ဘိုးတော်ဘုရားရဲ့ ရွှေဂူစေတီ

0
1165

ခရစ် ၁၇၈၃ ခုနှစ်မှာ ဘိုးတော် ဘုရား (ဗဒုံမင်း)ရဲ့အမိန့်နဲ့ နိုင်ငံနဲ့အဝှမ်း ရွှေဂူစေတီတွေ တည်ထားကိုးကွယ်စေ ခဲ့တယ်လို့ ကုန်းဘောင်ဆက် မဟာရာဇ ဝင်တော်ကြီးမှာ ဖော်ပြပါရှိပါတယ်။ တည်ထားကိုးကွယ်စေခဲ့တဲ့ ဂူဘုရား ပေါင်း ၂၃၀ ဆူဖြစ်ပြီး မြို့တစ်မြို့မှာ တစ်ဆူကျစီ တည်ထားကိုးကွယ်ခဲ့တယ် လို့ ဆိုပါတယ်။
ကုန်းဘောင်ခေတ် မဟာရာဇဝင် တော်ကြီးမှာ ဖော်ပြထားချက်အရ ဘိုးတော် ဘုရားရဲ့ ကောင်းမှုတော်ဂူဘုရား တည်ခဲ့ တဲ့ မြို့စာရင်းမှာ တနင်္သာရီတိုင်းထဲက ထားဝယ်မြို့နဲ့ မြိတ်မြို့တို့ ပါဝင်နေတာ ကို တွေ့ရပါတယ်။

ဘိုးတော်ဘုရားအမိန့်နဲ့ နိုင်ငံအနှံ့ တည် ခဲ့တယ်ဆိုတဲ့ ရွှေဂူစေတီတွေကို အရမ်းပဲ စိတ်ဝင်စားနေမိပါတယ်။ အထူး သဖြင့် ထားဝယ်မြို့မှာ တည်ထားခဲ့တယ် ဆိုတဲ့ ရွှေဂူစေတီကိုပါ။ ထားဝယ်ဒေသက ရှေးဟောင်းစေတီတွေ အကြောင်းရေး ထားတဲ့စာတွေကိုလည်း လက်လှမ်းမီ သလောက် ရှာဖတ်ဖြစ်ပါတယ်။ ဒါပေမဲ့ ရွှေဂူစေတီနဲ့ ပက်သက်တဲ့ အထောက် အထားကို ဖတ်မိတဲ့စာအုပ်တွေမှာ မတွေ့ရပါဘူး။ မျက်မြင်အားဖြင့် တွေ့ရ သလောက်တော့ ထားဝယ်ဒေသမှာ မြန်မာပြည်အလယ်ပိုင်းမှာလို ဂူခံပြီး တည်ထားတဲ့ ရှေးဟောင်းစေတီတွေ မတွေ့ဖူးဘဲ မြေစိုက်စေတီတွေသာ တွေ့ ရများပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ထားဝယ်မှာ မှတ်တမ်းအရ ကုန်းဘောင် ခေတ်လယ် လောက်က တည်ထားခဲ့တယ် ဆိုတဲ့ ရွှေဂူစေတီကို ရှာနေမိပါတယ်။

