိုင်မှ Legitimacy ရှိမှာပါ။
နောက်သိပ်မကြာပါဘူး တို့ချစ်တဲ့ ထားဝယ် ပွဲတော်ဆိုပြီး ကျင်းပပါတယ်။ အဲဒီမှာ ထားဝယ်ရိုးရာ အကအလှတွေ၊ ထားဝယ်ရိုးရာ အဝတ်အစားပုံစံတွေ၊ အစားအစာတွေဖော်ထုတ် ဆင်ယင် ကျွေးမွေးတာ တွေ့ရပါတယ်။

ဒါဟာလည်း ထားဝယ်အမျိုးသား ညီလာခံလိုပဲ ထူးထူးခြားခြား ဒီနှစ်မှာမှ စတင်ကျင်းပလာတာ ဖြစ်ပါတယ်။
ထားဝယ်အချို့က ဝေဖန်တာတွေ့ရ ပါတယ်။ ထားဝယ်ပွဲတော်ဆိုပြီး ထိုင်း တွေ (ထိုင်းအကတွေ၊ ယဉ်ကျေးမှုတွေ) ဘာလို့ ပါနေရတာလဲတဲ့။
သိပ်ကောင်းတဲ့ ဝေဖန်ချက်ပါပဲ။

အဲလို ပြောတဲ့သူတွေကို ကျေးဇူး တင်ရမယ်။ ဒါမှ ဝေဖန်စောကြော သုံး သပ်လို့ရမှာကိုး။
သိသလောက်ပြောရရင် တို့ချစ်တဲ့ ထားဝယ် ပွဲတော်ဆိုတာ မနှစ်က ထိုင်း နိုင်ငံမြို့တော် ဘန်ကောက်မှာ ကျင်းပခဲ့ တာပါ။ ဒီနှစ်မှ ထားဝယ်ရောက်လာတာ ပါ။ ဒီနှစ်ပွဲတော်ကိုလည်း ထားဝယ်နဲ့ ထိုင်းက လူမှုအဖွဲ့အစည်းတွေ ပေါင်းပြီး ကျင်းပကြတာပါ။
ထားဝယ်ပွဲတော်ဆိုတာထက် ထိုင်းနဲ့ ထားဝယ်ယဉ်ကျေးမှု ဖလှယ်တဲ့ ပွဲတော်ဆိုရင် ပိုမှန်ကောင်းမှန်ပါလိမ့် မယ်။ ထားတော့။ ဒီပွဲကို စောနကပြောတဲ့ ထားဝယ်နဲ့ ထိုင်းက လူမှုအဖွဲ့အစည်း တွေ၊ ထားဝယ်ဒေသက လုပ်ငန်းတွေ ရန်ပုံငွေရှာပြီး ကျင်းပတာကိုတွေ့ရ တယ်။
ပြန်ကြည့်လိုက်တော့ ထားဝယ် အမျိုးသားညီလာခံလည်း အတူတူပါပဲ။ ထားဝယ်ဒေသခံတွေဆီကနေပြီး အလှူ ခံကျင်းပတာ ဖြစ်တယ်လို့ သိရတယ်။
ဒီတော့ အစိုးရ အခန်းကဏ္ဍက ဘာပါပါလဲ။

