မောင်းမကန်ကမ်းခြေတွင် HIV/AIDS အခမဲ့ သွေးဖောက်စစ်ဆေးပေး

0
628

ဒီဇင်ဘာလ ၁ ရက်တွင် ကျရောက် သည့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက် ရောဂါ(HIV/AIDS) တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ် အခမဲ့ သွေးဖောက် စစ်ဆေးခြင်းကို မောင်းမကန် ကမ်းခြေ တွင် ပြုလုပ်ခဲ့သည်။
အနာဂတ်အလင်းရောင်အဖွဲ့၊ နယ် စည်းမထားဆရာဝန်များ အဖွဲ့နှင့် ပြည် ကြီးခင် အဖွဲ့တို့က သွေးဖောက်စစ်ဆေး ခန်း သုံးခန်းဖွင့်ကာ စစ်ဆေးပေးခဲ့ ကြောင်း အနာဂတ် အလင်းရောင်အဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ထွန်းက ပြောသည်။

“သွေးဖောက် စစ်ဆေးပေးတာ လုပ်လာတာကတော့ ဒီနှစ်ပါဆို သုံးနှစ် လောက်ပဲရှိသေးတယ်” ဟု ဦးဇော်ထွန်း က ဆိုသည်။
ယင်းကဲ့သို့လုပ်ဆောင်ပေးခြင်း ဖြင့် လူထုအတွင်း ခုခံအား ကျဆင်းမှု ဆိုင်ရာကျန်းမာရေး ဗဟုသုတများ ကျယ်ပြန့်စွာ သိရှိလာနိုင်ခြင်း၊ ယင်း ရောဂါ ကူးစက်မှုများ လျော့ကျလာနိုင်ခြင်း၊ ရောဂါကူးစက် ခံရသူများကို ခွဲခြား ဆက်ဆံမှု ကင်းဝေးလာစေရန် ရည်ရွယ် ပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

အခမဲ့ သွေးဖောက် စစ်ဆေးခြင်း အပြင် ခုခံအား ကျဆင်းမှုနှင့် သက်ဆိုင် သည့် ကျန်းမာရေး အသိပညာပေး ဓာတ်ပုံပြခန်းများ ပြသခြင်း၊ ဖျော်ဖြေရေး အစီစဉ်များ၊ (HIV/AIDS) ဆိုင်ရာ အမေးအဖြေ ပြိုင်ပွဲများ၊ လက်ကမ်း စာစောင်နှင့် ကွန်ဒုံးများ ဖြန့်ဝေခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ဦးဇော်ထွန်းက ပြောသည်။
ယင်းပွဲကို အနာဂါတ်အလင်းရောင် အဖွဲ့က ဦးဆောင်ကာ ကျန်းမာရေးဌာန၊ ဒေသအတွင်း (HIV/AIDS) ကူးစက် ရောဂါတိုက်ဖျက်ရေး လုပ်ဆောင်နေသည့် အဖွဲ့များ ပူးပေါင်းပြုလုပ်ခြင်း ဖြစ်သည်။