ထားဝယ်မြို့မြောင်းပုလဲရပ်ကွက် ကမြောကင်းလမ်းတစ်နေရာမှာ အရှေ့ ဘက်ကို မျက်နှာလှည့်ပြီး အနောက်ကို သွယ်ဝင်သွားတဲ့ စောင်းတန်းစောင်းကြီး တစ်ခုကို သတိပြုမိကြမှာပါ။ စောင်း တန်းထိပ်ရဲ့ တစ်ဖက်တစ်ချက်မှာ ခြင်္သေ့ နှစ်ကောင်နဲ့ ခြံရံထားတာကိုလည်း တွေ့နိုင်ပါတယ်။
စောင်းတန်းကြီးက အိုဟောင်းနေ ပါပြီ။ ပြင်ဆင်မွမ်းမံထားတဲ့ ပုံစံမျိုးလည်း မ တွေ့ရပါဘူး။ ဒါ့အပြင် အနီးနားပတ် ဝန်းကျင် အနေအထားကလည်း သစ်ပင် တွေနဲ့ ခပ်ရှုပ်ရှုပ်မို့ ထားဝယ်မြို့ရဲ့ အဓိ က လမ်းတစ်လမ်းပေါ်က အဲဒီစောင်းတန်း ကြီးရှိနေတဲ့ နေရာကို သတိမပြုမိကြဘူးဆို ပါတော့။ စောင်းတန်းဟာ အထဲမှာရှိနေ နိုင်တဲ့ ဘုရားသိမ်တစ်ခုနဲ့သွယ်ထားတာ ဖြစ်မယ်လို့တော့ သာမန်အားဖြင့်ထင်ထား မိတာပါ။ ထားဝယ်မြို့ပေါ် လာတဲ့အခါ တိုင်း အဲဒီစောင်းတန်းအရှေ့ကနေ ဖြတ် သွားဖြတ်လာ လုပ်နေပေမဲ့ အထဲကိုတော့ တစ်ခါမှ မဝင်ဖြစ်ပါဘူး။
စောင်းတန်းကြီး မြောက်ဘက်မှာ ကပ်လျက်မှာတော့ ရွှေဂူကျောင်းရှိတယ်။

တလောက ထားဝယ်ကို ပြန်ဖြစ် တော့ ကျောင်းထဲကို ဝင်ရောက်လေ့လာ ဖြစ်ပါတယ်။ ကျောင်းဝင်းထဲကို ရောက် တဲ့အခါမှာ ရေညှိတွေစွဲနေတဲ့ အရိုးအိုး စေတီလေးကို ဓာတ်ပုံရိုက်ဖြစ်ပါတယ်။ အရိုးအိုးစေတီကို ဓာတ်ပုံရိုက်နေတုန်းမှာ ပဲ အတွင်းဘက်မှာ စေတီတစ်ဆူရှိနေသေး တာကို သတိပြုမိလိုက်တာပါ။ စေတီက မြင်နေကျ ပုံစံနဲ့ကွဲပါတယ်။ အောက်မှာ အုတ်တိုက်ခံ(ဂူခံ) ထားပြီး အပေါ်မှာ စေတီပေါက်ထားတာ ဖြစ်ပါတယ်။ စော စောကပြောတဲ့ အုတ်စောင်းတန်းဟောင်း ကြီးဆိုတာကလည်း အဲဒီဂူခံစေတီရဲ့ အရှေ့ဘက် မုခ်ကနေထွက်လာတဲ့ စောင်း တန်းတစ်ခုဖြစ်တယ်ဆိုတာကို သိလိုက် ရပါတယ်။

ရွှေဂူကျောင်းဝင်းထဲ ရောက်နေတဲ့ ကျွန်တော်က ကပ်လျက်ရှိနေတဲ့ စောင်းတန်း အလယ်လောက်ကနေ ဖြတ်ဝင်ပြီး တစ် ခါမှ မရောက်ဖြစ်တဲ့ ဘုရားသိမ်ရှိရာဆီကို ဝင်ကြည့် ဖြစ်ပါတယ်။ စောင်းတန်းအဆုံး (အနောက်ဘက်ထိပ်)မှာ ဇရပ်ရင်ကွဲလေး တစ်ခုခံနေသေးပြီး အဲဒီနောက်မှာ တစ် ဆက်တည်းရှိနေတဲ့ ဘုရားသိမ်ကြီးကို တွေ့လိုက်ရတာပါ။ သိမ်တံခါးကို သော့ ပိတ်ထားတာမို့ အပြင်ကနေပဲ အတွင်း ဘက်ကို လှမ်းကြည့်ရပါတယ်။ သိမ်ထဲ က အနောက်ဘက်နံရံမှာရှိနေတဲ့ မုခ်ပေါက် အသေးလေးတစ်ခုကို ခြံရံပြီး တစ်ဖက် တစ်ချက်မှာ ထိုင်တော်မူတစ်ဆူစီနဲ့ ရပ်တော်မူတစ်ဆူစီ တည်ရှိနေတာကို ဖူးတွေ့ရတာပါ။ ထိုင်တော်မူနှစ်ဆူက အတွင်းဘက်ကျပြီး ရပ်တော်မူနှစ်ဆူက အပြင်ဘက်ကျပါတယ်။