အချို့သတင်းတွေမှာ တွေ့ရတယ်။ မွန်အမျိုးသားနေ့ကျင်းပဖို့ အစိုးရ ဘတ်ဂျက် ဘယ်လောက်ချပေးတယ် ဆိုတာတွေ။ ဆလုံလူမျိုးတွေ ထိန်း သိမ်းဖို့အတွက် အစိုးရရံပုံငွေ ဘယ်လို လျာထားတယ်ဆိုတာတွေ။
မုဒိတာထားဖို့ ကောင်းပါတယ်။
ဒါပေမဲ့ ထားဝယ်လူမျိုးတွေ ညီလာခံကျင်းပဖို့၊ ထားဝယ်လူမျိုးတွေ ယဉ်ကျေးမှု ဖော်ထုတ်ပြီး ပွဲတော်တွေ ကျင်းပဖို့ အစိုးရရံပုံငွေ ဘာလို့ မရှိရ တာလဲ။ ဒါမှမဟုတ် မကြားဖူးရတာလဲ။
ထားဝယ်ယဉ်ကျေးမှုပွဲတော်ဆိုပြီး ပြီးခဲ့တဲ့ သုံးလေးနှစ်က ကော့သောင်းမှာ ကျင်းပခဲ့သေးတယ်။ အဲဒါလည်း ကော့သောင်းရောက် ထားဝယ်တွေ ပေါင်းပြီးလုပ်တာလို့ သိရတယ်။
ဆိုတော့ အစိုးရမှာ ဘာလို့ ထားဝယ် အတွက် ဘတ်ဂျက်မရှိရတာလဲ။

ထားဝယ်အမျိုးသားညီလာခံမှာ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ တက်ရောက်ပြီး မိန့်ခွန်းပြောခဲ့တာ တွေ့တယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးတစ်ပါးလည်း တက်တာတွေ့ ရတယ်။ တို့ချစ်တဲ့ ထားဝယ်ပွဲတော် မှာတော့ ဘယ်အစိုးရ ဒါမှမဟုတ် လွှတ် တော် တာဝန်ရှိသူက တက်ရောက်မယ်ဆို တာ မသိရသေး။
ဒီလိုမျိုး ပွဲတွေကို အစိုးရ ဒါမှ မဟုတ် လွှတ်တော်တာဝန်ရှိသူတွေ တက်ရောက်ပြီး နိုင်ငံရေးအရ အသိ အမှတ်ပြုတာ ကောင်းတဲ့အချက်ပါ။

အခြားတစ်ဖက်မှာလည်း ဒီလိုအမျိုး သားရေးဆိုင်ရာ ပွဲတော်တွေ ကျင်းပဖို့ နိုင်ငံရေးအရ ကတိကဝတ် ပြုထားချက်၊ ဘတ်ဂျက်လျာထားချက် ဘယ်လို ရှိမလဲ သိလိုလှတယ်။
ဒီလိုမျိုး ထားဝယ်လူမျိုး ဖြစ်တည် ရေး၊ ယဉ်ကျေးမှုနဲ့ အမျိုးသားရေး လက္ခ ဏာတွေ ထိန်းသိမ်းရေး အရေးကြီးတဲ့ ပွဲတော်တွေ ကျင်းပဖို့ အစိုးရ အထောက် အပံ့ရရေးဘယ်လိုလုပ်ကြမလဲ သိချင်လှ တယ်။ လွှတ်တော် ဥက္ကဋ္ဌလိုမျိုးက ဒါမှမဟုတ် အစိုးရ အဖွဲ့ဝင်ဝန်ကြီး တစ်ဦးဦးက ဒီလိုမျိုး အထောက်အပံ့ရရေး သတ္တိရှိရှိ တင်ပြတောင်းဆို ဆုံးဖြတ်မလဲ သိလိုလှတယ်။
ဒီလို ပုံမှန်ဘတ်ဂျက်ရရှိရေး ညီလာခံ ကျင်းပခဲတဲ့ တာဝန်ရှိသူတွေ၊ ပွဲတော် ကျင်းပခဲ့တဲ့ တာဝန်ရှိသူတွေကကော နောက်နှစ်တွေမှာ အစိုးရနဲ့ လွှတ်တော် ကို ဘယ်လိုမျိုး တွန်းတွန်းတိုက်တိုက် တောင်းဆိုကြမလဲ သိလိုလှတယ်။

ဒါမှ ထားဝယ်အရေး ရှေ့သို့ တည်တံ့ ခိုင်မြဲစွာ ခရီးဆက်နိုင်မယ် မဟုတ်လား။
ဗမောင်: