မလေးရှားပို့မည့် တရားမဝင်သစ် တန် ၁၆၀ ခန့်ဖမ်းမိ

0
375

တနင်္သာရီတိုင်းဒေသကြီးပိုင်နက် ပင်လယ်ပြင်တွင် တစ်ပတ်အတွင်း သစ် တန် ၁၆၀ ခန့် ဖမ်းမိခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
နိုဝင်ဘာလ ၁၅ ရက်န့က ကော့သောင်းမြို့နယ် မြန်မာ့ပင်လယ် ပြင်တွင် ပိတောက်မာ သစ်ခွဲသား တန် ၁၀၀ ခန့် တင်ဆောင်လာသည့် စက်လှေ တစ်စီးကို ဖမ်းမိခဲ့ပြီး နိုဝင်ဘာလ ၂၀ ရက်နေ့တွင်မူ ရေဖြူမြို့နယ် ဟိဇ္ဇဲဘုတ် ကျွန်းအနီး ပင်လယ်ပြင်တွင် သစ်တန် ၆၀ ခန့် တင်လာသည့် စက်လှေတစ်စီးကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ တရားမဝင်သစ်များကို မွန်ပြည်နယ် ချောင်းဆုံမြို့နယ်နှင့် ဇင်းကျိုက်မြို့နယ်တို့မှ မလေးရှားနိုင်ငံ၊ ပီနန်ဆိပ်ကမ်းသို့ ပို့ဆောင်ရန် သယ် ဆောင် လာကြခြင်းဖြစ်ကြောင်း တိုင်းရဲ တပ်ဖွဲ့နှင့် ကော့သောင်းမြို့မရဲစခန်းထံမှ သိရသည်။
ယင်းလှေများကို တပ်မတော်(ရေ) ၏ စစ်ရေယာဉ်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဖမ်းမိထားသည့် သစ်များ၏တန် ဖိုးမှာ ကျပ်သိန်း ၁၀၀၀ ခန့် ရှိကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။
တရားမဝင်သစ်များနှင့်အတူ ဖမ်းမိသူ ၂၃ ဦးကို ကော့သောင်းမြို့မ ရဲစခန်းနှင့် ကံပေါက်နယ်မြေ ရဲစခန်း တွင် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။