ရပ်တော်မူနှစ်ဆူနဲ့ ထိုင်တော်မူနှစ်ဆူ အ ကြား အလယ်တည့်တည့်မှာရှိနေတဲ့ မုခ် ဦးတစ်ခုကိုလည်း သတိပြုမိပါတယ်။ မုခ်ဦးထဲကို လှမ်းကြည့်မိတော့ အထဲမှာ ဆင်းတုတော် တစ်ဆူရှိနေသေးတာကို လှမ်းပြီး ဖူးတွေ့ရတာပါ။ ဒါဆိုအထဲမှာ စေတီရဲ့ အလယ်မဏ္ဍိုင်ကို ဗဟိုပြုထား တဲ့ ဂူပတ်လမ်းတစ်ခု ရှိနေသေးတာပေါ့။စောစောက ရွှေဂူကျောင်းဝင်းထဲကနေ တစ်စွန်းတစ်စမြင်နေရတဲ့ စေတီကလည်း လှိဏ်ဂူပတ်လမ်းရှိတဲ့ ဒီအုတ်တိုက် (ဂူ) ပေါ်မှာ ပေါက်ထားတဲ့ စေတီဖြစ်မယ်ဆို တာ သဘောပေါက်ရပါတယ်။
သေချာပါပြီ။ အခုကျွန်တော် ရောက် နေတဲ့နေရာဟာ ဂူခံပြီး အပေါ်မှာ စေတီ တင်ထားတဲ့ ဂူဘုရားတစ်ဆူ ဖြစ်ပါတယ်။ ဒီဘုရားကို ရွှေဂူစေတီလို့ အရပ်ကခေါ် နေကြတယ်ဆိုတာကိုလည်း အခုသိလိုက် ရတာပါ။ ဟုတ်တာပေါ့။

နံဘေးမှာရှိတဲ့ ဘုန်းကြီးကျောင်းက လည်း ဒီရွှေဂူဘုရားကို အကြောင်းပြုပြီး ရွှေဂူကျောင်းလို့ အမည်တွင်လာတာ ဖြစ်မှာပါပဲ။ ဒါကို ဘာဖြစ်လို့ အစက သတိမပြုမိတာပါလိမ့်။ တကယ်ဆို အစော ကြီး ကတည်းက သတိပြုမိသင့်တာပါ။ ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်နေမိရင်းက တစ်ဖက်မှာလည်း အခုရောက်နေတဲ့ ရွှေဂူ စေတီဟာ ကျွန်တော်ရှာနေတဲ့ ဘိုးတော် ဘုရားကောင်းမှုတော် ရွှေဂူစေတီဖြစ်နေ မလားဆိုတဲ့အတွေးက ချက်ချင်းကို ဝင် လာပါတော့တယ်။

