မကျီးကျွန်းကျေးရွာတွင် အခြေခံပညာမူလတန်းကျောင်း ယာယီဆောင် ဆောက်လုပ်ပေးမည်

0
457

ကျွန်းစုမြို့နယ် မကျီးကျွန်းကျေးရွာ တွင် အခြေခံပညာမူလတန်းကျောင်း ယာယီဆောင် ဆောက်လုပ်ပေးမည် ဖြစ်ကြောင်း သိရသည်။
ယင်းယာယီဆောင်ကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် သာမန်အသုံးစရိတ် ရန်ပုံငွေခေါင်းစဉ်အောက်မှ အလျားပေ ၆၀ အနံ ပေ ၃၀ ယာယီဆောင်ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပညာရေး ဒု-ဝန်ကြီး ဦးဝင်းမော်ထွန်း က ပြောကြားခဲ့သည်။

ကျွန်းစုမြို့နယ် လွှတ်တော်ကိုယ် စားလှယ် ဒေါ်တင်တင်ရီက နိုဝင်ဘာလ ၁၇ ရက်နေ့က ပြုလုပ်သည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ကျွန်းစု မြို့နယ်အတွင်းရှိ ကျောင်းဆောင်အသစ် ၂ ဆောင်အား ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် စပ်လျဉ်း၍ မေးမြန်း ခဲ့ရာ ပညာရေး ဒုဝန်ကြီးက အထက်ပါ အတိုင်း ဖြေဆိုခဲ့ခြင်းသည်။
လက်ရှိ မကျီးကျွန်းကျေးရွာ ကိုယ့် အားကိုယ်ကိုး အခြေခံပညာမူလတန်း ကျောင်းမှာ ပေ ၂၀ ပေ ၃၀ ရှိ ဓနိဖက် အမိုး ယိုင်ကာ စာသင်ဆောင်မှာ နှစ် ပေါင်း ၃၀ ကျော်သက်တမ်းရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီ က ပြောပြသည်။

မကျီးကျွန်းရွာ စာသင်ကျောင်းတွင် ကျောင်းသား/သူ ဦးရေ ၁၂၃ ဦး ရှိ ကြောင်း ဒေါ်တင်တင်ရီက ဆိုသည်။
ကျွန်းစုမြို့နယ်တွင် ကျေးရွာအုပ်စု ၂၄ အုပ်စု ကျေးရွာပေါင်း ၁၆၀ ကျော် တို့တွင် စုစုပေါင်း စာသင်ကျောင်း ၁၆၂ ကျောင်းရှိကြောင်း ယင်းမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။