အသစ်ဖွင့်မည် FDA ရုံးတွင် အစားအသောက်နှင့် ဆေးဝါးအချို့ ဓာတ်ခွဲစစ်နိုင်မည်

0
473

ထားဝယ်မြို့တွင် အသစ်ဖွင့်မည့် ရုံးတွင် ဓာတ်ခွဲခန်း ပါဝင်မည်ဖြစ်သည့် အတွက် အစားအသောက်နှင့် ဆေးဝါး အချို့ကို ဓာတ်ခွဲ စစ်ဆေးနိုင်မည်ဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)ထံမှ သိရသည်။
လာမည့် ဒီဇင်ဘာလ နှောင်းပိုင်း တွင် ဖွင့်လှစ်မည်ဖြစ်ပြီး အစား အသောက်များတွင် ဖော်မလင်၊ ဓာတု တာရှည်ခံ ဆိုးဆေး ပါမပါနှင့် ဆေးဝါး ၅၇ မျိုးကို သတ်မှတ် စံချိန်မီမမီ စစ်ဆေး နိုင်မည်ဖြစ်ကြောင်း FDA တိုင်း ဒေသကြီး တာဝန်ခံက ဆိုသည်။

“ပစ္စည်းတွေတော့ ရှိနေပြီ၊ ဓာတ်ခွဲ နဲ့ဆိုင်တဲ့ ပညာရှင်တွေ ရမယ်ဆိုရင် ပိုလုပ်နိုင်မယ်”ဟု FDA တိုင်းဒေသကြီး တာဝန်ခံ ဒေါက်တာဟိန်းမင်းထက် အောင်က ဆိုသည်။
လက်ရှိတွင် ဝန်ထမ်းအင်အား နည်းပါးနေသည့်အတွက် အစား အသောက်တွင် ပါဝင်သည့် ဓာတုဆိုး ဆေး၊ တာရှည်ခံဆေးများကို တစ်လလျှင် ၃ မျိုးခန့်သာ စစ်ဆေးနိုင်မည်ဖြစ်ပြီး ဓာတ် ခွဲဝန်ထမ်းများ ခန့်ထားပေးပါက အခြားပစ္စည်း ၁၀ မျိုးခန့်အထိ စစ် ဆေးနိုင်မည်ဟု ၎င်းက ဆိုသည်။
ရုံးအသစ်ကို ထားဝယ်မြို့ ဆန်းချီ အနောက် တိုးချဲ့ရပ်ကွက်၊ စိန်ပန်းပြာ လမ်းတွင် ဖွင့်လှစ်မည် ဖြစ်သည်။

အစားအစာစားပြီး ယင်းအစာ ကြောင့် ဘေးထွက်ဆိုးကျိုး ခံရသည်ဟု ထင်မြင်ယူဆသူနှင့် အလှကုန်ပစ္စည်း သုံးပြီး အရေပြား ဆိုးကျိုးခံစားရသည် ယူဆသူများအနေဖြင့် FDA ရုံးသစ်တွင် လာရောက် တိုင်ကြားနိုင်ကြောင်း ၎င်းက ပြောသည်။
“လက်ရှိ ထားဝယ်မှာ အစား အသောက်နဲ့ ပတ်သက်ရင် ထိထိမိမိ လုပ်တာ သိပ်မတွေ့ရသလိုပဲ၊ ဓာတ်ခွဲ ခန်းရှိလာရင် ပိုလုပ်နိုင်မယ် ထင်တယ်” ဟု ထားဝယ်မြို့ ဇရစ်ရပ်ကွက်နေ မမီးယုမွန်က ဆိုသည်။

လက်ရှိတွင် တိုင်းအတွင်း ထိုင်း နိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ တရားမဝင် တင်သွင်းလာသည့် အစားအသောက်နှင့် အလှကုန်ပစ္စည်း အများစုကို သုံးစွဲ ရောင်းဝယ်မှု များပြားလျက်ရှိပြီး စိစစ် ကြပ်မတ်နိုင်မှု အားနည်းလျက်ရှိသည်။