ကျွန်တော်တွေးထင်တာတွေ သေချာ အောင်လို့ စေတီတစ်ဆူလုံးကို ခြုံငုံပြီး မြင်နိုင်ဖို့ သိမ်အပြင်ဘက်ကို ထွက်ပြီး ပတ်ကြည့်ဖြစ်ပါတယ်။ အပြင်ဘက် ထွက်ကြည့်တော့လည်း ဂူခံထားတဲ့ မူလ စေတီကို ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရ ပါဘူး။ အခုလက်ရှိ အနေထားအရ ဘုရားဂူရဲ့ လေးဘက်လေးမျက်နှာမှာ နောက်ပိုင်း ကုသိုလ်ရှင်တွေက ဘုရားဂူ နဲ့ကပ်ပြီး တန်ဆောင်းကြီးတွေကို စနစ် တကျ မဟုတ်ဘဲ သဒ္ဒါပေါက်ရင် ပေါက် သလို ချဲ့ထွင်ဆောက်လုပ်ထားကြတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့လည်း အပေါ် ပိုင်း လေးသာပေါ်နေပြီး ဒီစေတီကို ဂူဘုရားမှန်း မသိသာဘဲ ဖြစ်နေတော့တာ ပါ။ အဲဒီအချိန်မှာ ကံကောင်းထောက်မ စွာပဲ ဂေါပကလူကြီးတစ်ယောက်နဲ့ တွေ့ခွင့်ရပြီး တံခါးတွေ ဖွင့်ပေးတာနဲ့ ဂူထဲကို ဝင်လေ့လာခွင့်ရခဲ့ပါတယ်။ ပထမ ဆုံးတောင် ဘက်မုခ်ကနေဝင်ခဲ့တာပါ။ ဂူထဲကို ဝင်တဲ့မုခ်ဦးဟာ လူတစ်ရပ်နီးပါး လောက်သာရှိတာမို့ ငုံ့လျှိုပြီး ဝင်ရပါ တယ်။ ဒါဟာ ရှေးဟောင်း ဘုရားတွေရဲ့ ထုံးစံပါပဲ။

နှစ်တွေကြာလာတာနဲ့ အမျှ မြေပြင်မြင့်တက်လာပြီး မြေပြင်မြင့်တက် လာတဲ့အတိုင်း နောက်ပိုင်းအလှူရှင် တွေက အောက်ခင်းပြင်တွေ ခင်းလိုက်တဲ့ အခါ မုခ်ပေါက်တွေက ခပ်ဝပ်ဝပ်သာ ကျန်နေတော့တာ ဖြစ်ပါတယ်။
မုခ်အတွင်းမှာ ထိုင်တော်မူဆင်းတု တော်လေးတစ်ဆူ ကိန်းဝပ်နေတာကို တွေ့ရပါတယ်။ ဆင်းတုတော်လေးက အမရပူရ ခေတ်လက်ရာပါပဲ။ ပြုပြင်ထား ပေမယ့်လည်း မူလလက်ရာအတိုင်း နီးပါး တွေ့နေရသေးလို့ စိတ်ချမ်းသာရ ပါတယ်။

ဆင်းတုတော်လေးရဲ့ လက်ဝဲလက်ယာ မှာ ဂူဘုရားတွေရဲ့ ထုံးစံအတိုင်းအတွင်း ဂူ ပတ်လမ်းတွေရှိနေတာကို လိုက်ရ တာပါ။ ဂူပတ်လမ်းအတိုင်း လက်ဝဲ ဘက်ခြမ်းကို ပတ်သွားတဲ့အခါမှာ အရှေ့မုခ်ရဲ့အတွင်းဘက်မှာ ဖူးတွေ့နေ ရတဲ့ ဆင်းတု တော်လေးဆီ (အရှေ့ဘက်ဂူ မုခ်ပေါက်)ကို ရောက်ပါတယ်။ အဲဒီအရှေ့ ဘက်မုခ်ကနေ အပြင်ကို ထွက်လိုက်ရင် စောစောက တင်ပြခဲ့တဲ့ ရပ်တော်မူတွေနဲ့ ထိုင်တော်မူ ဆင်းတုတော်တွေ ကိန်း ဝပ်ရာ ဘုရားသိမ်ထဲကို ရောက်ပါတယ်။ အခုမှပဲ အပြင်ကနေ ချောင်းကြည့်နေရတဲ့ ထိုင်တော်မူနှစ်ဆူနဲ့ ရပ်တော်မူနှစ်ဆူကို သေသေချာချာ ဖူးတွေ့ရတော့တာပါ။

ရပ်တော်မူနှစ်ဆူက သာမန်အားဖြင့် ကြည့်ရင်တောင်မှ ရှေးခေတ်ဆင်းတုတော် တွေဖြစ်တယ်ဆိုတာ သဘောပေါက်မိ ပါတယ်။ လက်ရာမြောက်လှတဲ့ မှန်စီရွှေ ချ အင်္ဂတေတံကဲတွေက အနောက်မှာပါ နေသေးတာမို့ ရပ်တော်မူနှစ်ဆူစလုံးပိုပြီး သပ္ပာယ်နေသလို ဖြစ်နေတော့တာပါ။ ရပ်တော်မူရဲ့ဟန်တွေက ထားဝယ်၊ တနင်္သာရီနဲ့ မြိတ်တို့ဘက်မှာ တွေ့ရ လေ့ရှိတဲ့ ရှေးဟောင်းရပ်တော်မူတွေရဲ့ဟန်တွေအတိုင်းပါပဲ။ ဆင်းတုတော်မှာ အရင်ခေတ် လက်ရာမှန်း သိသာစေတဲ့ မှန်ကင်းတော်ပါရှိပြီး ခါးစည်းပါတဲ့ သင်္ကန်းတော်ကို ဆင်းမြန်းထားသေးတာပါ။ ဒီလိုခါးစည်းပါတဲ့ သင်္ကန်းတော်ပုံစံဟာ ယိုးဒယားဘက်က ကူးစက်လာတဲ့ ယဉ်ကျေးမှု လက်ရာတစ်ရပ် ဖြစ်နိုင်တယ်လို့ တချို့ ပညာရှင်တွေက ယူဆကြပါတယ်။
လက်ရှိအနေထားအရ ဒီရပ်တော်မူ နှစ်ဆူကို ပြုပြင်ထားတာ ပေါ်လွင်နေ ပေမယ့်လည်း မူလလက်ရာ သိပ်မပျက်စီး သေးဘူးလို့ ဆိုရမှာပါ။ မြောက်ဘက် ရပ်တော်မူက သင်္ကန်းတော်မှာ မူလ အနေထားအတိုင်း အရစ်လေးတွေပေါ် နေသေးတာကို ထူးထူးခြားခြား တွေ့ခဲ့ ပါတယ်။ ထိုင်တော်မူ နှစ်ဆူကတော့ မူလလက်ရာမှန်းလို့ မရတော့ပါဘူး။

ဂူပတ်လမ်းထဲကို ပြန်ဝင်လာပြီး ရှေ့ဆက် သွားလိုက်တော့ ဂူရဲ့မြောက် ဘက်မုခ်ပေါက်ကို ရောက်ပါတယ်။ မြောက်ဘက်မုခ်မှာလည်း ထိုင်တော်မူ ဆင်းတုတော်အ လတ်တစ်ဆူနဲ့ ရပ်တော် မူနှစ်ဆူကို ဖူးတွေ့ရပါတယ်။ အရှေ့မုခ် အတွင်းမှာရှိနေတဲ့ ဆင်းတုတော်ရော မြောက်ဘက် မုခ်မှာရှိနေတဲ့ ဆင်းတု တော်ရောက ပြုပြင်မှုတွေ များလွန်းလို့ မူလလက်ရာတွေ တော်တော်များများ ပျက်ကုန်ပါပြီ။ ဒါပေမယ့်လည်း မူလဆင်းတု တော်ရဲ့ဟန် ပန်ကျောရိုးကိုတော့ မှန်း ကြည့်လို့ရနေ သေးတာပါ။

ဂူဘုရားတစ်ဆူမှာ အနည်းဆုံးမုခ် ပေါက်လေးခု ရှိရပါတယ်။ ပြီးတော့ အတွင်းဂူပတ်လမ်းဟာလည်း လေးဘက် လေးမျက်နှာစလုံး ပတ်ပတ်လည် ပေါက် နေရမှာပါ။ အခုတော့ ဒီဂူဘုရားမှာ မုခ်ပေါက် သုံးခုသာရှိပြီး အတွင်းဂူပတ်လမ်းက လည်းသုံး မျက်နှာပဲပေါက်နေပါတယ်။ ဂူဘုရားရဲ့ အနောက်ဘက်မျက်နှာက ဂူပတ်လမ်း တစ်ခုလုံးကိုအင်္ဂတေနဲ့ အသေပိတ်ထား ခြင်းဖြစ်ပါတယ်။ မူလ စေတီတည်စတုန်းကတော့ ဂူပတ်လမ်း ပတ်ပတ်လည်အကုန်လုံး ပွင့်နေမှာပါ။ နောက်ပိုင်းကျမှ ဘာဖြစ်လို့ အခုလို ပိတ်ထားခဲ့ရတာလဲဆိုတာ အတော်ပဲ တွေးရခက်ပါတယ်။

ဂေါပကအဖွဲ့ဝင် ဦးသန်းရှိန်ပြောပုံ အရဆိုရင်လည်း မူလက ဂူပတ်လမ်း ပတ်ပတ်လည်ပွင့်လျက်ရှိနေပြီး နောက်ပိုင်း (ကိုလိုနီခေတ်)ကျမှ ပိတ်ပစ်လိုက်တာ ဖြစ်ကြောင်း သိမီသူများထံမှ သိရှိရ တယ်လို့ ဆိုပါတယ်။ ဒီစေတီကြီးက ရှေးဟောင်း ဆင်းတုတော်တွေကို လုံခြုံမှု ရှိစေဖို့ ဂူတွင်း ပတ်လမ်းထဲမှာ ထည့်သွင်းပြီး အသေပိတ်လိုက်ရတာပါတဲ့။ ဒါကြောင့် အနောက်ဘက် ဂူပတ်လမ်း တစ်မျက်နှာစာ ပိတ်နေတာဖြစ်ကြောင်း သူကြားဖူးနားဝရှိတဲ့အတိုင်း ဦးသန်းရှိန်က ပြောပြပါတယ်။ အတိအကျ အမှန်ဖြစ်မယ်လို့တော့ မဆိုနိုင်ပါဘူ။

အခုတွေ့ရသလောက်အနေထားကို ထောင့်ချင့်ပြီး ထားဝယ်မြို့ရဲ့ ဘိုးတော်ဘုရားကောင်းမှုတော် ရွှေဂူစေတီဟာ ဒီစေတီဖြစ်မယ်လို့ ၉၀ ရာခိုင်နှုန်းလောက် သေချာနေပြီလို့ ဆိုချင်ပါတယ်။ မုခ်သုံးခုမှာ တွေ့နေရတဲ့ ဆင်းတုတော်တွေကလည်း ဘိုးတော်ဘုရားလက်ထက် (အမရပူရခေတ်)မှာ ပြုလုပ်လေ့ရှိတဲ့ ဟန်ပန်အတိုင်းပဲ ဖြစ်ပါတယ်။ တောင်ဘက်မုခ်က ဆင်းတုတော်လေးဆိုရင် ပိုပြီး ထင်ရှားပါတယ်။ အရှေ့မုခ်အပြင်ဘက် ဘုရားသိမ်ထဲက ရပ်တော်မူနှစ်ဆူဆိုရင်လည်း ဒေသဟန်ရော စွက်နေတာကလွဲရင် အမရပူရခေတ် လက်ရာအတိုင်းပဲလို့ ဆိုချင်ပါတယ်။ ဂေါပကလူကြီးက ဦးစိုးမြင့် မှတ်တမ်းတင်ထား တယ်ဆိုတဲ့ ရွှေဂူဘုရားရာဇဝင်လက်ရေး မူစာရွက်လေးကို ထုတ်ပြပါတယ်။ အဲဒီမှတ်တမ်းမှာလည်း ကျွန်တော်သိထားခဲ့တဲ့ ရွှေဂူဘုရားသမိုင်း အဓိကအချက်တွေကိုပဲ ထည့်ရေးထားတာပါ။ ဒီရွှေဂူစေတီဟာ အေဒီ ၁၇၈၃ မှာ ဘိုးတော်ဘုရားအမိန့်နဲ့ နိုင်ငံနဲ့အဝှမ်းတည်ထားကိုးကွယ်ခဲ့တဲ့ ရွှေဂူစေတီတွေထဲက တစ်ဆူအပါအဝင်ဖြစ်တဲ့အကြောင်းနဲ့ တခြားအချက်လက်တွေကို ဖော်ပြထားတာဖြစ်ပါတယ်။ အဲဒီလက်ရေးမူ ရာဇဝင်အကြောင်းအရာလေးကို ဖတ်ရတဲ့အခါ ကျွန်တော့် ယူဆချက်ဟာလည်း ပိုပြီး ခိုင်မာလာပါတော့တာပါ။

တကယ်တော့ ထားဝယ်မြို့ပေါ်မှာတည်ရှိနေတဲ့ ရွှေဂူစေတီဟာ အခုလက်ရှိ အခြေအနေထက် အများ ကြီး တိုးတက်သင့်ပါတယ်။ ဒီဒေသမှာ တိကျခိုင်မာတဲ့ သမိုင်းမရှိဘဲ ပုံပြင်ဆန်ဆန် ရာဇဝင် အကြောင်းတွေနဲ့ ဆက်စပ်ပြီး လူသိများနေတဲ့ တချို့ဘုရားတွေနဲ့စာရင်သမိုင်း အထင်အရှားရှိတဲ့ ရွှေဂူစေတီဟာ တကယ့်ကို ထင်ထင်ရှားရှားနဲ့ ရှိနေသင့်တာပါ။ အခုက ထားဝယ်မြို့မှာတည်ရှိနေတဲ့ ရွှေဂူစေတီဆိုတာ တခြား ဒေသက ဧည့်သည်မဆိုထားနဲ့ ကိုယ့်ဒေသခံတွေတောင်မှ သိပ်ပြီး မသိခဲ့ကြပါဘူး။ ထားဝယ်မြို့က ရွှေဂူစေတီဟာ သမိုင်းကြောင်း အတိအကျရှိတဲ့ စေတီတစ်ဆူလို့ ဆိုနိုင်ပါတယ်။ ဘုန်းတော်ဘုရားဟာ နိုင်ငံရေးအရ သူ့ပိုင်နက်မြေတွေမှာ ဂူဘုရားတွေတည်ခဲ့တာမို့ သူတည်ခဲ့တဲ့ ရွှေဂူစေတီတိုင်းဟာလည်း နိုင်ငံ့သမိုင်းအတွက် အရမ်းကိုအရေးပါ နေပါတယ်။ နိုင်ငံတော် ပြည့်ရှင်မင်း တစ်ပါးရဲ့ကောင်း မှုကုသိုလ်တော် စေတီတစ်ဆူ ကိုယ့်ဒေသမှာ တည်ရှိနေတယ်ဆိုတာ သိပ်ကိုဂုဏ်ယူစရာကောင်းတဲ့ သမိုင်းကြောင်း တစ်ခုကို ပိုင်ဆိုင်ခွင့်ရထားတယ်လို့ မြင်ပါတယ်။

ဒါကြောင့်မို့ ထားဝယ်မြို့ပေါ်က သမိုင်းကြောင်းကြီးမားတဲ့ ရွှေဂူစေတီကြီး ထင်ရှားလာစေဖို့နဲ့ လူတွေသတိပြုမိစေဖို့ အထူးအလေးထားပြီး ဆောင်ရွက်သင့်နေပြီလို့ ဆိုချင်ပါတယ်။
ကိုယ့်မြို့ကိုယ့်ဒေသရဲ့ ဂုဏ်ကျက်သရေဆောင် ရွှေဂူစေတီကြီး ရေရှည်တည်မြဲနေစေဖို့လည်း ဝိုင်းဝန်း ထိန်းသိမ်းရမှာပါ။ ကျွန်တ်ာတို့ ထားဝယ်သားတိုင်းမှာ တာဝန်ရှိပါတယ်။
ရနောင် (ဒွယ်)